menu

Wednesday 11 September 2013

ကျွန်တော်နှင့်အစွယ် (မင်းလူ)



    ကျွန်တော်သည် ပိုးကောင် မွှားကောင်ကလေးများကို မုန်းတီးတတ်သူ မဟုတ်ပါ။ အကြောင်းမဲ့သက်သက် သတ်ဖြတ်ချင်သူမျိုးလည်း မဟုတ်ပါ။ သူတို့ အန္တရာယ်နှင့် ကြုံနေရလျှင်ပင် တတ်နိုင်သမျှ ကယ်တင်တတ်သူဖြစ်ပါသည်။ ငယ်စဉ်ကတည်းက လူကြီးမိဘတွေ သင်ကြားပေးထားသော အလေ့အထ ဖြစ်၏။ ရေစည်ထဲမှာ၊  အုတ်ရေကန်ထဲမှာ၊ ရေစီးမြောင်းထဲမှာ ပိုးကောင်ကလေးများ ကျနေတာတွေ့လျှင် ဆယ်ယူပေးတတ်သည်။ သူတို့  ရေမွန်းနေသည် ထင်လျှင် လေနှင့် မှုတ်ပေးရသည်။
    ငယ်ငယ်ကတော့ ဘာရယ်မဟုတ်။ လေနှင့် မှုတ်ပေးလျှင် အသက်ပြန်ရှင်တတ်သည် ဟူသော အသိကိုသာ မှတ်ထားမိ၏။ ကျောင်းမှာ သတ္တဗေဒ သင်ရတော့မှ သဘောကို နားလည်လာ၏။ ပိုးကောင် မွှားကောင်ကလေးများသည် လူနှင့် အချို့သတ္တဝါများကဲ့သို့ အဆုတ်နှင့် အသက်ရှုခြင်း မဟုတ်။ သူတို့မှာ အဆုတ်လည်း မရှိ။ သူတို့၏ ကိုယ်ခန္ဓာပေါ်တွင် ထရေးကီးယားခေါ် လေပြွန်ကလေးများ ရှိ၏။ ထိုလေပြွန်ကလေးများမှ တစ်ဆင့် ကိုယ်တွင်းသို့ လေကို ဝင်ရောက်စေခြင်း ဖြစ်သည်။ လူတို့ ရုတ်တရက် နှလုံးခုန် ရပ်သွားသောအခါ ပါးစပ်ခြင်းတေ့ပြီး လေမှုတ်သွင်းခြင်းဖြင့် အဆုတ်တွင်းသို့ အောက်ဆီဂျင် ရောက်စေသည်။ ဒီသဘော အတိုင်းပင်။ ပိုးမွှားကောင်ကလေးများကို ရေထဲမှ ဆယ်ပြီး လေဖြင့် ခပ်ပြင်းပြင်း မှုတ်ပေးလိုက်လျှင် လေပြွန်ကလေးများ ပွင့်၍ ကိုယ်တွင်းသို့ အောင်ဆီဂျင်ရောက်ရှိပြီး ပြန်လည်လှုပ်ရှား သက်ဝင်လာခြင်း ဖြစ်၏။ ဒီလိုနည်းနှင့် ပုရွက်ဆိတ်ကလေးတွေ တော်တော်များများ၏ အသက်ကို ကယ်တင်ခဲ့ဖူးသည်။


                * * * * *

    ပုရွက်ဆိတ်တစ်ကောင် အိပ်ပျော်နေသည်ကို ကျွန်တော် တစ်ခါမျှ မတွေ့ဖူးသေးချေ။ ဘယ်အချိန် ကြည့်လိုက်ကြည့်လိုက် လှုပ်ရှားသွားလာနေသည်ကိုသာ မြင်ရသည်။ ညဥ့်နက်သန်းခေါင်ပင် ဖြစ်စေ အပန်းဖြေ အနားယူနေသည့် လက္ခဏာ မတွေ့ရ။ တစ်နေ့ပတ်လုံး လှုပ်ရှားသွားလာနေတာ ခြေထောက် မညောင်းကြဘူးလား မသိ။
    သူတို့သည် အအုပ်အသင်း ဖွဲ့၍သာ အမြဲနေသည်။ သွားလာလျှင်လည်း ညီညီညာညာ စီတန်း၍ သွားသည်။ ထိုအတန်းထဲမှ ခွဲထွက်လာသူသည် ဂိုဏ်းခွဲထွက်လာခြင်း မဟုတ်။ တစ်ကောင်ကောင်နှင့် ရန်ဖြစ်လာခြင်း မဟုတ်။ ချစ်သူနှင့် စိတ်ကောက်လာခြင်း မဟုတ်။ ပတ်ဝန်းကျင်ကို လေ့လာဖို့ တာဝန်ကျသော ကင်းတပ်သားပင်တည်း။
    ရှေ့သို့ ချီတက်နေသော ပုရွက်လမ်းကြောင်းကို ဆန့်ကျင်လျက် နောက်ကြောင်းပြန်သွားနေသော ပုရွက်ဆိတ်များကို မြင်ဖူးသည်။ မျက်နှာချင်းဆိုင်မှ လာနေသူများနှင့် မကြာခဏ ခေါင်းချင်း ဝှေ့မိသည်။ ဤသည်မှာ မျက်စိမှုန်သောကြောင့် မမြင်မကန်းနှင့် ဝင်တိုက်မိခြင်း မဟုတ်။ ရှေ့မှာ တွေ့ခဲ့သော အကြောင်းခြင်းရာများကို ခေါင်းချင်းဆိုင်၍ သတင်းပေးသွားခြင်းသာ ဖြစ်၏။
    ပုရွက်လမ်းကြောင်း အနီးတဝိုက်တွင် ရှေ့မှ နောက်သို့၊ နောက်မှ ရှေ့သို့၊ ဘေးပတ်ဝန်းကျင်သို့ သွားချည်လာလှည့် ခေါက်တုံ့ပြန်နေကြသော ကင်းတပ်သားများ၊ ဆက်သားများကို ကြည့်ရသည်မှာ ခရီးသွား လှည်းတန်းကြီး၏ ရှေ့နှင့် နောက် လှည့်ပတ်သွားလာနေကြသော မြင်းစီးသမားများနှင့် တူလေသည်။
    ပုရွက်ဆိတ်တစ်ကောင်သည် တစ်ကိုယ်တည်း စွန့်စွန့်စားစား ထွက်လာ၏။ အစာကို တွေ့လျှင် တစ်ကောင်တည်း ကျိတ်ပြီးမစား။ သူ့ အဖော်အပေါင်းများ ရှိရာသို့ ဆွဲယူသွားသည်။ တစ်ကောင်တည်း မနိုင်လျှင် အဖွဲ့ကို ပြန်ခေါ်ပြီး ဝိုင်းသယ်ကြသည်။
    ပုရွက်ဆိတ်တစ်ကောင်သည် သူ့ကိုယ်ထက် အဆပေါင်းများစွာ ကြီးမားလေးလံသော အရာများကို ဆွဲယူ သယ်မထားနိုင်သည်။ သူတို့ထက် မတန်တဆ အင်အားကြီးမားသော ရန်သူကို ညီညွတ်စွာ ဝိုင်းဝန်း တိုက်ခိုက်တတ်သည်။ သူတို့အစွယ်မှ ထွက်သော အဆိပ်များသည် ရန်သူ၏ ခန္ဓာကိုယ်ကြွက်သားများကို ပြင်းစွာ ထိခိုက်စေသည်။ အကြောများကို ဆိုင်းသွားစေသည်။ သို့ဖြင့် ရန်သူသည် မလှုပ်ရှားနိုင်တော့ဘဲ သူတို့ ဆွဲခေါ်ရာသို့ ပါသွားရလေ၏။
    သူတို့၏ စည်းလုံးညီညွတ်မှု၊ ဇွဲရှိမှု၊ ဝီရိယရှိမှု၊ သတ္တိရှိမှု တို့ကြောင့် ပုရွက်ဆိတ်များကို ကျွန်တော် လေးစားမိသည်။

                * * * * *

    ပုရွက်ဆိတ်တွေလို အုပ်စုမဖွဲ့ဘဲ တစ်ကောင်တည်း နေတတ်တာက ပင့်ကူ။ သူတို့သည် အလွန် ဇွဲရှိပြီး စိတ်ရှည်တတ်သော သတ္တဝါများ ဖြစ်၏။ ကိုယ်မှထွက်သော အမျှင်များဖြင့် အိမ်ကို စိတ်ရှည်လက်ရှည် ဆောက်သည်။ ပြီးတော့ သူတို့၏ ကွန်ယက်အတွင်း တိုးဝင်ငြိတွယ်လာမည့် ပိုးကောင်များကို ဇွဲရှိရှိစောင့်ပြီး ဖမ်းယူစားသောက်သည်။
    အစပိုင်းတုန်းကတော့ အိမ်ခန်း၏ သပ်ရပ်သန့်ရှင်းမှုကို အနှောင့်အယှက် ပြုကြသောကြောင့် တစ်ကြောင်း၊ လိပ်ပြာကလေးများ၊ ပိုးကောင်းမွှားကောင်လေးများကို ဖမ်းယူ စားသောက်သောကြောင့် တစ်ကြောင်း ပင့်ကူအိမ်များကို ကျွန်တော် ဖျက်ဆီးပစ်လေ့ ရှိသည်။ သို့ရာတွင် သူတို့က အိမ်အဖျက်ခံရပြီး မကြာခင် အသစ်ထပ်ဆောက်သည်။ ထပ်ဖျက်လျှင် ထပ်ဆောက်သည်။ အကြိမ်ကြိမ် အဖျက်ခံရလို့ စိတ်ပျက် လက်လျှော့သွားတာမျိုး မရှိ။ သူ့ဝတ္တရားအတိုင်း အိမ်ကို စိတ်ရှည်လက်ရှည် ပြန်ဆောက်သည်သာ ဖြစ်၏။ ပင့်ကူ၏ ဇွဲရှိမှုကို နမူနာယူပြီး စစ်ရှုံးနေရာမှ နိုင်အောင် ပြန်တိုက်ခဲ့သော ဘုရင်ကြီးတစ်ပါးပင် သမိုင်းမှာ ရှိခဲ့ဖူးသည်။
    နောက်ပိုင်းကျတော့ ပင့်ကူအိမ်တွေကို ကျွန်တော် ဖျက်မပစ်ရက်တော့။ ဖုန်အလိမ်းလိမ်းကပ်ပြီး သူတို့ စွန့်ပစ်ထားခဲ့သည့် အိမ်ဟောင်းများကိုသာ ရှင်းလင်းရလေ့ရှိသည်။
    ကျွန်တော့် စာရေးစားပွဲပေါ်ရှိ မီးချောင်းနားမှာ ပင့်ကူအိမ် သုံးလေးအိမ် အမြဲရှိသည်။ စာရေးရင်းက ဦးနှောက်ညောင်းလာသည့် အခါ သူတို့ လှုပ်ရှားနေထိုင်ပုံကို ကြည့်ရှုလေ့လာရင်း အညောင်းဖြေရသည်။
    ပင့်ကူများသည် သူတို့ကွန်ယက်မှာ လာငြိသော ပိုးကောင်များကို စားသောက်တတ်သလို ကိုယ်တိုင် လှည့်လည်ရှာဖွေ ဖမ်းဆီးစားသောက်ခြင်းမျိုးလည်း ရှိသည်။ သူတို့အိမ်ကို လာငြိသည့် ပိုးကောင်များအနက် အကောင်ငယ်လျှင် ချက်ချင်း စားသောက်ပစ်လိုက်သည်။ အကောင်ကြီးနေလျှင်၊ တောင်ပံ တဖျတ်ဖျတ်ရိုက်ပြီး ရုန်းကန်နေလျှင် သားကောင်၏ ဘေးပတ်လည်မှ လှည့်ပြီး ပင့်ကူမျှင်များနှင့် အထပ်ထပ်ရစ်ပတ်ပြီး ချုပ်နှောင်သည်။ မလှုပ်နိုင်တော့ဘူး ဆိုမှ ဦးနှောက်ကိုဖောက်၍ သတ်ဖြတ် စားသောက်သည်။
    ပင့်ကူဆိုလျှင် ဦးနှောက်ဖောက်စားတတ်သည်ဟု အဆိုရှိသည်။ အမှန်က စားခြင်းမဟုတ်။ အရည်ကို စုပ်ယူခြင်း ဖြစ်၏။ ဦးနှောက်ကိုသာ မဟုတ်။ ကိုယ်တွင်းရှိ အရည်အားလုံးကို စုပ်ယူ ဝါးမျိုပစ်ခြင်း ဖြစ်၏။ ဦးနှောက်ကို အဓိကဖောက်ရသည့် အကြောင်းက အရသာအရှိဆုံးအပိုင်း ဖြစ်ခြင်းနှင့် သားကောင်ကို အမြန်ဆုံး သေဆုံးစေရန် ဖြစ်၏။
    တချို့ ပင့်ကူတွေကတော့ အိမ်ဖွဲ့ပြီး သားကောင်ကို ထောင်ဖမ်းလေ့မရှိ။ လှည့်လည်ရှာဖွေ စားသောက်လေ့ရှိသည်။     ထိုအထဲတွင် ပင့်ကူ အကောင်ကြီး တစ်ကောင်လည်း ပါသည်။ ကိုယ်ခန္ဓာက လက်မ လက်သည်းခွံလောက် ရှိပြီး ခြေထောက်တွေပါဆိုလျှင် ကျပ်ပြားဝိုင်းလောက် ရှိမည်။
    သူ့ကို စတွေ့တာက အိပ်ခန်းတံခါးကြားမှာ ဖြစ်၏။ တံခါးပိတ်မည်ပြုစဉ် မြင်ရခြင်း ဖြစ်သည်။ ပင့်ကူ အကောင်ကြီးလျှင် အဆိပ်ရှိသည်။ ပင့်ကူရှပ်လျှင် အသားများ ယောင်ကိုင်းလာတတ်သည်ဟု သိထားသဖြင့် သတ်ပစ်ဖို့ စိတ်ကူးမိသေးသည်။ ကြက်မွှေး တံမြက်စည်းနှင့် ရွယ်ပြီးမှ စိတ်ကူးတစ်မျိုး ပြောင်းသွားသည်။ စိုက်ပျိုးရေးသမားများက ပင့်ကူကို မိတ်ဆွေပိုးအဖြစ် သတ်မှတ်ကြသည်။ ပင့်ကူက သီးနှံဖျက်ပိုးများကို စားသောက်ပစ်သောကြောင့် ဖြစ်၏။ သို့ဖြင့် သူ့ကို မသတ်ဖြစ်ဘဲ ရှိခဲ့သည်။ နောက်ပိုင်း သူ့ကို ရံဖန်ရံခါ တွေ့တွေ့နေရလေသည်။
    သူသည် တကယ်ပဲ မိတ်ဆွေပိုး ဖြစ်လာသည်။
    ကျွန်တော့်အနေဖြင့် ပိုးကောင်မွှားကောင်များကို မမုန်းတတ်သော်လည်း မလွဲသာ မရှောင်သာ မုန်းရမည့် ပိုးကောင်များ ရှိနေသည်။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးတို့ကို ဖြစ်စေတတ်သော ခြင်များ၊ ဝမ်းရောဂါနှင့် အခြားရောဂါပိုးများ သယ်ဆောင်တတ်သော ယင်ကောင်နှင့် ပိုးဟပ်များ၊ စာအုပ်များကို ကိုက်ဖြတ်စားသောက် ဖျက်ဆီးတတ်သော ခြများပင် ဖြစ်၏။ ထိုအကောင်များကို ဖမ်းယူ စားသောက်ခြင်းဖြင့် ပင့်ကူကြီးက ကျွန်တော့ကို ကူညီသည်။
    သူသည် အစပိုင်းတုန်းက လူနှင့် နီးနီးကပ်ကပ် နေလေ့မရှိ။ ချောင်ကြိုချောင်ကြားမှာသာ ပုန်းလျှိုးကွယ်လျှိုးနေတတ်သည်။ နောက်ပိုင်းကျတော့ သူ့အတွက် အန္တရာယ်မရှိမှန်းသိပြီး ခပ်ရဲရဲပင် သွားလာလှုပ်ရှား နေတော့သည်။ တစ်ခါတစ်ရံ ကျွန်တော် စာရေးနေသည့် အချိန်မှာ သူက စားပွဲရှေ့မှ နံရံမှာကပ်ပြီး သားကောင်ကို ချောင်းနေတတ်၏။ သူနှင့် ကျွန်တော်သည် တစ်ဦးနှင့် တစ်ဦး မျက်မှန်းတန်းမိနေကြသလိုပင် ဖြစ်၏။
    သူ သားကောင်ဖမ်းပုံမှာ အလွန် လျင်မြန်ပါးနပ်သည်။ ယင်ကောင်တို့လို အကင်းပါးသော အကောင်ကိုပင် မလွတ်တမ်း ဖမ်းနိုင်သည်။ ယင်ကောင်များသည် သူတို့ နားနေရာ အနီးတစ်ဝိုက်မှ လှုပ်ရှားမှုကလေး တစ်ခုလောက် ရှိသည်နှင့် ချက်ချင်း ပျံပြေးတတ်သည်။ ပင့်ကူကြီးက ယင်ကောင်ကို ချောင်းလျှင် နောက်မှပတ်ပြီး ချောင်းတတ်သည်။ သတိကြီးစွာထား၍ တစ်ဆင့်ချင်း လှမ်းရင်း ချဉ်းကပ်သည်။ သင့်တော်သော အကွာအဝေးရောက်မှ လွှားခနဲ ခုန်အုပ်ပြီး ဖမ်းယူသည်။ သူ့ထံတွင် ခြေချောင်းများထက် အနည်းငယ်တိုသော လက်ဟု ခေါ်နိုင်သည့် အစိတ်အပိုင်းနှစ်ခု ရှိသည်။ ထိုလက်များဖြင့် ယင်ကောင်ကို မလွတ်တမ်း ဖမ်းချုပ်ထားပြီး သတ်ဖြတ် စားသောက်တတ်သည်။ တစ်ခါတလေမှာ ယင်ကောင်က စားပွဲစွန်းမှာ ရှိနေသည်။ သူက ဘေးဘက်မှ ပန်းပြီး ပုန်းကွယ်လှုပ်ရှားသည်။ ထို့နောက် ယင်ကောင်၏ ရှေ့တည့်တည့်မှ ရုတ်တရက် ဘွားခနဲ ပေါ်လာသည်။ ယင်ကောင်က လန့်ပြီး အပျံမှာ လမ်းကြောင်းကို ပိတ်၍ ခုန်ပျံ ဖမ်းယူတတ်သည်။ ဂိုးသမားတစ်ယောက် ဘောလုံးကို ခုန်ဖမ်းလိုက်သလိုပင် အလွန် ကြည့်လို့ကောင်းလေသည်။
    ပိုးဟပ်တို့လို အကောင်ကြီးမျိုးကျတော့ အနီးကပ်ဖမ်းခြင်းမျိုး မဟုတ်ဘဲ အမြင့်တစ်နေရာမှ အပေါ်စီးယူ၍ ချောင်းမြောင်းတတ်သည်။ သူ့အောက်တည့်တည့် အလောတော်လောက် ရောက်ပြီဆိုလျှင် တစ်ဟုန်ထိုး ခုန်ချပြီး ကုပ်ပေါ်ခွစီး၍ ဦးနှောက်ကို အလျင်အမြန် ဖောက်သတ်သည်။ တောပင့်ကူကြီးများ မြွေကိုသတ်လျှင် ဒီလိုနည်းမျိုးကိုပဲ သုံးလိမ့်မည် ထင်၏။
    သူ့ကို ကျွန်တော် သေသေချာချာ လေ့လာကြည့်သည်။ သူ၏ လှုပ်ရှားပုံ၊ သွားလာပုံတို့မှာ တင့်ကားတစ်စင်းနှင့် တော်တော်တူသည်။ တစ်စုံတစ်ခုကို သတိရမိ၏။
    ဒုတိယကမ္ဘာစစ် အတွင်းက အာဖရိက သဲကန္တာရ စစ်မြေပြင်မှာ ဂျာမန်တို့၏ စွမ်းရည်ထက်မြက်သော တင့်ကားတပ်ကြီးရှိ၏။ ထိုတပ်ကြီးကို ဦးစီးကွပ်ကဲသူမှာ နာမည်ကျော် ဗိုလ်ချုပ်ကြီးရိုမဲလ် ဖြစ်သည်။ တင့်ကားတစ်စင်းနှင့် တူသော ပင့်ကူကြီးကို ကျွန်တော်က ရိုမဲလ်ဟု အမည်ပေးထားသည်။
    ပင့်ကူကြီးရိုမဲလ်သည် ကျွန်တော်နှင့် တစ်စစ ပို၍ ရင်းနှီးလာသည်ဟု ထင်ရ၏။ သူ့ကို အကိုင်မခံတတ်သော်လည်း ကျွန်တော်နှင့် နီးနီးကပ်ကပ် စိတ်ချစွာ လှုပ်ရှားသွားလာနေတတ်ပြီး တစ်ခါကတော့ ကျွန်တော့်ပုဆိုး အောက်ဘက် အစွန်းနားမှာ ခိုကပ်ပြီး သားကောင်ချောင်းနေတာပင် ကြုံဖူးသည်။
    သူနှင့်ကျွန်တော် သဘောထား မတိုက်ဆိုင်သည့် အခါမျိုးတော့ ရှိသည်။ သူက လိပ်ပြာလေးတစ်ကောင်ကို ဖမ်းဖို့ ချောင်းနေတတ်သော အခါမျိုးမှာ ဖြစ်၏။
    မီးခိုးရောင်ဖျော့ဖျော့ အထပ်သားနံရံမှာ နားနေသော လိပ်ပြာကလေးမှာ အဝါ၊ ခရမ်း၊ အနက်တို့ ရောယှက်နေသော တောင်ပံကလေးနှစ်ဖက်ကို ထောင်၍ နားနေပုံမှာ အငြိမ့်မင်းသမီးကလေး ယပ်တောင်က ကနေသလို အပြစ်ကင်းစွာ လှပနေ၏။ သူကလေးကို ဖမ်းယူ ဝါးမျိုစားသောက်ဖို့ ပင့်ကူကြီးရိုမဲလ်က ခြေတစ်လှမ်းချင်း စနစ်တကျ လှမ်းကာ တစ်ရွေ့ရွေ့ ချဉ်းကပ်လာနေပြီ။
    ကျွန်တော့် စိတ်ထဲမှာ ချီတုံချတုံ ဖြစ်နေရ၏။ ဒီလောက်လှပသည့် လိပ်ပြာကလေးတစ်ကောင်ကို မသေဆုံးစေချင်။ တစ်ဘက်က ကြည့်တော့လည်း ဒါ ပင့်ကူ၏ အခွင့်အရေး ဖြစ်၏။ ပိုးကောင်မွှားကောင်ကို ဖမ်းယူစားသောက်ခြင်းသည် ပင့်ကူတို့၏ သဘာဝပင် ဖြစ်၏။ သူ့သဘာဝကို ပိတ်ပင်သင့်သလား။ သူစားမည့် အစာကို နှောင့်ယှက်သင့်သလား။
    သူက ခြေတစ်လှမ်း တိုးလိုက်ပြန်သည်။ လိပ်ပြာကလေးက အတောင်ပံ နည်းနည်း လှုပ်လိုက်သောအခါ သူ အသာငြိမ်နေ၏။ ပျံတော့လေကွာဟု စိတ်ထဲက ပြောမိသည်။ လိပ်ပြာကလေးကတော့ သူ့ဘက်ကိုပင် နည်းနည်း တိုးလာသလိုလို။ ရိုမဲလ်သည် ခြေထောက်များကို မသိမသာကွေး၍ ကိုယ်ကို ညွှတ်ချလိုက်ပြီး ခုန်အုပ်တော့မည့် သဘော။
    ဒီကောင်လေးကိုတော့ လွှတ်လိုက်ပါကွာဟု အတွေးထဲက ရေရွတ်ရင်း လိပ်ပြာကလေးကို လေနှင့် ခပ်ပြင်းပြင်း မှုတ်လိုက်သည်။ လိပ်ပြာကလေးသည် ဖျတ်ခနဲ တောင်ပံခတ်ပြီး ပျံထွက်သွား၏။ ရိုမဲလ်သည် မချင့်မရဲ ဖြစ်ကျန်ခဲ့သည်။ ကျွန်တော့်ကြောင့် လွတ်သွားတာ သူရိပ်မိလား မသိ။ ခြေထောက်များကို လှုပ်လှုပ်ရွရွ လုပ်နေပုံမှာ မုန့်လုခံရသဖြင့် စိတ်ကောက်ပြီး ခြေဆောင့်နေသော ကလေးငယ်နှင့် တူသည်ဟု ထင်မိ၏။
    သူသည် တကယ်ပဲ စိတ်ကောက်သွားလေသလား မပြောတတ်။ ထိုနေ့မှစ၍ သူ့ကို မတွေ့ရတော့ချေ။

                * * * * *

    မဂ္ဂဇင်းစာအုပ် တစ်အုပ် ရှာချင်သောကြောင့် စာအုပ်ဗီရိုကြီးကို ဖွင့်လိုက်သည်။ စာအုပ်တစ်ထပ်ကို လှမ်းယူလိုက်စဉ်မှာပင် “တစ်တစ် တစ်တစ်” ဆိုသော အသံများကို သဲ့သဲ့ ကြားလိုက်ရသည်။ စာအုပ်တွေကို ခြကိုက်နေသော အသံပါကလား။
    ထူပူသွားပြီး စာအုပ်တွေ တစ်ထပ်ပြီးတစ်ထပ် ဆွဲထုတ်၍ ခြတက်သည့် နေရာကို ရှာသည်။ ဘယ်လောက်ထိ ပျက်စီးသွားပြီလဲဟု စိတ်တထင့်ထင့် ဖြစ်နေရသည်။ အရေးပေါ် ခွဲစိတ်ခံနေရသည့် လူနာ၏ အခြေအနေကို စောင့်စားနေရသလို ခံစားရ၏။
    စာအုပ်တွေ တစ်ထပ်ပြီး တစ်ထပ် ဆွဲချသည်။ ထောင့်ဆုံးတစ်ထပ်သာ ကျန်တော့သည်။ တစ်အုပ်ချင်း သတိထား၍ ထုတ်သည်။ နောက်ဆုံး လေးငါးဆယ်အုပ်မှာ စတွေ့သည်။ အပေါ်ပိုင်း စာအုပ်များ၏ အနှောင့်များကို တက်နေသော လမ်းကြောင်းကို မြင်ရသည်။ အောက်ပိုင်းက စာအုပ်တွေတော့ သွားပြီဟု သိလိုက်၏။ စာအုပ်တွေကို အထပ်လိုက်မပြီး နေရာရွှေ့သည်။ ဗီရိုအောက်ခင်းပေါ်မှာ ခြတွေခြတွေ ဖွေးဖွေးလှုပ်နေသည်။
    စုဆောင်းထားသည့် အသိပညာတွေကိုမှ ဖျက်ဆီးသည့် အကောင်တွေ၊ ဘယ်နည်းနှင့်မှ ခွင့်မလွှတ်ထိုက်၊ သနား မညှာတာထိုက်သည့် သတ္တဝါတွေ။
    ခြင်ဆေးဘူးကို ပြေးယူသည်။ ခြင်နိုင်ဆေးရည်နှင့် ရေနံဆီကို ရောထည့်သည်။ အားမရသေးသဖြင့် ကာဘော်လစ် ဖီနိုင်လ်ဆေးရည်ပါ ထည့်သည်။ ပြီးတော့ တရွရွတက်နေသော ခြများပေါ်ကို စိတ်ရှိလက်ရှိ ထိုးဖြန်းချလိုက်သည်။ ရွှဲရွှဲနစ်နေအောင် ဖြန်းပြီးနောက် ပိုထိရောက်အောင် ဗီရိုတံခါးကို ပြန်ပိတ်ထားလိုက်သည်။ ဒါမှ အငွေ့တွေပါ လုံပြီး စိတ်ချရမည်။
    ဆယ့်ငါးမိနစ်လောက်ကြာမှ ဗီရိုတံခါးကို ပြန်ဖွင့်ကြည့်သည်။ အားရစရာ။ ခြတွေဆိုတာ အတုံးအရုံး သေနေကြသည်။     ထိုမျှမက....
    ခြတွေကြားထဲမှာ ပင့်ကူတစ်ကောင်။ ကျွန်တော်၏ မိတ်ဆွေကြီး ရိုမဲလ်ပင် ဖြစ်၏။ သူ့လက်ကြားထဲမှာ ခြတစ်ကောင်ကို ဖမ်းဆုပ်လျက်။
    သူ့ကို လက်ဝါးပေါ်တင်၍ ငယ်ငယ်ကလို လေနှင့် ခပ်ပြင်းပြင်း မှုတ်ပေးသည်။ သူသည် ခြေထောက်များ လှုပ်လာသည်။ ထပ်ပြီး လေနှင့် မှုတ်ပေးသည်။ အားယူ၍ ကုန်းထလိုက်သည်ဟု ထင်သည်။ ထို့နောက် ခြေထောက်များ ဆတ်ခနဲ တစ်ချက်လှုပ်ပြီး ငြိမ်သွားသည်။ ရိုမဲလ်ကား သေဆုံးသွားပါပြီ။
    ကျွန်တော်သည် ပလတ်စတစ်ဘူးလေး တစ်ခုထဲတွင် သူ့ရုပ်ကြွင်းကို ထည့်၍ အဖုံးလုံအောင် ပိတ်ပြီး စာရေးစားပွဲ အံဆွဲထဲမှာ အမှတ်တရ ထည့်ထားလိုက်လေသည်။


မင်းလူ
-------------
သရဖူ မဂ္ဂဇင်း၊
အောက်တိုဘာ၊ ၁၉၉၄

https://www.facebook.com/pages/%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B0-%E1%81%80%E1%80%90%E1%81%B1%E1%80%B3%E1%80%90%E1%80%AD%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/239107629526297

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis