menu

Monday 27 January 2014

သတင်းစာများ အရှုံးခံထုတ်ဝေနေသော သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအတွက် အပါအ၀င် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ပြန်ကြားရေး ၀န်ကြီးဌာနက ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ကျပ် ၃၆ ဘီလျံကျော် တောင်းခံမှုအပေါ် ဝေဖန်မှုများရှိနေ

Photo: သတင်းစာများ အရှုံးခံထုတ်ဝေနေသော သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအတွက် အပါအ၀င် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ပြန်ကြားရေး ၀န်ကြီးဌာနက ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ကျပ် ၃၆ ဘီလျံကျော် တောင်းခံမှုအပေါ် ဝေဖန်မှုများရှိနေ

လာမည့် ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းစာများ အရှုံးခံထုတ်ဝေနေသော သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအတွက် ကျပ် ၃ ဘီလျံကျော် အပါအဝင် ငွေလုံးငွေရင်း အသုံးစရိတ် ၃၆ ဒသမ ၅၆၆ ဘီလျံ တောင်းခံခဲ့ခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းစာဆရာများနှင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

၂ဝ၁၄-၂ဝ၁၅ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးမှ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က လာရောက်တောင်းခံခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က “ကျွန်တော်တို့အနေနဲ့ ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံပိုင်အခန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ရသုံးခန့်မှန်းခြေအနေနဲ့ တင်ပြအပ်ပါတယ်။ စုစုပေါင်း ဆောက်လုပ်ရေးနဲ့ပတ်သက်လို့ ၂ ဒသမ ၃၇၈ ဘီလျံ၊ စက်ပစ္စည်းနဲ့ ပတ်သက်လို့ ၃၂ ဒသမ ၇၃၅ ဘီလျံ၊ အခြားဝန်ဆောင်မှု လုပ်ငန်းများနဲ့ ပတ်သက်လို့ ၁ ဒသမ ၄၅၃ ဘီလျံ၊ စုစုပေါင်း ၃၆ ဒသမ ၅၆၆ ဘီလျံသုံးစွဲဖို့ တင်ပြထားပါတယ်။ မနှစ်က ခွင့်ပြုပေးခဲ့တာက ၄၁ ဒသမ ၆၈၆ ဘီလျံဖြစ်တဲ့အတွက် ဒီနှစ်မှာ ၅ ဒသမ ၁၁၉ ဘီလျံလျော့နည်း တင်ပြပါတယ်။ ယခုကဲ့သို့ လျော့နည်းတင်ပြပေမယ့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေဖြင့် ဖြစ်နိုင်သမျှ ရောင်စုံသတင်းစာများ ထုတ်ဝေရန်၊ မြန်မာဘာသာအပြင် တိုင်းရင်းဘာသာစကားဖြင့် ထုတ်ဝေနိုင်ရန်၊ News Light of Myanmar သတင်းစာကို အရွယ်အစား ပြောင်းလဲရန်၊ အာဆီယံ အစည်းအဝေး ၃ဝဝ ကျော်မှ သတင်းရယူရာတွင် ဌာနမှ ဦးစီးလုပ်ကိုင်ရန် စီမံကိန်းများရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသွားသည်။

ပြီးခဲ့သော ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်ကလည်း ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၄၁ ဒသမ ၆၈၆ ဘီလျံ အပါအဝင် ကျပ် ၈၂ ဒသမ ဝဝ၂ ဘီလျံကျော် သုံးစွဲခွင့်ရခဲ့သည်။ အဆိုပါ ကျပ် ၈၂ ဘီလျံကျော်တွင် ကျပ် ၂၉ ဘီလျံသာ ဝင်ငွေအဖြစ် ရှာဖွေနိုင်မည် ဖြစ်သော်လည်း မြန်မာ့ရုပ်ရှင်လုပ်ငန်း ကျဆင်းမှုနှင့် သတင်းစာဈေး လျှော့ရောင်းမှုတို့အတွက် ကျပ် ၅၂ ဘီလျံကျော် အရှုံးခံဆောင်ရွက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

ထိုစဉ်ကလည်း နိုင်ငံပိုင် သတင်းစာများကို အရှုံးခံပြီး တစ်စောင်လျှင် ကျပ်ငါးဆယ်ဖြင့် ရောင်းချနေခြင်းမှာ မရှိသင့်တော့ကြောင်းနှင့် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပေးပြီးသည့်နောက်တွင် နိုင်ငံတော်အတွက် အကျိုးအမြတ်မရှိသည့် လုပ်ငန်းများအား စဉ်းစားရန် လိုပြီဖြစ်ကြောင်းနှင့် အမှန်တကယ် အကျိုးအမြတ်မယူဘဲ ဝန်ဆောင်မှုပေးသင့်သည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင်သာ အဓိကလုပ်ပေးသင့်ကြောင်း ၅၂ ဘီလျံကျော် အရှုံးခံမည့်ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

ယခုလာမည့် ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအတွက် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သုံးဘီလျံကျော် တောင်းခံခြင်းအား လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းစာဆရာကြီးများက ဝေဖန်ခဲ့ကြပြီး ဒီမိုကရေစီ အစိုးရတစ်ရပ်အနေဖြင့် မီဒီယာမှတစ်ဆင့် ဝါဒဖြန့်ရန် ကြိုးပမ်းမှု ရပ်တန့်သင့်ပြီဖြစ်ပြီး လူထု၏ ချွေးနှဲစာ ဘဏ္ဍာငွေများအား အကျိုးရှိသည့်နေရာတွင် သုံးစွဲသင့်ပြီဖြစ်ကြောင်း ပြောကြားကြသည်။

“တောက်လျှောက်ပြောလာတာပဲ။ အစိုးရအနေနဲ့ ပြည်သူ့ဘဏ္ဍာနဲ့ ဝါဒဖြန့်နေတာ မရှိသင့်တော့ဘူးဆိုတာ။ သတင်းစာလွတ်လပ်ခွင့် ပေးထားတယ်ပြောပြီး ပုဂ္ဂလိက သတင်းစာတွေ ခေါင်းမထောင်နိုင်အောင် တစ်ဖက်ဖွင့် တစ်ဖက်ပိတ် လုပ်နေတာလေ။ အခုအစိုးရသတင်းစာတွေမှာ ကြော်ငြာတွေ အများကြီးရနေတာပဲ။ အရှုံးခံထုတ်နေတယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။ ပြည်သူ့ပိုက်ဆံ ဒီလောက်သုံးနေတာဟာ ဒီမိုကရေစီကို အကျိုးပြုဖို့လား အစိုးရကို အကျိုးပြုဖို့လား မေးရတော့မယ်။ ကျွန်တော်တို့ကတော့ အစိုးရသတင်းစာဆိုတာ မရှိသင့်တော့ဘူးမြင်တယ်” ဟု သတင်းစာဆရာကြီး ဖိုးသောကြာ (ခေတ်/မိုး) က ဆိုသည်။

ပုဂ္ဂလိက သတင်းစာများ အပြိုင်အဆိုင် ထွက်လာခြင်းကြောင့် ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ရွေးချယ်ဖတ်ရှုလာနိုင်ပြီဖြစ်ပြီး ယခင်ကဲ့သို့ သတင်းစာနှစ်စောင် အပေါ်တွင်သာ အားထားရသည့်ခေတ် မဟုတ်တော့သောကြောင့် ရောင်းအားကျဆင်းနိုင်သော်လည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ဘတ်ဂျက်တိုးတောင်းခြင်းမှာ ပြည်သူ့ဘဏ္ဍာအား ဖြုန်းတီးခြင်းပင်ဖြစ်ကြောင်းနှင့် အစိုးရသတင်းစာများအား လွတ်လပ်သော ပုဂ္ဂလိက အဖွဲ့အစည်းများအဖြစ် လွှဲပြောင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “အခုအချိန်မှာ သတင်းစာတွေ အများကြီးပေါ်လာပြီ။ အဲဒီအတွက် ပြည်သူတွေက ကောင်းတာတွေကို ရွေးဖတ်ကြမယ်။ အရင်ကလို သတင်းစာနှစ်စောင်ကိုပဲ အားထားရတဲ့ခေတ် မဟုတ်တော့ဘူး။ အဲဒီအတွက် သတင်းစာတွေ ရောင်းအားကျနိုင်တယ်။ အဲဒီလိုအချိန်မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ဘတ်ဂျက်တွေ အများကြီး တောင်းမယ်ဆိုရင် စဉ်းစားစရာဖြစ်တယ်” ဟု ပြောကြားသည်။

အလားတူပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကလည်း “ပြီးခဲ့တဲ့ အာဏာရှင်စနစ်မှာ အစိုးရကထုတ်တဲ့ သတင်းစာတွေကို အစိုးရဲ့ အာဘော်ဖြန့်ဖို့၊ ဝါဒတွေဖြန့်ဖို့ ထုတ်ဝေခဲ့ကြတယ်။ သတင်းစာတွေကို ဝန်ကြီးဌာနက ကိုင်တွယ်ပြီး ပုဂ္ဂလိက မီဒီယာတွေနဲ့အပြိုင် ဆောင်ရွက်နေတာတွေက ဒီမိုကရေစီခေတ်မှာ မရှိသင့်တော့ဘူး။ ဒီမိုကရေစီ တည်ဆောက်နေတဲ့အချိန်မှာ လွတ်လပ်တဲ့ သတင်းစာတွေ များများရှိစေချင်တယ်။ အဲဒီအတွက် အစိုးရက ထုတ်ဝေနေတဲ့ သတင်းစာတွေကို အများပိုင်ပြောင်းတာတွေ၊ လွတ်လပ်တဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကို လွှဲပြောင်းတာတွေ ဆောင်ရွက်သင့်တယ်” ဟု သုံးသပ်ပြောကြားသည်။

ဘတ်ဂျက်ဥပဒေကြမ်းပါ စိစစ်ပြီးစာရင်းများအရ ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလျံ၊ စုစုပေါင်းသုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလျံဖြစ်၍ လိုငွေကျပ် ၂၇၅ဝ ဒသမ ၆၄၅ ဘီလျံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပညာရေး အသုံးစရိတ်အနေဖြင့် ယခင်နှစ်က စုစုပေါင်းအသုံးစရိတ်တွင် ပါဝင်မှုအချိုး ၅ ဒသမ ၄၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းသို့လည်းကောင်း တိုးမြှင့်သုံးစွဲရန်ရှိကြောင်း၊ ကျန်းမာရေး အသုံးစရိတ်အနေဖြင့် ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၃ ဒသမ ၁၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းသို့လည်းကောင်း တိုးမြှင့်သုံးစွဲရန် လျာထားကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်၏ ဘဏ္ဍာငွေအား အဘက်ဘက်မှ စိစစ်နေချိန်တွင် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသော ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများတွင် ဘတ်ဂျက်အား တိုးမြှင့်သုံးစွဲသင့်ပြီး ကျန်မလိုအပ်သော ကဏ္ဍများ၌ ငွေသုံးစွဲမှု ချွေတာသင့်ပြီဖြစ်ကြောင်းလည်း ဝေဖန်မှုများရှိနေသည်။

“အခုလို နိုင်ငံတော်ဘတ်ဂျက်ကနေ သတင်းစာတွေ အဓိကထုတ်ဝေနေတဲ့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအတွက် ကျပ် ငွေ ၃ ဘီလျံအထိ တောင်းတယ်ဆိုတာ များတယ်လို့ယူဆတယ်။ နိုင်ငံတကာမှာ နိုင်ငံတော်ဘတ်ဂျက်ကနေ ငွေယူပြီး အစိုးရသတင်းစာ ထုတ်တယ်ဆိုတာရှားတယ်။ နိုင်ငံတကာမှာ လွတ်လပ်တဲ့ သတင်းစာတွေပဲများတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကဆိုသည်။

“အဘက်ဘက်ကနေ ဘတ်ဂျက်ကို စိစစ်နေတဲ့အချိန်မှာ ဌာနတစ်ခုခုက ပိုတောင်းမိရင် ပိုသုံးမိရင် အဲဒီဌာနရဲ့ တာဝန်ပဲဖြစ်မယ်။ ပြည်သူ့ဘဏ္ဍာ ဖြစ်တဲ့အတွက် ပြည်သူတွေ တကယ်လိုအပ်တဲ့နေရာမှာ မသုံးမိရင် ပြည်သူတွေ နစ်နာမယ်။ အစိုးရအနေနဲ့ ငွေကိုသုံးဖို့ပဲလိုပြီး ဖြုန်းဖို့မလိုပါဘူး။ အခု ၃ ဘီလျံဆိုတဲ့ ပမာဏက ဖြုန်းပစ်တယ်လို့ ထင်စရာဖြစ်နေတယ်။ အခုလိုအချိန်မှာ သတင်းစာဆိုဒ်ပြောင်းတာတို့၊ စောင်ရေတိုးထုတ်တာတို့ထက် ပြည်သူတွေ အမှန်တကယ်သိလို့တဲ့ သတင်းတွေကို ပေးနိုင်ဖို့က အရေးကြီးတာပါ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ (Public Service Media)အဖြစ် ကူးပြောင်းကာ အစိုးရ၏ထောက်ပံ့မှု ကင်းလွတ်သည့် မီဒီယာအဖြစ်ရပ် တည်သွားမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်တွင် ပြည်သူ့ဘဏ္ဍာအား အသုံးပြုပြီး သတင်းထိန်းချုပ်ရေးနှင့် အာဏာရပါတီ ကိုယ်စားပြု အစိုးရဝါဒဖြန့်ချိရေး ယန္တရားအဖြစ်သာ ရပ်တည်နေဆဲဖြစ်သည်ဟု ဝေဖန်ခြင်းများလည်း ရှိနေသည်။

“တကယ်တော့ အာဏာရပါတီက သူ့အကျိုးစီးပွားအတွက် ထုတ်တဲ့သတင်းစာကို လူထုအခွန်ငွေထဲက တောင်းတာပဲ။ အစိုးရသတင်းစာတွေဆိုတာက ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတော့ အစိုးရအာဘော်တွေဆိုတာ ကြံ့ခိုင်ရေးပါတီရဲ့ အာဘော်တွေပဲ။ ဒါက ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်။ ပါတီကုန်ကျစရိတ်နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ သီးခြားသတင်းစာနဲ့ပဲ သတ္တိရှိရှိ ရဲရဲရင့်ရင့် ရိုးရိုးသားသား လုပ်သင့်တယ်။ ကိုယ့်ပါတီရဲ့ အကျိုးကို ဝါဒဖြန့်တာ၊ ကိုယ့်ပါတီ ကောင်းစားရေးအတွက် ပြည်သူလူထုရဲ့ အခွန်အတုတ်တွေကနေ ဒီလောက်ဆင်းရဲမွဲတေနေတဲ့ အချိန်မှာ အမြတ်အစွန်းလည်း မရှိဘဲ မလုပ်သင့်ဘူး။ မယူလည်း မယူသင့်ဘူး။ ယူရင်လည်း တရားမျှတမှုရှိမှာ မဟုတ်ဘူး။ ကျန်တဲ့ပုဂ္ဂလိက သတင်းစာတွေ အပေါ်ရော ကျန်တဲ့ပါတီတွေ အပေါ်မှာရော မတရားအခွင့်အရေးယူရာ ကျပါတယ်။ ပညာရေး အသုံးစရိတ် ဆိုတာကတော့ ဘာမှမရှိဘူး။ ဝါဒဖြန့်ချိချင်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲ ရဲရဲရင့်ရင့်လုပ်ပါ။ အဲဒီအခါကျရင် ပြည်သူက ထောက်ခံသလား မထောက်ခံဘူးလားဆိုတာ ပေါ်လာမှာပါ။ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတော့ သိသလောက် အစိုးရက ဝါဒဖြန့်ချိတဲ့ သတင်းစာဆိုတာ မရှိပါဘူး” ဟု မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် အစိုးရသတင်းများ ဖော်ပြရာတွင် ထိပ်တန်းလျှို့ဝှက် သတင်းများမှလွဲ၍ ကျန်သတင်းများအား ပုဂ္ဂလိက သတင်းစာများနှင့်အတူ တစ်ပြေးညီဖော်ပြသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

“အရှုံးခံ ထုတ်တယ်ဆိုတာတော့ မဟုတ်တာလုပ်တာပဲဗျာ။ အစိုးရဘတ်ဂျတ်မှာ အရှုံးခံပြီး သတင်းစာထုတ်မယ့်အစား ပညာရေးတို့ ကျန်းမာရေးတို့မှာ ပိုသုံးတာ ပြည်သူအတွက် ပိုအကျိုးရှိမှာပေါ့။ နောက်ထပ်လည်း သတင်းစာထုတ်စရာ မလိုဘူး။ နောက်တစ်ခုက အခုချိန်မှာ သတင်းစာထုတ်စရာ မလိုတော့ဘူးလို့ ကျွန်တော်ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရထုတ်တဲ့ သတင်းစာတွေကို လူတွေက ကြည့်တော့ကြည့်ရတာပေါ့။ သိချင်တာသိအောင် နှစ်စောင်သုံးစောင်ပေါ့ဗျာ။ နောက်ထပ်လည်း အရှုံးခံပြီးထုတ်စရာ မလိုပါဘူး။ အရှုံးခံပြီးထုတ်မယ့် ပိုက်ဆံတွေကို ပညာရေးနဲ့ ကျန်းမာရေးမှာသုံးရင် ပိုပြီးတော့ သင့်လျော်မယ်လို့ ကျွန်တော်ယူဆတယ်။ အစိုးရသတင်းစာကတော့ နောက်ထပ်ထုတ်စရာ မလိုဘူး။ ပြန်ကြားရေးနဲ့ ပတ်သက်လို့ ဘာမှမပြောချင်ပါဘူး။ ပြန်ကြားရေးရယ်မှ မဟုတ်ပါဘူးဗျာ။ ကျန်တဲ့ဝန်ကြီးဌာနတွေကလည်း ပြောလို့လည်း နားထောင်တဲ့လူတွေမှ မဟုတ်ဘဲ။ အကြံပေးတာလည်း ဂရုစိုက်တဲ့လူတွေမှ မဟုတ်ဘဲ။ ဘာကိုမှ မပြောချင်တော့ဘူး” ဟု သတင်းစာဆရာကြီး ဦးသာဘန်းက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်ကလည်း ပုဂ္ဂလိက သတင်းစာများနှင့် ယှဉ်ပြိုင်ရန် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေအများအပြား အသုံးပြုပြီး သတင်းစာတစ်စောင်လျှင် ကျပ် ၅ဝ ဖြင့် ရောင်းချခဲ့ကာ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း အလားတူလုပ်ဆောင်ရန်အတွက် ဘတ်ဂျက်အများအပြား တောင်းခံခြင်းဖြစ်သည်။

ဇန်န၀ါရီ ၂၆ ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့တွင် သတင်းစာ၊ ဂျာနယ်များ ဖြန့်ချိရန် ပြင်ဆင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis