menu

Sunday, 10 November 2013

ဝန်ကြီးဌာန အကြွေးများ လွှတ်တော် မဆိုင်သလိုနေ၍ မဖြစ်ကြောင်း သူရဦးရွှေမန်းဆို

နေပြည်တော်၊ နိုဝင်ဘာ ၉

ဝန်ကြီးဌာနများက နိုင်ငံတော်ထံ ပေးသွင်းရန် ကျန်နေသော ကြွေးကျန် များကို လွှတ်တော်က မဆိုင်သလို လက်ညှိုးထိုးနေ၍ မဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးဌာနများသည် ပြည်သူ၏ ဘဏ္ဍာငွေကို သုံးစွဲပြီး နိုင်ငံတော်ထံ ပြန်လည် ပေးဆပ်ရန် ကျန်ရှိနေသည်ကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနများ၏ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေသော အကြွေးများကို ယင်းဌာနများတွင်သာ တာဝန်ရှိသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်ထားပါက ပြည်ထောင်စု၏ တာဝန်ကို ကျေပွန်ရာ ရောက်မည် မဟုတ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ကော်မရှင် သို့မဟုတ် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
“အုပ်ချုပ်ရေးအဖွဲ့ကို သူတို့မှာပဲ တာဝန်ရှိတယ်လို့ လက်ညှိုးထိုးပြီးနေရင် ပြောင်းလဲလာတဲ့ ခေတ်နဲ့ မညီတော့ပါဘူး။ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေး အဖွဲ့တွေကို ကူညီရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။



လက်ရှိ ကြွေးကျန်နေသော အချို့သော ဝန်ကြီးဌာနများ၏ ကိစ္စများတွင် လွှတ်တော်အတွင်း ရောက်ရှိနေသော ကိုယ်စားလှယ်များ၏ လုပ်ငန်းများနှင့် ဆက်စပ်နေသည်ကို တွေ့မြင်နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်) က ပြောကြားသည်။

အစိုးရ အဖွဲ့အစည်းများ၏ ကြွေးကျန်များ၊ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုနှင့် အားနည်းချက်များသည် ပြည်ထောင်စု လွှတ်တော်နှင့် တိုက်ရိုက် သက်ဆိုင် နေသောကြောင့် ကိုယ်စားလှယ် များတွင်လည်း တာဝန်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန ၁၉ ခု၏ ကြွေးကျန် စုစုပေါင်းမှာ ကျပ် ၁,၁၂၅,၀၇၇ ဒသမ ၀၄၂ သန်း၊ အမေရိကန် ဒေါ်လာ ၄၄ ဒသမ ၃၈၁ မီလီယံ၊ ရွှေစင် ၁၁,၃၉၄,၈၁၃ ကျပ်သားနှင့် သံချောင်း ၅ ဒသမ ၃၆၂ တန် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis