menu

Sunday 10 November 2013

နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေးဝင်းအတွင်း ညဥ့်နက်ပိုင်း အချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ကလပ်များနှင့် စားသောက်ဆိုင်များ ရက်အကန့်အသတ်မရှိ ပိတ်

Photo: နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေးဝင်းအတွင်း ညဥ့်နက်ပိုင်း အချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ကလပ်များနှင့် စားသောက်ဆိုင်များ ရက်အကန့်အသတ်မရှိ ပိတ်

ရန်ကုန်မြို့ အတွင်းရှိ နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေး အတွင်း၌ နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့မှုကြောင့် မင်္ဂလာဈေးဝင်း အတွင်းရှိ နိုက်ကလပ်များ၊ စင်တင်တေး ဂီတစားသောက်ဆိုင်များနှင့် ကေတီဗွီများ အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်က မင်္ဂလာဈေးဝင်းအတွင်း လူအုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား ခဲ့မှုကြောင့် နိုဝင်ဘာ ၈ ရက်မှ စတင်၍ နိုက်ကလပ်များနှင့် စားသောက်ဆိုင်များ အားလုံးကို ပိတ်ခိုင်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲခန့်တွင် သာကေတဘက်မှလာသည့် လူငယ်တစ်စုနှင့် ကလပ်တစ်ခုမှ ၀န်ထမ်းများ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာ ၇ ရက် ကလပ်ပိတ်သည့်အချိန် နံနက် ၃ နာရီခွဲခန့်တွင် အဆိုပါ သာကေတမြို့နယ် ဘက်မှလာသည့် လူငယ်တစ်စုက တုတ်၊ ဓားများဖြင့် ရောက်ရှိလာခဲ့ပြီး ကလပ်ဝန်ထမ်းများနှင့် အပြန်အလှန် အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြပြီး ၎င်းလူငယ် တစ်စုမှ တွေ့သမျှလူများအား ၀င်ရောက်ရိုက်နှက် ခဲ့ကြကြောင်း မျက်မြင်ကိုယ်တွေ့များက ပြောကြားသည်။

"မင်္ဂလာဈေးဝင်းထဲမှာ ဖွင့်ထားတဲ့ နိုက်ကလပ် တစ်ခုကို လာရင်းနဲ့ ရန်ဖြစ်တာတွေ ရှိခဲ့လို့ မြို့နယ်အဆင့်ကနေ ဆိုင်တွေကို ပိတ်ထားခိုင်းပါတယ်။ အသေးစိတ် အချက်အလက်တွေကတော့ ကျွန်တော်တို့ဆီ တက်မလာသေးပါဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးက နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇေယျာကိုက "နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းက မင်္ဂလာဈေးဝင်း အတွင်းမှာ သာကေတမြို့နယ်ဘက်ကလာတဲ့ လူအုပ်စုတွေနဲ့ အခြားသူတွေ ခိုက်ရန်ဖြစ်ပွားခဲ့လို့ လုံခြုံရေးအရ ဆိုင်တွေအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားပါတယ်။ ဒီဖြစ်စဉ်မှာတော့ လူသေဆုံးမှု မရှိခဲ့ပါဘူး။ ပြန်ပြီးဖွင့်ခွင့် ပြု၊ မပြုကလည်း အေးချမ်းမှု ရှိ၊ မရှိအပေါ် မူတည်ပြီးတော့ စဉ်းစားမှာ ဖြစ်ပါတယ်" ဟု နိုဝင်ဘာ ၉ ရက်က ပြောကြားခဲ့သည်။

မင်္ဂလာဈေးဝင်းအတွင်း ညပိုင်းအငှားယာဉ်ဆွဲသည့် သူတစ်ဦးက "ရန်မဖြစ်ခင် အရင်တစ်ညက ကိုးလွှာကလပ်က ၀န်ထမ်းတွေနဲ့ သာကေတဘက်က လူငယ်တွေ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ စကားများ ရန်ဖြစ်ခဲ့တယ်လို့ သိရတယ်။ ပြီးတော့ နောက်တစ်ရက် ကလပ်ပိတ်တဲ့ အချိန်မှာ အဲ့ဒီ သာကေတဘက်က လူငယ်တွေ အုပ်လိုက်ရောက်လာပြီး ကလပ်ဝန်ထမ်းတွေနဲ့ အပြန်အလှန် ရိုက်နှက်ခဲ့တယ်။ အဲ့ဒီ လူအုပ်စုက ၀င်းထဲမှာ တွေ့သမျှလူတွေ အကုန်လိုက်ရိုက် ခဲ့တယ်" ဟု ရှင်းပြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ တာဝန်မှူး တစ်ဦးက "အဲ့ဒီနေ့က ကလပ်ဝင်းထဲမှာ ရန်ဖြစ်တယ်လို့တော့ ကြားမိတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စခန်းမှာ အမှုဖွင့်ထားတာ မရှိပါဘူး" ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခွဲခန့်ကလည်း မင်္ဂလာဈေးဝင်းအတွင်း လူငယ်နှစ်ဖွဲ့ ရန်ဖြစ်ခဲ့ကြပြီး လူငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ သိရသည်။

မင်္ဂလာဈေးဝင်းအတွင်း Asia ကလပ်၊ NASA ကလပ်၊ JJ ကလပ်၊ 9Floor ကလပ်၊ Channal V ကလပ်၊ MZ စသည့်ကလပ်များ ဖွင့်လှစ်ထားကြောင်း သိရသည်။

မင်္ဂလာဈေးအတွင်းရှိ နိုက်ကလပ် တစ်ခုအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis