menu

Wednesday 11 September 2013

ပီနန်မှာ တရားမ၀င် မြန်မာအလုပ်သမားတစ်ဦး တိုက်မြင့်ပေါ်က ခုန်ချသေဆုံး

မလေးရှားနိုင်ငံတဝှမ်းမှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးက  တရားမဝင်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို လိုက်လံဖမ်းဆီး နေချိန်မှာပဲ မနေ့က ပီနန်မှာ နေအိမ်တွေထဲ ဝင်ဖမ်းတဲ့အခါ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦး အဖမ်းခံရမှာ ကြောက်လန့်ပြီး တိုက်ပေါ်ကနေ ခုန်ချလိုက်တဲ့အတွက် အသက်ဆုံးပါးသွားပါတယ်။ မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားတွေ အများအပြား ဖမ်းဆီးခံနေရတဲ့အရေးနဲ့ ပတ်သက်ပြီး မလေးရှား-မြန်မာ နှစ်နိုင်ငံ အစိုးရခြင်း ဆွေးနွေးဖို့အတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ မလေးရှားနိုင်ငံကို ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ပီနန်မြို့က မြန်မာအလုပ်သမား သေဆုံးသွားရတဲ့အကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ပီနန်မြို့က မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ပီနန်နာရေးကူညီမှုအသင်း တည်ထောင်သူ ကိုဘိုမြက အခုလို စပြောပါတယ်။

“သူတို့က အခုဟာက ဖမ်းတယ်ဆိုတာကလည်း အစကတည်းက သတင်းတွေနဲ့ ကြောက်လန့်နေတာလည်း ပါတယ်။ အော်ပရာစီ၊ အော်ပရာစီ ဆိုတော့ တန်းကိုဆွဲထားတာပေါ့။ အောက်ကိုတွဲလောင်းချထားရင် လွတ်မလားဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်လိုက်တာလိုပဲ။ ဒါပေမဲ့ တကယ့်တကယ့်ကျတော့လည်း တီဗွီတွေကလည်း ပြနေတယ်။ သတင်းတွေကလည်း ပါနေတယ်ဆိုတော့ သူတို့ အမှန်တကယ် ကြောက်လန့်ပြီး ခုန်ချတာလည်း ဖြစ်နိုင်တယ်။ ရခိုင်လူမျိုးပါခင်ဗျ။”

မေး။          ။ သူ့အတွက် နာရေးကိုလည်း စီစဉ်ပေးလိုက်တယ်ဆိုတော့ ဒီနေ့ သူ့နာရေး ဘယ်အချိန်လောက်မှာ လုပ်ဖြစ်ပါလဲ။ နောက်ပြီးတော့ သူ့အတွက် ဘာတွေစီစဉ်ပေးလိုက်လဲ။ အဲဒါလေး သိချင်လို့ပါ။

ဖြေ။           ။ “သဂြိုဟ်မှာက ပုံမှန်ဆိုရင် ကျနော်တို့ ၁ နာရီခွဲ သဂြိုဟ်မှာကို ရေခဲတိုက်ရောက်တော့မှ သူက UN ကဒ်လည်း မရှိဘူး။ UN ကစာရွက်လည်း မပါဘူး။ ရခိုင်ကဒ်ဆိုတော့ အဲဒီမှာ အလောင်းထုတ်မရတဲ့ အခက်အခဲလေးတွေ ဖြစ်သွားတယ်။ အဲဒါနဲ့ပဲ ကျနော်တို့ နာရေးအသင်းကို လှမ်းပြီးတော့ အကူအညီတောင်းတော့ ကျနော်တို့က ဟုတ်တယ်၊ ရေခဲတိုက်ကလည်း ကျနော်တို့ နာရေးအသင်းနဲ့က တအားရင်းနှီးတာလည်းပါတယ်။ ဟုတ်တယ်၊ တကယ် ဒုက္ခသည်လည်း ဖြစ်တယ်။ အိုဗာစတေးလည်းဖြစ်တယ်။ အဲဒီအလောင်းနဲ့ ပတ်သက်လို့ ငါတို့တာဝန်ယူတယ်။ နောက်နေ့ကျရင် ငါတို့လက်မှတ် လာထိုးပေးမယ်ဆိုပြီးတော့ ပြောလိုက်တဲ့ အခါကျတော့မှ အလောင်းက ထုတ်လို့ရတယ်။ သဂြိုဟ်လိုက်ရတာလည်း ၆ နာရီလောက်မှ သဂြိုဟ်လိုက်ရတယ်။”

မေး။          ။ ပီနန်မှာလည်း မြန်မာအလုပ်သမား အများစု ရှိနေတဲ့ နေရာမှာဆိုတော့ လက်ရှိ ဘာအခက်အခဲတွေနဲ့ ကြုံနေရသလဲ အကို။ အဲဒီမှာလေ။

ဖြေ။           ။ “ကျနော်တို့ ပီနန်မှာ များသောအားဖြင့် အိုဗာစတေးလည်း များတယ်ဗျ။ အဲဒီလိုမျိုး BRO လိုမျိုး ဒုက္ခသည်ကဒ် ကိုင်ထားတာတို့၊ ချင်းဒုက္ခသည်ကဒ် ကိုင်ထားတာတို့၊ UN ကဒ် ကိုင်ထားတာတို့ ဆိုတာက ပီနန်မှာ အင်မတန် နည်းပါတယ်။ ပီနန်မှာရှိတဲ့ အများစုက လောလောဆယ် ဘာပြဿနာဖြစ်နေလဲဆိုတော့ ဖမ်းတယ်၊ ဆီးတယ်ဆိုရင် ညဖက်ဆိုရင် ဒီလိုမိုးရွာနေတဲ့ ကြားထဲက တောင်ပေါ်မှာ သွားအိပ်ရတာတို့ရှိတယ်။ တောထဲမှာ သွားအိပ်ရတာရှိတယ်။ လုံခြုံတဲ့ နေရာတွေမှာ ရှောင်ပြီးတော့ အိပ်နေရတာတွေရှိတယ်။ အဓိကကတော့ အိုဗာစတေး တော်တော်များများက ပြန်ချင်ကြတယ်ပေါ့။ အခုလက်ရှိဒုက္ခက အရမ်းပြန်ချင်ကြတယ်။ အပေါ်ကနေ ပြန်ဖို့ကြတော့လည်း မလေးရှား အစိုးရက ခွင့်မပြုဘူး။ အောက်ကနေ ပြန်တော့လည်း အဖမ်းခံရတယ်။ သူတို့တွေရဲ့ ဒီလို အခက်အခဲတွေကို ကျနော်တို့မှာလည်း အများကြီး သက်သေတွေရှိတယ်။ အဲဒါတွေနဲ့ ကျနော်တို့ အလုပ်သမား ၀န်ကြီးဌာနကို တင်ပြတယ်။ နောက်တခုက လက်ရှိ ကျနော်တို့ အလိုချင်ဆုံးက ဘာလဲဆိုတော့ မလေးရှားမှာ လောလောဆယ် ကျနော်တို့ ဟုတ်ပါပြီ အိုဗာစတေးဆိုလည်း အိုဗာစတေး ထိထိရောက်ရောက်ဖမ်းပြီး ထိထိရောက်ရောက် လုပ်ပေးတယ် ဆိုရင်လည်း ကျနော်တို့ လက်ခံပါတယ်။ အခုက ကျနော်တို့ အိုဗာစတေး တခုတင် မဟုတ်ပဲနဲ့ တကယ့်တရားဝင် အလုပ်လုပ်နေတဲ့လူတွေ အတွက်လည်း လုံခြုံမှု မရှိဘူးဆိုတာကို ကျနော်တို့က ၀န်ကြီးတွေနဲ့လည်း ဆွေးနွေးတယ်။ ၀န်ကြီးပိုင်းကလည်း တကယ်အားရလောက်အောင် သူတို့ဘက်ကလည်း တကယ် လုပ်ဆောင်ပေးပါမယ်လို့ ကျနော်တို့ ယုံပါတယ်။”

မေး။          ။ ဟုတ်ကဲ့ သူတို့ဘက်က အခုလက်ရှိ အလုပ်သမား အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘာတွေများ ပြန်လုပ်ပေးမယ်ဆိုပြီး ကတိပေး ပြောဆိုသွားတာ ရှိပါသလဲရှင့်။

ဖြေ။           ။ “သူတို့ဘက်ကတော့ ကျနော်တို့ကိုတော့ ဒီအလုပ်သမားတွေ ပြန်ချင်တဲ့လူကို ပြန်နိုင်အောင် လက်ရှိ မြန်မာပြည်က လှူဒါန်းထားတဲ့ အလှုရှင်တွေ မရှိရင်တောင်မှ နိုင်ငံတော်အဆင့် ကူညီဖို့အထိ အဲဒီလိုမျိုး ၀န်ကြီးက ပြောပါတယ်။ သူတို့ အတတ်နိုင်ဆုံး မြန်မာအလုပ်သမား အရေးဟာလည်း ငါတို့အမျိုးသားရေးပဲ ဆိုတဲ့စိတ်နဲ့ သူတို့ အခမဲ့ ပြန်လို့ရအောင် အထိကို စီစဉ်ပေးမယ်လို့လည်း သူတို့ပြောတယ်။ နောက်တခုက ဒီမှာလက်ရှိ အဖမ်းခံထားရတဲ့ လူတွေကိုလည်း သူတို့ တရားဝင် နေချင်ရင် တရားဝင်နေလို့ရအောင် အဓိကကတော့ မလေးရှား အခုလက်ရှိ အလုပ်သမား ပြဿနာကို ထိုင်းမှာလိုမျိုးပဲ အဆင်ပြေအောင်ဆိုပြီး ၀န်ကြီးဌာန government to government ၀င်ညှိပေးမယ်လို့လည်း ပြောပါတယ်။”

မေး။          ။ ဒီအလုပ်သမားရေး အကူအညီပေးနေတဲ့ လူတွေ အနေနဲ့ရော အခုလက်ရှိ ဖြစ်နေတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီးတော့ ဘာများတောင်းဆိုချင်တာ ရှိပါသလဲ။ မလေးရှား အစိုးရကိုရော မြန်မာအစိုးရကိုရောပေါ့။

ဖြေ။           ။ “ဟုတ်ကဲ့ ကျနော်တို့လက်ရှိကတော့ အကြံဥာဏ်ပေးချင်တာကတော့ ညကလည်း အလုပ်သမားရေး ညွှန်ကြားရေးမှူးကို ကျနော်တို့ပြောပါတယ်။ အဓိကကတော့ ကျနော်တို့ မြန်မာတွေ အပိုင်းမှာကလည်းပဲ အားနည်းချက်တွေ အများကြီးရှိခဲ့တယ်လေ။ ကျနော့်အမြင်အရ ပြောရလို့ရှိရင် လက်ရှိ ကျနော်တို့ မလေးရှားမှာ ရောက်နေတဲ့ မြန်မာအလုပ်သမား အများစုဟာ ဘာဖြစ်လို့လဲဆိုတော့ သေမှပဲ နာရေးကူညီမှု အသင်းရဲ့ နံပတ်ကို အသည်းအသန် လိုက်ရှာကြတယ်။ ဒီမြန်မာအချင်းချင်းတင်ကို စုစုစည်းစည်းလည်း မဖြစ်ပါဘူး။ များသောအားဖြင့် အချင်းချင်း မတည့်တာတွေ များသလို၊ နောက်တခုက ကျနော်တို့ ဒီအလုပ်သမားတွေ အပိုင်းမှာလည်း တချို့ကလည်း ငါက ကရင်၊ ငါက မွန်၊ ငါက ရခိုင်၊ ငါက ရှမ်း၊ ငါက ချင်း ဆိုတဲ့ အဲဒီလိုမျိုး တိုင်းရင်းသားနဲ့ မြန်မာနဲ့ မတည့်ဘူးလားဆိုတဲ့ ပုံစံမျိုးလေးတွေလည်း တော်တော်များများ တွေ့ရတယ်။ တကယ်တော့ အရေးကြီးလို့ရှိရင် ကျနော်တို့က အမျိုးသားရေး ပုံစံမျိုးနဲ့ အားလုံး တက်ညီလက်ညီ ဖြစ်စေချင်တယ်။ နောက်ပြီး နိုင်ငံတော် အစိုးရအနေနဲ့လည်း ဖြစ်နိုင်လို့ ရှိရင်တော့ ရှေ့ကနေပြီးတော့ ပြန်ပါပြန်ပါ ပြောပြီးတော့ နောက်ကနေပြီးတော့ အလုပ်သမားတွေ ပို့နေတာကို သေချာစီစစ်ပြီးတော့ လုပ်ပေးစေချင်တယ်။ မလေးရှား အစိုးရ အနေနဲ့လည်း တကယ်တော့ ပြန်ချင်တယ်ဆိုလို့ရှိရင် အပေါ်လမ်းကဆိုရင်လည်း အပေါ်လမ်းက ပြန်နိုင်အောင် စီစဉ်ပေးစေချင်ပါတယ်။”

မလေးရှားနိုင်ငံ ပီနန်မြို့က မြန်မာအလုပ်သမားတဦး သေဆုံးသွားရတဲ့အကြောင်း မလေးရှားနိုင်ငံ ပီနန်မြို့က မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ပီနန်နာရေးကူညီမှုအသင်း တည်ထောင်သူ ကိုဘိုမြကို မဆုမွန်က ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။

မဆုမွန် (ဗွီအိုအေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis