menu

Wednesday 11 September 2013

ရွှေတိဂုံတွင် ပျောက်ဆုံးခဲ့သည့် ကိုယ်ပိုင်ယာဉ် ထောက်ကြန့်တွင်တွေ့


ရန်ကုန်၊ စက်တင်ဘာ ၁၀

ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာတွင် စက်တင်ဘာလ ၉ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ပျောက်ဆုံးခဲ့သော SE ဆလွန်းယာဉ်ကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရန်ကုန်-ပဲခူးလမ်းမကြီး ဘေးရှိ ဝင်း မူကြိုကျောင်း ရှေ့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် ဗိုလ်ကံညွန့်ရပ်ကွက်တွင် နေသူ ဒေါက်တာငြိမ်းသီရိအေး နှင့် မိသားစုသည် ပျောက်ဆုံးခဲ့သော ယာဉ်ဖြင့် စက်တင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီက အနောက်ဘက်မုခ်ရှိ ယာဉ်ရပ်နား နေရာ၌ ရပ်ထားခဲ့ပြီး ရွှေတိဂုံစေတီတော်သို့ တက်ရောက်ဖူးမြော်ပြီးနောက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်ရှိရာသို့ ပြန်လာခဲ့ရာ ယာဉ်မှာ ပျောက်ဆုံးနေသောကြောင့် ဒဂုံမြို့နယ် မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။


"အနောက်ဘက်မုခ်မှာ ဒီလိုကားပျောက်တာ တစ်ခါမှမရှိဘူး။ တောင်ဘက်မုခ် မှာတော့ ကားပျောက်တာ၊ ကားပစ္စည်းတွေ ဖြုတ်ခိုးတာတော့ မကြာခဏဖြစ်တယ်" ဟု အနောက်ဘက်မုခ်ဦးတွင် ၁၀ နှစ်ကျော်ကြာ ဈေးရောင်းချသူ တစ်ဦးက ပြောဆိုသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မုခ်လေးဖက်တွင် ယာဉ်ဝင်ကြေးတစ်စီးလျှင် ငွေတစ်ရာကျပ် ကောက်ခံကာ နံနက် ၄ နာရီမှ ည ၁၀ နာရီထိ ဝင်ခွင့်ပြုထားကြောင်းနှင့် ယာဉ်ရပ်နားနေရာ များတွင် CCTV ကင်မရာများ တပ်ဆင်ထားပြီး ယခုယာဉ် ပျောက်ဆုံးသော အနောက်ဘက်မုခ် ယာဉ်အဝင်အထွက် နေရာတွင်လည်း ကင်မရာနှစ်လုံး တပ်ဆင်ထားကြောင်း ဘုရားလုံခြုံရေးတစ်ဦးက ဆိုသည်။

ရွှေတိဂုံစေတီတွင် အနောက်ဘက် မုခ်၌ ယာဉ်ရပ်နားခ တစ်စီးလျှင် ကျပ် ၁၀၀ ကောက်ခံကြောင်း၊ ယာဉ်ရပ်နားနေရာတွင် ထားရှိသည့် ယာဉ်များ၏ လုံခြုံရေးကို ဘုရားလုံခြုံရေး အဖွဲ့က ဆောင်ရွက်ပေးခြင်းရှိ မရှိကို ယင်းစေတီတော်၏ တာဝန်မှူးရုံးသို့ သွားရောက် မေးမြန်းခဲ့သော်လည်း စာဖြင့် မေးမြန်းရမည်ဖြစ်ပြီး နှစ်ရက်ခန့် အကြာတွင် ရွှေတိဂုံစေတီတော် ဝက်ဘ်ဆိုက် မှ ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း အဆိုပါ တာဝန်မှူးရုံးရှိ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ်ပျောက်ဆုံးမှုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်း များနှင့် အထူးစုံစမ်းရေး အဖွဲ့များက မြို့ဝင်မြို့ထွက် တိုးဂိတ်များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ သို့ အကြောင်းကြားထားခဲ့ရာ ထောက်ကြန့်မြို့တွင် ယာဉ်ကိုသာ ပြန်လည်တွေ့ရှိခဲ့ ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ သိရှိရသည်။

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် တွင် ၂၀၁၂ ခုနှစ်၌ ယာဉ်ခိုးယူမှု နှစ်ကြိမ် တိုင်တိုင် စေတီတော်လုံခြုံရေး အဖွဲ့က ဖမ်းမိခဲ့ကြောင်း အဆိုပါအဖွဲ့ ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis