menu

Sunday 10 November 2013

ဘင်္ဂလာဒေခ်ျ့ အတိုက်အခံ ပါတီ၏ ၈၄ နာရီကြာ အထွေထွေ သပိတ် စတင်


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတိုက်အခံ ပါတီ ဘီအန်ပီ (Bangladesh National Party) ၏ ၈၄ နာရီကြာ အထွေထွေ သပိတ်ကို ယနေ့ နံနက် ၆  နာရီက စတင်လိုက်ပြီ ဖြစ်သည်။

၁၄ ပါတီဖြင့် စုပေါင်းထားသော မဟာမိတ် အတိုက်အခံတို့၏ ၈၄ နာရီကြာ သပိတ်ကြောင့် ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံလုံး ကား၊ သင်္ဘော၊ ရထား အသွားအလာများ ရပ်ဆိုင်းသွားပြီး ကျောင်းများ၊ စီးပွားရေး လုပ်ငန်းများ၊ ဈေးဆိုင်များ အားလုံးကိုလည်း ပိတ်ထားလိုက်ရပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လာမည့် အထွေထွေ ရွှေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်ပြီး လက်ရှိ အစိုးရနှင့် အတိုက်အခံ ဘီအန်ပီ ပါတီတို့ အကြား အကြီးအကျယ် သဘောထားကွဲလွဲနေရာ အတိုက်အခံ ပါတီ ဘီအန်ပီမှ အစိုးရ အစီအစဉ်ကို ကန့်ကွက် ဆန့်ကျင်သည့် အနေဖြင့် ၈၄ နာရီကြာ အထွေထွေ သပိတ်ကို ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

ထိုအတောအတွင်း လက်ရှိ အစိုးရမှ အတိုက်အခံ ဘီအန်ပီပါတီမှ ထိပ်တန်း ခေါင်းဆောင် (၅) ကို ဖမ်းဆီး ထိန်းသိမ်းလိုက်သဖြင့် အခြေအနေမှာ အထူးတင်းမာသွားခဲ့သည်ဟု ဆိုသည်။


လက်ရှိ အစိုးရမှ လာမည့် ရွှေးကောက်ပွဲကို ရွှေးကောက်တင်မြှောက်ခံထားရသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အစိုးရ၏ လက်အောက်တွင် ပြုလုပ်ပေးရန် လွှတ်တော်တွင် ဥပဒေ ပြဌာန်းထားပြီး ၎င်းအစီအစဉ်အတိုင်း ရွှေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေရာ အတိုက်အခံ ပါတီက လက်မခံဘဲ ၎င်းအစိုးရ၏ အစီအစဉ်ကို  ဆန့်ကျင်ကာ  ကြားဖြတ် အစိုးရ လက်အောက်တွင် ရွှေးကောက်ပွဲကို ကျင်းပ ပြုလုပ်ရန် တောင်းဆိုနေသည်။

အစိုးရနှင့် အတိုက်အခံ အကြား စေ့စပ်ညှိုင်းမရဘဲ ဖြစ်နေသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မူများနှင့် အတူ သပိတ်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေကာ ဆူပူ အကြမ်းဖက်မူများလည်း နိုင်ငံ အ၀န်းတွင်  ဖြစ်ပေါ်နေသည်။

အမေရိကန်၊ အီယူးနိုင်ငံများ အပါအ၀င် နိုင်ငံတကာမှ ပါတီ နှစ်ခုအကြား ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေး အဖြေရှာကြရန် တောင်းဆို နေသော်လည်း ပုဂ္ဂိုလ်ရေး အရ ထိပ်တိုင် ရင်ဆိုင်မူ ဖြစ်နေသော အမျိုးသမီး ခေါင်းဆောင် (၂) ဦး အကြား မျက်နာချင်းဆိုင်၍ မရဘဲ ဖြစ်နေသည်။

လက်ရှိ အစိုးရ ပါတီ အ၀ါမိလိဂ် ပါတီကို အမျိုးသမီး  ဥက္ကဌ ချိတ်ဟာဆီးနာမှ ဦးဆောင်ပြီး အတိုက်အခံ ပါတီ ဥက္ကဌ တာဝန်ကို နောက်ထပ် ထင်ရှားကျော်ကြားသည့် အမျိုးသမီး ခေါင်းဆောင်တစ်ဦး ဖြစ်သူ ခါလစ်ဒါဇီယာက ဦးဆောင်ထားသည်။

အဆိုပါ အမျိုးသမီး ခေါင်းဆောင်နှစ်ဦးသည် လူထု ဟောပြောပွဲများမှ တဆင့် တစ်ဦးကို တစ်ဦး အကြီးအကျယ် ပုတ်ခတ် ထိုးနက် တိုက်ခိုက်နေကြသည်ဟု သတင်းများတွင် ဖေါ်ပြသည်။

လွန်ခဲ့သော အပတ်ကလည်း  အတိုက်အခံတို့က (၃) ရက်ကြာ အထွေထွေ သပိတ်တိုက်ပွဲကို ခေါ်ယူခဲ့ရာ အဆိုပါ သပိတ်အတွင်း လူပေါင်း (၁၅) ဦးခန့် သေဆုံးခဲ့ပြီး ဈေးဆိုင်များ၊ ကားများလည်း မီးရှို့ဖျက်ဆီး တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့တွင် စတင်သော သပိတ်တိုက်ပွဲသည် လာမည့် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီမှ ပြီးဆုံးမည်ဟု သိရသည်။

သပိတ်တိုက်ပွဲကြောင့် အများစု ဘင်္ဂလီ ပြည်သူများမှာ အိမ်ထဲတွင် နေထိုင်နေကြရပြီး သပိတ်တိုက်ပွဲကြောင့် တိုင်းပြည်၏ စီးပွားရေးကို အထူး ထိခိုက်စေသလို တိုင်းပြည်၏ အဓိက လူထု ဖြစ်သော လက်လုပ် လက်စားများအားလည်း အကြီးအကျယ် အခက်အခဲ ကျရောက် ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

(နိရဉ္စရာ- ၁၀ နိုဝင်္ဘာ ၂၀၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis