menu

Thursday 31 October 2013

နွားများကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ရာမှ သားအဖနှစ်ဦး ရေနစ်သေဆုံး

တောင်ငူ၊ အောက်တိုဘာ ၃၀

ရေတာရှည်မြို့နယ် ဆွာရွာမ ကျေးရွာအုပ်စု အနောက်ကုန်း ကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က စစ်တောင်း မြစ်ရေကြီးမှုကြောင့် ရေဘေးအန္တရာယ် တွေ့ကြုံရမည့် နွား ၁၃ ကောင်ကို ဘေးလွတ်ရာ ကုန်းပေါ်သို့ ရွှေ့ပြောင်းစဉ် ဖခင်ဖြစ်သူနှင့် သားဖြစ်သူ နှစ်ဦးစလုံး ရေနစ်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါနေ့ နံနက် ၈ နာရီခွဲအချိန်တွင် ဆွာရွာမကျေးရွာအုပ်စု အနောက်ကုန်း ကျေးရွာနေ အသက် ၄၆ နှစ်အရွယ် ဦးသိန်းတန်နှင့် သမီးဖြစ်သူ အသက် ၁၅ နှစ် အရွယ်ရှိ မပြည့်ပြည့်ခိုင်၊ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူ မောင်ကျော်ထက်တို့ သုံးဦးသည် မိသားစုပိုင် နွား ၁၃ ကောင်ကို ရေလွတ်ရာ ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်းကြစဉ် ဆွာရွာမ အနောက်ကုန်းနှင့် ခင်တန်း ကျေးရွာကြား ရေအနက် ခုနစ်ပေနီးပါးရှိသည့် ရေနက်ပိုင်းအရောက် နွားချည်သော ကြိုးနှင့် ရစ်ပတ်မိသဖြင့် ဦးသိန်းတန်နှင့် သားဖြစ်သူ မောင်ကျော်စွာထက်တို့နှစ်ဦး ရေနစ်မြုပ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆွာမြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။

“ကလေးအလောင်းကို မတွေ့ရသေးဘူး။ ဦးသိန်းတန်ရဲ့ အလောင်းကိုတော့ အဲဒီနေ့ကပဲတွေ့တယ်။ ရေတွေက များနေတော့ မြစ်ဘက်ကို မျောသွားတယ်ထင်တာပဲ” ဟု အနောက်ကုန်းကျေးရွာ ရာအိမ်မှူးတစ်ဦးက ပြောကြားသည်။
အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်ပြီး ဆွာမြို့မရဲစခန်းက သေမှုသေခင်းအမှတ် ၇/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကာ သုံးရက်ဆက်တိုက် စံချိန်တင် ရွာသွန်းသောမိုးကြောင့် စစ်တောင်းမြစ်၏ စိုးရိမ်ရေမှတ်အထက် ၇၅ စင်တီမီတာ ကျော်လွန် ရောက်ရှိပြီး တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့တို့တွင် စစ်တောင်းမြစ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သဖြင့် ရေဘေး ဒုက္ခသည်စခန်းပေါင်း ၂၂ ခု ဖွင့်လှစ်ကာ ကျေးရွာအုပ်စုပေါင်း ၃၀ ကျော်၊ အိမ်ထောင်စုပေါင်း ၈၀၀ နီးပါး၊ လူဦးရေ စုစုပေါင်း ၈၀၀၀ ခန့် ခိုလှုံ ရောက်ရှိနေကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis