menu

Monday 27 January 2014

အီဂျစ်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပဋိပက္ခဖြစ်၊ လူပေါင်း ၂၉ ဦးသေဆုံး

Photo: အီဂျစ်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပဋိပက္ခဖြစ်၊ လူပေါင်း ၂၉ ဦးသေဆုံး

ကိုင်ရို၊ ဇန်နဝါရီ ၂၆

အီဂျစ်အာဏာရှင် မူဘာရက်ကို ရာထူးမှ ဖြုတ်ခဲ့သည့် အီဂျစ်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတစ်ဝန်း၌ စစ်တပ် ထောက်ခံသူများနှင့် ဆန့်ကျင်သူများက ဆန္ဒပြပွဲများ အပြိုင် ဆန္ဒပြလျက်ရှိပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

အီဂျစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ပြီး ကိုင်ရိုမြို့နှင့် အလက်ဇန်းဒီးယား မြို့များတွင် ဆန္ဒပြသမားများကို ဖမ်းဆီးခဲ့သည်။

ထို့အပြင် လမ်းကြားများတွင်းသို့ ပြေးဝင်သည့် ဆန္ဒပြသမားများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေပြီး ကျည်ဆန် အစစ်များဖြင့် ပစ်ခတ်လျက်ရှိသလို မျက်ရည် ယိုဗုံးများ အသုံးပြုပြီးလည်း ဆန္ဒပြသမားများကို နှိမ်နင်းလျက်ရှိသည်။

“စီစီ (အီဂျစ်တပ်မတော် ခေါင်းဆောင်) တော်လှန်ရေးသမားတွေကိုပဲ ခွင့်ပြုပေးထားတယ်။ တော်လှန်ရေးနေ့ကို ဒီလိုပုံစံနဲ့ အထိမ်းအမှတ် လုပ်လို့ရမလား။ ဒီလိုနည်းနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့ ရမယ်လို့ သူတို့တွေ ထင်နေလား မသိဘူး” ဟု အီဂျစ် ဘလော့ဂါတစ်ဦးဖြစ်သူ ခါလစ်က AFP သတင်းကို ပြောကြားသည်။

ထို့အပြင် အီဂျစ် အစိုးရအဖွဲ့ကို ဆန့်ကျင်သူများ၊ စိန်ခေါ်သူများ ထောင်များအတွင်းသို့ တဖွဲဖွဲ ရောက်ရှိလာကြောင်း အီဂျစ် အာဏာပိုင်များက တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် Al Jazeera သတင်းထောက် ပီတာက အကျဉ်းထောင်တွင်းမှနေ၍ စာရေးသား ပေးပို့ခဲ့သည်။ 

၂၀၁၁ ခုနှစ် အီဂျစ် တော်လှန်ရေး၏ ဆုံမှတ်ဖြစ်သော တာဟာရာ ရင်ပြင်တွင်လည်း အစိုးရနှင့် စစ်တပ် ထောက်ခံလိုလားသူ ထောင်ပေါင်း များစွာ စုဝေးပြီး အီဂျစ် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက်စီစီကို ထောက်ခံကြောင်း ထုတ်ဖော် ဆန္ဒပြလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် မွတ်ဆလင် ညီနောင်များအဖွဲ့ ဦးဆောင်သည့် အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ် အဖွဲ့ကလည်း စနေနေ့မှစတင်ပြီး ၁၈ ရက်ကြာ ဆန္ဒပြရန် တောင်းဆိုလိုက်ပြီး ယင်းဖြစ်ရပ်မှာ အာဏာရှင် မူဘာရက်ကို လွန်ခဲ့သည့် သုံးနှစ်ခန့်က ၁၈ ရက်ဆက်တိုက် ဆန္ဒပြခဲ့ပြီး ရာထူးမှ ဖြုတ်ချနိုင်ခဲ့သည်ကို ပြန်လည်ပုံတူကူး အသုံးပြုခြင်း ဖြစ်သည်။

အခွင့်အရေးများ ပြန်လည် ရရှိရေး၊ အာဏာသိမ်းမှု ဖျက်သိမ်းရေး၊ လူသတ်သမားများကို တရားစီရင်ရေး စသည့် အချက်များကို အပြည့်အဝ မရရှိမချင်း ဆန္ဒပြမှုများကို ရပ်တန့်သွားမည် မဟုတ်ဟု မွတ်ဆလင် ညီနောင်များအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။

အီဂျစ် တော်လှန်ရေးအပြီးတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ချက် ကြီးထွားခဲ့သော်လည်း  အာရပ်ကမ္ဘာ၏ လူဦးရေ အများဆုံး အီဂျစ်နိုင်ငံတွင်း သဘောထားကွဲလွဲမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေ သည်ကို လက်ရှိ ဆန္ဒပြပွဲများက ထုတ်ဖော် ပြသပေးနေကြောင်း ကိုင်ရိုမြို့ရှိ BBC သတင်းထောက် ယိုလန်ဒီကနဲက သုံးသပ်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis