menu

Thursday 20 February 2014

အငှားယာဉ်မောင်းနှင့် ခရီးသည်ကို ပြိုင်ကားငါးစီးပေါ်က လူငယ်များ ရိုက်နှက်မှု သဲလွန်စတွေ့ရှိ

ဓါတ်ပုံ - Yangon Police
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် လွန်ခဲ့သောသုံးရက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က စူပါရုဗင် ခရီးသည်တင် ယာဉ်တစ်စီးကို ပြိုင်ကားငါးစီး ပိတ်ဆို့ကာ ပြိုင်ကားပေါ်မှ လူငယ်များက ယာဉ်မောင်းနှင့် ခရီးသည်ကို ဘေ့စ်ဘောတုတ်ဖြင့် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ သံသယရှိသော ပြိုင်ကားတစ်စီးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက် ၄ နာရီခန့်က မရမ်းကုန်းမြို့နယ်တွင် တွေ့ရှိထားကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ပြိုင်ကားမှာ Nissan FAIRLADY Z အမျိုးအစား အဖြူရောင်ယာဉ် ဖြစ်ပြီး လမ်းပေါ်တွင် လူမရှိဘဲ အချိန်ကြာ ရပ်နားထားကြောင်း၊ အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ ဆက်စပ်သတင်းများအရ သံသယဖြစ်ဖွယ် အဆိုပါ ပြိုင်ကားကို ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားပြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော သံသယရှိသူ အသက် ၂၁ နှစ်အရွယ် လူငယ်နှစ်ဦးကို စုံစမ်းရရှိထားကြောင်း လှိုင်မြို့မရဲစခန်းထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က စူပါရုဗင် အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းမှာ ခရီးသည် အမျိုးသားသုံးဦးကို မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်း အတိုင်း မောင်းလာစဉ် ၇ မိုင်ကားမှတ်တိုင်တွင် ညာဘက်ပလက်ဖောင်း ဘေးရပ်ထားသော ဟွန်ဒါစီဗစ်ယာဉ်ကို ကျော်တက် မောင်းနှင်ခဲ့ကြောင်း၊ လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် ပြိုင်ကားတစ်စီးက ကျော်တက်ကာ အဆိုပါ ခရီးသည်ယာဉ်ရှေ့ ပိတ်ရပ်မှုကြောင့် ခရီးသည်တင်ယာဉ်က ထပ်မံကျော်တက်ရန်ပြုစဉ် ဟွန်ဒါစီဗစ်ယာဉ်က ဘေးဘက်က ပိတ်ရပ်ခဲ့ရာ ဆက်မောင်း၍ မရတော့သဖြင့် ရပ်တန့်ခဲ့ကြောင်း လှိုင်မြို့မရဲစခန်းထံမှ သိရှိရသည်။


ထိုကဲ့သို့ ဖြစ်ပွားနေစဉ် ပြိုင်ကားနှစ်စီး ထပ်မံရောက်ရှိလာပြီး အငှားယာဉ်ကို စုစုပေါင်း ပြိုင်ကားငါးစီးက ပိတ်ဆို့ဝိုင်းထားသဖြင့် အငှားယာဉ်မောင်းက ယာဉ်ပေါ်မှဆင်းကာ တောင်းပန်စဉ် ပြိုင်ကားပေါ်မှ အသက် ၂၀ ဝန်းကျင်ခန့်ရှိသော လူငယ်ငါးဦးက ဘေ့စ်ဘောတုတ်များ၊ အုတ်ခဲများဖြင့် အငှားယာဉ်မောင်းနှင့် ခရီးသည်ကို ဝိုင်းရိုက်ပြီး အငှားယာဉ်ပါ ရိုက်နှက်ဖျက်ဆီးကာ ပြိုင်ကားများကို မောင်းနှင်ထွက်ခွာ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ရန်ငြိုးရန်စမရှိဘဲ ဝိုင်းရိုက်ခံရတာကိုလည်း အံ့သြတယ်၊ ကျွန်တော့်ကားလည်း ပျက်စီးနေပြီ။ တစ်နေ့ရှာမှ တစ်နေ့စားရတာ။ အမှုကို အမြန်ဆုံးလည်း ဖော်ထုတ်ပေးစေချင်တယ်။ နောက်ထပ် တက္ကစီ မောင်းဖို့တောင် မစဉ်းစားရဲတော့ဘူး” ဟု ရိုက်နှက်ခံရသူ အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်း ကိုသက်ဇင်ဝင်းက ပြောကြားသည်။

ဟွန်ဒါစီဗစ် အမျိုးအစား ပြိုင်ကားနှစ်စီး အပါအဝင် စုစုပေါင်း ပြိုင်ကားငါးစီးမှ လူငယ်ငါးဦး ရိုက်နှက်စဉ် အငှားယာဉ်ပေါ်ပါ ခရီးသည် အမျိုးသားသုံးဦးအနက် နှစ်ဦးထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ယာဉ်အတွင်း ကျန်ခဲ့သော အသက် ၂၆ နှစ်အရွယ်ကို အင်ထိတ်ကြန်နှင့် ယာဉ်မောင်း ကိုသက်ဇင်ဝင်းတို့ နှစ်ဦးတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ ရရှိကာ အငှားယာဉ်ဘော်ဒီနှင့် ရှေ့နောက် လေကာမှန်တို့ ကွဲအက် ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ပြည်လမ်းမကြီးပေါ်တွင် ညနက်ချိန်အုပ်စုဖွဲ့ ပြိုင်ကားမောင်းနှင်ကာ ခရီးသည်တင် အငှားယာဉ်ကို ဝိုင်းရိုက်ခဲ့သော ပြိုင်ကားမောင်းသူ လူငယ်တစ်စုကို (ပ) ၇၆/၁၄၊ ပုဒ်မ ၄၄၀/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း လှိုင်မြို့မရဲစခန်းထံမှ သိရှိရသည်။

လတ်တလောတွင် ပြိုင်ကားပေါ်မှ လူငယ်အချို့ ရိုက်နှက်မှုနှင့် ပတ်သက်၍ အမှုဖွင့်လှစ်သူကို ခေါ်ယူစစ်ဆေးခြင်း၊ ဓာတ်ပုံ၊ မြေပုံများကို မှတ်တမ်းတင်ခြင်း၊ ပြစ်မှုကျူးလွန်သူ၊ သက်သေခံ ပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် အမာခံ သတင်းပေးများနှင့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်းကာ အမှုအမြန် ပေါ်ပေါက်စေရန် အပူတပြင်းစုံစမ်းလျက် ရှိကြောင်း အဆိုပါအမှုကို ကိုင်တွယ်စစ်ဆေးသည့် ရဲအရာရှိက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis