menu

Thursday 31 October 2013

အိန္ဒိယဘတ်စ်ကား ပေါက်ကွဲမှု ၄၄ ဦး သေဆုံး


for_idabpkts_afp

နယူးဒေလီ၊ အောက်တိုဘာ ၃၀

အိန္ဒိယနိုင်ငံတောင်ပိုင်း အဝေးပြေး လမ်းမပေါ်တွင် ဘတ်စ်ကားတစ်စီးသည် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး မီးလောင် ပေါက်ကွဲခဲ့ရာမှ စုစုပေါင်းလူ ၄၄ ဦး သေဆုံး ခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဘင်္ဂလောနှင့် ဟိုင်ဒရာဘတ်အသွား အဝေးပြေးလမ်းမပေါ်ရှိ အလယ်ကျွန်းကို ဝင်ရောက်တိုက်မိပြီး ဆီတိုင်ကီ မီးလောင် ပေါက်ကွဲရာမှ အဆိုပါ မတော်တဆ ဖြစ်ရပ်ဆိုး တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗန်ကာတက်ရဝါလုက ပြောကြားသည်။
“ကလေးတွေ အပါအဝင် သေဆုံးသူ ၄၄ယောက် ရှိပါတယ်” ဟု ဗန်ကာတက်ရှ်ဝါလုက AFP သို့ ပြောကြားသည်။
ယာဉ်မောင်းနှင့် ယာဉ်အကူ အပါအဝင် ကျန် ၄၉ ဦးက ပြတင်းပေါက်များကို ရိုက်ဖွင့်ကာ ခုန်ထွက် လွတ်မြောက်သွားခဲ့ပြီး ကျန်ခရီးသည်များက သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“ယာဉ်မောင်းနဲ့ သန့်ရှင်းရေး ဝန်ထမ်းက ပြေးဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ရဲကဖမ်းမိခဲ့ပြီး အခုသူတို့ကို စစ်ဆေး မေးမြန်းနေပါတယ်” ဟု ရဲအရာရှိက ပြောကြားခဲ့သည်။

ဆေးရုံတင်ပြီး ကုသထားရသူ သုံးဦးလည်း ရှိကြောင်း အာဏာပိုင်များထံမှ သိရှိရသည်။
အခင်းဖြစ်ပွားစဉ် ခရီးသည်များ အားလုံးမှာ အိပ်ပျော်နေလျက် ရှိသောကြောင့် လွတ်မြောက်ရန် ရုတ်တရက် ကြိုးပမ်းရန် မတတ်နိုင်ခဲ့ဘဲ ပေါက်ကွဲမီးလောင်မှု ဒဏ်ခံခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ အများစုမှာ မီးထဲတွင် ပြင်းထန်စွာ လောင်ကျွမ်းခံလိုက်ရသဖြင့် ကျန်ရစ်သူ မိသားစုများက မမှတ်မိကြတော့ကြောင်း ယင်းသတင်းက ဆိုသည်။
အိန္ဒိယနိုင်ငံတွင် ၁၅ နာရီတိုင်းတစ်ကြိမ် ယာဉ်မတော်တဆမှု ဖြစ်နေကြောင်း စုဆောင်းထားသည့် ကိန်းဂဏန်းများကို ကိုးကား၍ တာဝန်ရှိသူများက ပြောကြားသည်။
၂၀၁၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုနှင့် ဆက်စပ်၍ သေဆုံးသူ တစ်သိန်းလေးသောင်းဝန်းကျင် ရှိကြောင်း အစိုးရ၏ အမျိုးသား မှုခင်းမှတ်တမ်း ဗျူရိုက အတည်ပြု ကြေညာထားသည်။
ယခုနှစ် မေလအတွင်းကလည်း လူများပြည့်နေသော ဘတ်စ်ကားတစ်စီးက အိန္ဒိယမြောက်ပိုင်း ဟီမားချားပရာဒက်ရှ် ပြည်နယ်တွင် ရေစီးသန်သော မြစ်အတွင်းသို့ ထိုးကျသွားခဲ့ရာ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ရသေးသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis