menu

Sunday 10 November 2013

လေယာဉ် အကူးအပြောင်း လွယ်ကူသည့် Fly-Thru ဝန်ဆောင်မှုစတင်

Photo: လေယာဉ် အကူးအပြောင်း လွယ်ကူသည့် Fly-Thru ဝန်ဆောင်မှုစတင်

ရန်ကုန်၊ နိုဝင်ဘာ ၉

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှတစ်ဆင့် အခြားနိုင်ငံများသို့ ခရီးသွားလိုသည့် ရန်ကုန် ခရီးသည်များအတွက် လေယာဉ် အကူးအပြောင်း လွယ်ကူစေမည့် Air Asia လေကြောင်းလိုင်း၏ Fly-Thru အထူးဝန်ဆောင်မှုကို စတင်နေပြီ ဖြစ်ကြောင်း Thai Air Asia ၏ စီးပွားရေး ဒါရိုက်တာ Santisuk Klongchaiya က ပြောကြားသည်။

ယင်းအထူးဝန်ဆောင်မှုအရ ဒွန်မောင်း လေဆိပ်မှတစ်ဆင့် အခြားနိုင်ငံများသို့ ခရီးဆက်သူများသည် Check-in တစ်ကြိမ်တည်းသာ လုပ်ဆောင်ရန် လိုအပ်ပြီး ထိုင်းဗီဇာ လျှောက်ထားရန်လည်း မလိုအပ်ကြောင်း၊ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လိုင်းများကို ဖြတ်သန်းရန် မလိုသည့်အပြင် ဘန်ကောက် ဒွန်မောင်း လေဆိပ်၏ လေဆိပ်ခွန် ကင်းလွတ်ခွင့်ကို ခံစားရမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယနေ့မှစတင်၍ နိုဝင်ဘာလ ၁၇ ရက်အတွင်း Fly-Thru လေယာဉ် လက်မှတ်များကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချမည် ဖြစ်ပြီး ခရီးသွားကာလမှာ ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ဖြစ်ကြောင်း ယင်းကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံ ကရစ်တိယဝတီး ဖောင်းဖနစ်က ပြောကြားသည်။

အခြားလေကြောင်း လိုင်းများတွင်လည်း ဘန်ကောက်မှတစ်ဆင့် အခြားနိုင်ငံသို့ ခရီးဆက်ရာတွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးကို ဖြတ်သန်းစရာ မလိုကြောင်း၊ လေဆိပ်ခွန်ကိုမူ လေယာဉ် လက်မှတ်ခတွင် ထည့်သွင်းထားသဖြင့် ပေးသွင်းစရာ မလိုတော့ကြောင်း၊ ခရီးသည်များသည် မိမိပစ္စည်းကို တစ်ခါတည်း Check through လုပ်ထားပါက Boarding pass တစ်ခါတည်း ပေးထားသဖြင့် လေကြောင်းလိုင်း ပြောင်းစီးရာတွင် ခဏတာမျှသာ စောင့်ဆိုင်းရလေ့ ရှိကြောင်း ရှမ်းရိုးမ ခရီးသွားကုမ္ပဏီ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးလှအေးက သုံးသပ် ပြောကြားသည်။
“ဘာမှမထူးပါဘူး။ သာမန် Airline တွေမှာလည်း ဒီဝန်ဆောင်မှုတွေ ပေးနေတာပဲ” ဟု ဦးလှအေးက ဆိုသည်။

Air Asia လေကြောင်းလိုင်းသည် အာရှတိုက်တွင် အကြီးဆုံး လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး လေယာဉ်ပေါင်း ၁၄၀ စင်းခန့်ရှိကာ နေရာပေါင်း ၈၅ နေရာသို့ ချိတ်ဆက် ပျံသန်းနေသော လေကြောင်းလိုင်း တစ်ခုလည်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis