menu

Thursday 31 October 2013

ရန်ကုန်လွတ်လပ်ရေး ကျောက်တိုင်မှ နယူးယောက် လေဘာတီရုပ်တုသို့ မက်ဆေ့ခ်ျ....(သန်းထိုက် (သာကေတ))

8.1.1
ရန်ကုန်မြို့ ဆူးလေစေတီ တစ်ဝိုက်နှင့် မဟာဗန္ဓုလ ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ)အောင်မျိုးသန့်

ကျွန်ုပ် မြန်မာနိုင်ငံ လွတ်လပ်ရေး ကျောက်တိုင်မှ အဆွေတော် အမေရိကန်နိုင်ငံ လေဘာတီ ရုပ်တုဆီသို့ သတင်းစကား (မက်ဆေ့ခ်ျ) ပို့လိုက်ပါတယ်။
အရင်ကဆိုရင် အဆွေတော် လေဘာတီ ရုပ်တုကြီးနဲ့ ကျွန်ုပ်အလွန် အလှမ်းဝေးလှပါတယ်။ ယနေ့ကမ္ဘာကြီးက နည်းပညာတွေ တိုးတက်လာတဲ့ အကျိုးဆက်ကြောင့် ကမ္ဘာကြီးက အလွန်သေးငယ်သွားတယ် ထင်ရပါတယ်။ အရင်ကဆိုရင် အဆွေတော်ဆီကို သတင်းစကားပါးဖို့ဆိုတာ ခက်လှတယ် မဟုတ်လား။ သင်က ကမ္ဘာအနောက်မှာ ကျွန်ုပ်က ကမ္ဘာအရှေ့မှာမို့ မိုင်ပေါင်းများစွာ ဝေးကွာလွန်းပြီး နာမည်ကြားဖူးရုံသာ ရှိခဲ့ပါတယ်။ အခုတော့ နည်းပညာတွေ တိုးတက်လာလို့ သင်ရှိရာ နေရာမှာ ဖြစ်ပျက်လှုပ်ရှားနေတဲ့ လူသားတို့ သရုပ်အမှန်ကို ကျွန်ုပ်သိရသလို ကျွန်ုပ်ရှိရာ မြန်မာနိုင်ငံ လူမျိုးများရဲ့ နေ့စဉ်လူမှုဘ၀ ဖြစ်စဉ်အမှန် တွေကိုလည်း သင်အမြဲမပြတ် သိရှိနေနိုင်ပြီလို့ ထင်ပါတယ်။ တစ်ခါတစ်ရံမှာ အကြောင်းတစ်စုံ တစ်ရာကြောင့် လူတချို့ကြောင့်လဲ အမှန်တွေကို မသိမမြင် ဖြစ်တတ်ပါတယ်။ ကျွန်ုပ်နိုင်ငံရဲ့ အဖြစ်မှန်၊ သဘောထား အမှန်တွေကို သိရှိနိုင်စေဖို့ သတင်းစကား ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။
ကျွန်ုပ်က မြန်မာနိုင်ငံ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ အတွင်းမှာ တည်ရှိပါတယ်။ အရှေ့အနောက် မဟာဗန္ဓုလ လမ်းမကြီးနဲ့ တောင်မြောက် ဆူးလေဘုရား လမ်းဆုံရာ အရပ်တွင် ရှိပါတယ်။ ဆူးလေဘုရားနဲ့ ကျွန်ုပ်တို့က မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းနဲ့ ပစ္စုပ္ပန် ဖြစ်ရပ်မျိုးစုံကို ခိုင်ခိုင်မာမာ သိရှိမှတ်တမ်း တင်ထားနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးကြီးမားသော ၀ိသေသလက္ခဏာ ရှိသူများ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ အဆွေတော် လေဘာတီ ရုပ်တုကြီးကလည်း အမေရိကန်နိုင်ငံ သာမက ကမ္ဘာ့နိုင်ငံပေါင်းစုံ၊ လူမျိုးစုံ၊ ဘာသာစုံတို့ အလေးထား အသိအမှတ် ပြုကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ အတိတ်သမိုင်းနဲ့ လွတ်လပ်ရေးကို ဖော်ညွှန်းထားပါတယ်။ သင်လေဘာတီရုပ်တုရဲ့ ၀ိသေသလက္ခဏာ တွေဖြစ်တဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ညီမျှခြင်း ပြယုဂ်တို့အတွက် နိုင်ငံတကာ ပြည်သူများက လေးစားကြပါတယ်။
ကမ္ဘာ့လူသားတစ်ဦး ဆူးလေဘုရားကို တစ်ပတ်ပတ်ပြီး ဒိဋ္ဌမြင်တွေ့ ကြားသိရမှုများ၊ ယုံကြည်ခံစား မှုများသည် မြန်မာတစ်နိုင်ငံလုံး၏ ပုံရိပ်ကို ကိုယ်စားပြု ထင်ဟပ်စေပါတယ်။ ကျွန်ုပ်ပေးပို့သော သတင်းစကားကို လေဘာတီ ရုပ်တုကြီးက မြန်မာနိုင်ငံကိုယ်စား ကမ္ဘာလူသားများဆီသို့ တစ်ဆင့်စကား ပါးပေးပါရန် မေတ္တာရပ်ခံပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက် ပြောကြားသည်ထက် အဆွေတော်ရဲ့ ကြီးမားလေးစားအပ်သော ဂုဏ်အင်္ဂါကြောင့် ကမ္ဘာသူ ကမ္ဘာသားများက ပို၍ယုံကြည်လက်ခံ အမြင်ရှင်းမယ် လို့လည်း ထင်မြင်ယူဆပါတယ်။ ယခုသတင်းစကားသည် မြန်မာနိုင်ငံတွင် နေထိုင်ဖြစ်သော နိုင်ငံသားများ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး တို့အတွက် အရေးပါသည်ကိုလည်း ဖြည့်စွက်ပြောကြား လိုပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိခံစား နိုင်ရေးသည် နိုင်ငံတွင်းရှိ နိုင်ငံသားများ၏ ပြင်းပြသော ရည်မှန်းချက် ဆန္ဒများဖြစ်သည်ဟု ကျွန်ုပ်သိရှိ ယုံကြည်ကြောင်း ထပ်မံပြောကြား လိုပါတယ်။
ရန်ကုန်မြို့ ဆူးလေဘုရားရဲ့ အရှေ့ဘက် မဟာဗန္ဓုလ လမ်းမကြီးပေါ်မှာ ရန်ကုန်မြို့တော်ခန်းမနဲ့ ကျွန်ုပ်ရှိရာ ပန်းခြံတို့ မျက်နှာချင်းဆိုင် တည်ရှိပါတယ်။ ပန်းခြံနဲ့ကပ်လျက် လမ်းထောင့်မှာ ဧမာနွေလ ဘုရားကျောင်း(ချပ်) တည်ရှိပါတယ်။ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာနေရာ ဖြစ်ပါတယ်။ ထိုဝတ်ပြု ဆုတောင်းရာ နေရာသည် ကျွန်ုပ်လွတ်လပ်ရေး ကျောက်တိုင်ထက်ပင် ရှေးကျလှပါတယ်။ ယနေ့ထက်တိုင် အလှမပျက် ခံ့ညားထည်ဝါစွာ ရှိနေပါတယ်။ လမ်းမကြီးရဲ့ အရှေ့ကို လှမ်းမျှော်ကြည့်လိုက်ရင် လူနေတိုက်ခန်းများ၊ ဈေးဆိုင်ခန်းများ၊ ကုမ္ပဏီရုံးခန်းများ၊ ရှော့ပင်းစင်တာများနဲ့ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသားများ သွားလာလှုပ်ရှား နေကြတာ တွေ့ရပါတယ်။ မိမိတို့ဆိုင်ရာ လုပ်ငန်းဆောင်တာ အ၀၀ကို လွတ်လပ်စွာ ပြုမူလှုပ်ရှား နေကြပါတယ်။
မြန်မာဝတ်စုံ လုံချည်၊ အင်္ကျီ၊ ထဘီကို ၀တ်ပြီး ကတ္တီပါဖိနပ် စီးထားသူတွေ၊ အနောက်တိုင်းဝတ်စုံ နက်ကတိုင်နဲ့ ဘောင်းဘီရှည် ၀တ်ထားသူတွေ၊ အိန္ဒိယ၀တ်စုံ လက်ရှည်အင်္ကျီနဲ့ ဆာရီခြုံပြီး ရောင်စုံခြယ်သ ထားသူတွေ၊ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ တက်တူး ထိုးထားတဲ့ လူငယ်တွေ၊ ဒေါက်ဖိနပ် လေဒီရှူးနဲ့ စကတ်တိုဝတ်ပြီး စတိုင်ကျနေသူတွေ နေ့စဉ်အချိန်နဲ့အမျှ တွေ့နေရပါတယ်။

လောဘာတီ ရုပ်တုကြီး၏ အိုင်ကွန်ဖြစ်သော လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ငြိမ်းချမ်းခြင်း ဆိုသည့် ဂုဏ်ဒြပ်နှင့်အညီ မြန်မာနိုင်ငံ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ဖြစ်သော ကျွန်ုပ်မှ ပေးပို့သော သတင်းစကား (မက်ဆေ့ခ်ျ)ကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များ၊ ကမ္ဘာသူ ကမ္ဘာသားများဆီသို့ ပေးပို့ပါရန် မေတ္တာရပ်ခံပါတယ်...
ကျွန်ုပ်က ရန်ကုန်မြို့လယ်ကောင်မှာ ရှိနေတဲ့အတွက် မြန်မာ့ရိုးရာ စားစရာတွေဖြစ်တဲ့ ငါးပိရည်နဲ့ မုန့်ဟင်းခါးနံ့တွေအပြင် ချာပါတီ၊ ဒံပေါက်၊ ထောပတ်ထမင်း အပါအ၀င် မဆလာလို ဟင်းခတ် အမွှေးအကြိုင်နံ့တွေ၊ ဘဲကင်နဲ့ ခေါက်ဆွဲကြော် အနံ့တွေ၊ အခေါက်ကင်နဲ့ ၀က်အူချောင်းတွေ၊ သစ်သီးစုံ ပဲဟင်းနဲ့ ဆိတ်သားရနံ့တွေ၊ ဒိန်ချဉ်နဲ့ မနုဿနီဟင်းရည် အနံ့တွေ၊ ဒိုးနတ်၊ ကိုရီးယား ပဲခေါက်ဆွဲနဲ့ ဆူရှီတွေနဲ့ ဟန်ဘာဂါ ကြက်ကြော်နဲ့ ပေါက်ပေါက်၊ မလေးရှားခေါက်ဆွဲနဲ့ ထိုင်းသင်္ဘောသီးထောင်း အနံ့တွေ နေ့စဉ်ရှူရှိုက် နေရပါတယ်။ လေဘာတီမြို့ ကြုံကြိုက်လို့ ရောက်ခဲ့ရင် အရှေ့အနောက် တောင်မြောက်က နိုင်ငံစုံ လူမျိုးစုံတို့ရဲ့ အစားအစာတွေ ရန်ကုန်မြို့ တစ်နေရာတည်းမှာ သုံးဆောင်နိုင်ပါတယ်။
အပန်းဖြေ အနားယူချင်တဲ့အခါ အနုပညာ၊ ရုပ်ရှင်၊ ဂီတနဲ့ စာပေတွေရှိပါတယ်။ မိမိဝါသနာပါရာ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို လွတ်လပ်စွာ ၀ယ်ယူဖတ်ရှု နိုင်ပါတယ်။ အင်တာနက်နဲ့ တီဗွီတွေမှာ ကိုရီးယားကား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနဲ့ အီတာလျံ ရုပ်ရှင်ကားတွေ၊ အင်္ဂလိပ်နဲ့ စပိန်ကားတွေ၊ သရဲကားမျိုးစုံ ကြည့်နိုင်ပါတယ်။ ဟောလိဝုဒ်၊ ဘောလိဝုဒ်နဲ့ နိုင်ငံခြားဝုဒ်မျိုးစုံက ထုတ်လုပ်တဲ့ ရသမျိုးစုံ ခံစားကြည့်ရှုလို့ ရပါတယ်။ ပေါ့ပ်ဂီတ၊ ရော့ခ်ဂီတ၊ အိုပါဂန်နမ်စတိုင်လ်တွေနဲ့ ရွှင်မြူးကခုန် ချင်ရင်လည်း ရပါတယ်။ စောင်းသံ၊ ဗုံသံ၊ ဂီတာသံ၊ ဘင်ဂျိုသံ၊ စန္ဒရားသံနဲ့ ဒရမ်သံ၊ ဒီဂျေသံတွေနဲ့ မြူးကြွခံစား နိုင်ပါတယ်။
ကျွန်ုပ်ရဲ့ ပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာ ဆူးလေဘုရားရှိပြီး ရွတ်ဖတ်ပူဇော်သံ၊ ကြေးစည်သံတွေ ကြားရပါတယ်။ ခရစ်ယာန်ချပ်မှ ၀တ်ပြုဆုတောင်းသံနဲ့ သာယာငြိမ့်ညောင်းလှတဲ့ ဂီတသံ၊ မေတ္တာတေးသံကို ကြားရပါတယ်။ မွတ်စလင် ဘာသာဝင်တို့ရဲ့ ဗလီမှ ၀တ်ပြုဆုတောင်းသံ၊ ရွတ်ဖတ်သံတွေ၊ ဟိန္ဒူဘုရား ကျောင်းများမှ တီးမှုတ်ကခုန် ဆုတောင်းသံတွေ၊ တရုတ်ဘုံကျောင်းများမှ နံသာရနံ့များနဲ့ အလင်းရောင်များကို ကြားရမြင်ရ တွေ့နေရပါတယ်။ သူတို့ရဲ့ဆိုင်ရာ ပွဲတော်များမှာဆိုရင် ကျွန်ုပ်ရှိရာ ပန်းခြံကို လှည့်ပတ်သွားလာ နေကြတာ နှစ်စဉ်ပါပဲ။
လူမှုရေး၊ စီးပွားရေး၊ ဒီမိုကရေစီ ရေးပါမကျန် ကျွန်ုပ်ရှိရာ ပန်းခြံကို လာရောက်ပြီး ဆန္ဒတွေဖော်ထုတ် ကြပါသေးတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား အခွင့်အရေးတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ၊ ခေါင်းပုံဖြတ် ဖိနှိပ်ခံရမှုတွေ၊ အကြမ်းဖက် နှိမ်နင်းခံရမှုတွေ၊ အစိုးရနဲ့ သက်ဆိုင်ရာများရဲ့ လုပ်ရပ်အပေါ် မကျေနပ်မှုတွေ၊ လိုအပ်မှုတွေအတွက် ဆန္ဒထုတ်ဖော် ကြတာလည်း မကြာခဏ တွေ့ရပါတယ်။ ဒါကဘာကို ညွှန်ပြသလဲဆိုရင် ကျွန်ုပ်နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လွတ်လပ်ရရှိမှု ကိုပါပဲ။ အဲဒီဖြစ်ရပ်တွေမှာ လူမျိုးစုံ၊ ဘာသာစုံ၊ အရောင်အသွေးစုံ၊ အရွယ်စုံ တွေ့ရပါတယ်။
ကျွန်ုပ်က ရန်ကုန်မြို့လယ်ကောင်မှာ ရှိနေတဲ့အတွက် မြန်မာ့နိုင်ငံရေး သမိုင်းကို အမြဲမပြတ် သိရှိမြင်တွေ့ ကြားသိပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိဖို့ တိုက်ပွဲဝင်ခဲ့ ကြတုန်းကလည်း တိုင်းရင်းသားမျိုးစုံ၊ ဘာသာပေါင်းစုံ ပါဝင်ခဲ့ကြတာကို မှတ်တမ်း တင်ထားပါတယ်။ လွတ်လပ်ရေးအောင်ပွဲ ဆင်နွှဲခဲ့ကြတုန်းကလဲ လူမျိုးစုံ၊ ဘာသာစုံ၊ အရောင်အသွေး ပျော်ရွှင်စွာ ပါဝင်ခဲ့ကြပါတယ်။ တစ်ပါတီ အာဏာရှင်စနစ် အောက်မှာလည်း အားလုံးဖိနှိပ် ချုပ်ချယ်ငတ်မွတ် ခံစားခဲ့ကြရပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလနဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ တုန်းကလည်း သူတို့တွေ ပါဝင်ခဲ့တာ ကျွန်ုပ်သိရှိ ထားပါတယ်။ သမိုင်းမှာ အထောက်အထား ရှိပါတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ အေးအတူ ပူအမျှ အတူတကွ မျှဝေခံစား ကြိုးစားခဲ့ကြတာ ကျွန်ုပ်အသိဆုံး ဖြစ်ပါတယ်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံရေး အခြေအနေက လှုပ်ခတ်နေပါတယ်။ မြန်မာနိုင်ငံကလည်း သင့်ရဲ့ အမေရိကန် နိုင်ငံလိုပဲ လွတ်လပ်ရေး ကြိုးပမ်းခဲ့ရမှု သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ နယ်ချဲ့ စနစ်ဒဏ်ကြောင့် တိုင်းရင်းသားများ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု ဖျက်ဆီးခံခဲ့ ရပါတယ်။ စိတ်ဝမ်းကွဲပြား အမြင်မှား မှုတွေကြောင့် ပေါ်ပေါက်လာရတဲ့ ဆိုးမွေတွေ အခုအချိန်ထိ ရှိနေဆဲပါ။ ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းတွေကြား ဖြစ်ပေါ်တတ်တဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေး သမိုင်းကြောင်းနဲ့ ဆက်နွှယ်ပြီး ပေါ်ပေါက်လာရတဲ့ အကြောင်းတရား ဆက်တွေသာ ဖြစ်ပါတယ်။
နိုင်ငံသား အားလုံးက သာယာဝပြောသော လူ့အဖွဲ့အစည်းကိုသာ လိုလားတောင့်တ ကြပါတယ်။ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တန်းတူညီမျှခြင်းကို အခြေခံတဲ့ ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းကိုသာ ရရှိခံစား ချင်ကြပါတယ်။
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ အပါအ၀င် ဘာသာမျိုးစုံ၊ လူမျိုးစုံတို့ နိုင်ငံခြား တိုင်းပြည်တွင် သွားရောက် လုပ်ကိုင်နေရာမှ လုံခြုံစိတ်ချရမှု အားနည်းလာမှုကြောင့် နိုင်ငံသို့ ပြန်လည် ထွက်ခွာကြတာ နိုင်ငံတကာ အသိပင် ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဇွန်လအတွင်း ထုတ်ပြန်ချက်အရ ကမ္ဘာ့ဒုက္ခသည် အများဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် (၇) နေရာတွင် ရှိနေသည်ဟု ဆိုပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေပါတယ်။
ကျွန်ုပ်နိုင်ငံရဲ့ မှားယွင်းသော အုပ်ချုပ်ရေး စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်လာရတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ အခြားနိုင်ငံများနဲ့ များစွာနောက်ကျ ကျန်ခဲ့ရပါတယ်။ ထိုအကျိုးဆက်များကို ယနေ့နိုင်ငံသား သန်း ၆၀ က ခံစားနေရပြီး ပြုပြင်ပြောင်းလဲ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ နိုင်ငံတကာမှ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြားသော အကူအညီများက အရေးကြီးပါတယ်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများ၏ ပကတိ စစ်မှန်သော စိတ်နေစိတ်ထား သဘောထား အမြင်များ၊ ရပ်တည်မှုများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ်ဆက် ထမ်းဆောင်ခဲ့သော ဦးသန့်နဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့က ကမ္ဘာကို ရှင်းလင်းစွာ ပြသခဲ့ပြီ ဖြစ်ပါတယ်။ လောဘာတီ ရုပ်တုကြီး၏ အိုင်ကွန်ဖြစ်သော လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ငြိမ်းချမ်းခြင်း ဆိုသည့် ဂုဏ်ဒြပ်နှင့်အညီ မြန်မာနိုင်ငံ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ဖြစ်သော ကျွန်ုပ်မှ ပေးပို့သော သတင်းစကား (မက်ဆေ့ခ်ျ)ကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များ၊ ကမ္ဘာသူ ကမ္ဘာသားများဆီသို့ ပေးပို့ပါရန် မေတ္တာရပ်ခံပါတယ်။
မြန်မာနိုင်ငံ အတွင်းရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့၏ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ခံစားနိုင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးကူညီရာ ရောက်မည့် သတင်းစကား ဖြစ်ပါစေကြောင်း ကျွန်ုပ်ယုံကြည် မျှော်လင့်နေပါတယ်။
အဆွေတော် လေဘာတီရုပ်တုကြီးနှင့် နိုင်ငံသားများ ကောင်းကျိုးအဖြာဖြာ ပြည့်ဝတည်တံ့ နေနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis