menu

Thursday 31 October 2013

လရောင် ကြောက်သူ - ၂.....(ဂျူး)



ပထမပိုင်းမှ အဆက် -

". . . ဟင် . . . ဝေ  . . . ဘာလုပ်နေတာလဲ" တဲ့ သူ့အသံက သိပ်အိပ်ချင်မူးတူးအသံ၊ ကျွန်မ ဒေါသထွက်လွန်းလို့  သူ့တစ်ကိုယ်လုံး ထုနှက် ရိုက်ပုတ်မိတယ် ၊ သူက ဘာမှနားမလည်တဲ့ပုံစံနဲ့ ကျွန်မကိုဆွဲဖယ်တယ်လေ ။

". . . 'ကောင်မလေး ဘယ်ကျန်ခဲ့လဲ' ဆိုတော့ သူကမျက်နှာမပျက်ဘူး၊ ကျွန်မကို ဘာတွေလာပြောနေပါလိမ့်ဆိုတဲ့၊ဇဝေဇ၀ါအကြည့်မျိုးနဲ့ကြည့်လို့ ၊ ဘယ်ကကောင်မလေးလဲတဲ့၊ သူ့အမူအရာဟာ ဟန်ဆောင်နေတဲ့ အမူအရာမဟုတ်ဘူး ဒေါက်တာရယ်၊ လူတစ်ယောက် အထူးသဖြင့် ကိုယ့်ယောက်ျား ဟန်ဆောင်နေတာလား တကယ့်မျက်နှာလားဆိုတာ ကျွန်မသိပါတယ်၊ဒီလောက်တော့ကျွန်မသိပါတယ်၊ဒါနဲ့သူ့ကို ဘယ်သွားနေတာလဲလို့ အသံမာမာနဲ့ပဲ မေးမိတယ် ၊ သူက သူ့ဟာသူ လမ်းထလျှောက်မိတာကိုအမှတ်မရဘူးနဲ့တူတယ် ၊ အိမ်သာသွားတာဖြစ်လိမ့်မယ်တဲ့ ၊ သူကောင်းကောင်းမမှတ်မိဘူးတဲ့ ၊သူတကယ်နိုးသွားတဲ့အခါ ကျွန်မက သူ့ဘေးမှာရပ်ပြီး ငိုနေပြီတဲ့ ၊ ဖြစ်နိုင်ပါ့မလား ဒေါက်တာရယ်၊ လူတစ်ယောက်ဟာ အိပ်ရာက နိုးလို့လမ်းထလျှောက်တာတောင် သူ့ဟာသူ မသိဘူးဆိုတာဖြစ်နိုင်ပါ့မလား၊ အိမ်မက်မက်ရင်း လမ်းထလျှောက်တတ်တဲ့လူတို့ဘာတို့ ကျွန်မကြားဖူးပါတယ်"

"ညီမ၀မ်းကွဲ တစ်ယောက်တောင် အဲဒီအကျင့်ရှိသေးတယ်၊ သူကတော့ အိပ်ရာပေါ်က လိမ်ကျတတ်တယ်၊ အခန်းထဲကထွက်သွားတတ်တယ်၊ ဒါပေမယ့် အိမ်ထောင်ပရိဘောဂ တစ်ခုခု ဒါမှမဟုတ် နရံ တစ်ခုခုနဲ့ တိုက်မိပြီးနိုးသွားတတ်တယ်၊ ငါးမိနစ်တောင် မကြာဘူးနိုးလာတတ်တာပဲ၊ သူ့အိပ်ရာ သူပြန်ရောက်တတ်တာပဲ၊ကျွန်မယောက်ျားအဖြစ်က ဒါမျိုးမှမဟုတ်ဘဲ နောက်ပြီး အိမ်ထောင်သက် ဒီလောက်ကြာခဲ့ပြီပဲ၊သူသာ အဲဒီအကျင့်ရှိရင် ကျွန်မက အသိဆုံးလူဖြစ်မှာပေါ့ ။  "


"…..ကျွန်မမှာ လက်ခံရအခက်၊ လက်မခံရ အခက်နဲ့၊ မနက်လင်းလို့ ညက ပြသာနာကို မေးကြည့်တော့ သူဘာမှမမှတ်မိဘူးတဲ့ ၊ ဒီလိုနဲ့ ကျွန်မ ညညမှာ တစ်ရေးမနိုးမှာ ကြောက်လို့ သတိထားအိပ်လာရတော့အိပ်ရေးတွေ ပျက်လို့၊ သူက အိပ်ရာဘေးမှာ ရှိတတ်ပြန်ရော ၊ ကျွန်မ ခဏခဏ ထစမ်းကြည့်လွန်းလို့၊သူနိုးလာရင် ကျွန်မကို ငေါက်တတ်သေးတယ်၊ ကျွန်မရဲ့သံသယတွေက သူ့ကို တစ်နေ့တစ်ခြား စော်ကားနေတာတဲ့၊ကျွန်မတို့ ခဏခဏ ရန်ဖြစ်ရတယ်၊ အထူးသဖြင့် သူပျောက်ပျောက်သွားတတ်တဲ့ ညတွေမှာပေါ့၊ ၊လေးငါးဆယ်ရက်လောက် မပျောက်ဘဲရှိချင် ရှိတတ်တယ်၊ ပျောက်တဲ့ညကျပြန်တော့ ပျောက်မှန်း ကျွန်မသိလို့လိုက်ရှာဖို့ ဟန်ပြင်ခြံထဲဆင်း တော့မယ်ဆိုရင် သူပြန်ရောက်လာတတ်တယ်၊ နောက်ပိုင်းတွေမှာတော့သတိထားမိတာ တစ်ခုရှိတယ် ဒေါက်တာရဲ့၊ သူက လသာတဲ့ညတွေဆို ပျောက်ပျောက်သွားတတ်တာကိုး၊သမန်းကျားတို့ ဘာတို့ ယုံတမ်းစကားတွေလိုမျိုးဖြစ်နေမလားလို့ ကျွန်မပူပင်လွန်းလို့ အမေနဲ့တိုင်ပင်ကြည့်တော့ အမေက အဲဒါမျိုး တကယ်မရှိပါဘူးတဲ့၊ မစိုးရိမ်ပါနဲ့တဲ့။

"…. ကျွန်မမှာ စက်ထဲက အလုပ်သမကလေးတွေကို အကဲခတ်ရပါများလို့ သူတို့ကရော၊ ကျွန်မယောက်ျားကပါမကြည်မလင်ဖြစ်လာတယ်၊ ဒါပေမယ့် ဘာပြသာနာမှ မပေါ်လာဘူး၊ ဥပမာ တစ်ယောက်ယောက် ထွက်သွားတာတို့၊ကိုယ်ဝန်ပျက်ကျတာတို့၊ ကျွန်မကလဲ ဒီလောက်ပဲ အကဲခတ်တတ်တာကိုး၊ နောက်တော့ စက်ရှံက အလုပ်သမကလေးတွေကိုလစာကြိုထုတ်ပေးပြီး အလုပ်ဖြုတ်ပစ်လိုက်တယ်၊ သူတို့နဲ့ ကျွန်မယောက်ျား နီးစပ်နေမှာကိုကျွန်မကြောက်တယ်လေ၊ နောက်ပြီး ခြံဝင်းတံခါးသော့ကို အခန်းနံရံမှာ မချိတ်ထားတော့ပဲ ကျွန်မညတိုင်းဝှက်ထားတော့တယ် ၊ ၀ှက်ထားတဲ့နေရာကလည်း တစ်နေရာနဲ့တစ်နေရာ မတူအောင် ထားရတာပေါ့၊ အဲဒီလောက်တော့ ကျွန်မလည်း ဥာဏ်သွားပါသေးတယ်။"

"ဒီလိုနဲ့ နောက်တစ်နှစ်လောက် သံသယဖြစ်လိုက် မဖြစ်လိုက်နဲ့ အခြေအနေမပျက် အမူအရာမပျက်ရှိခဲ့ရာက ကျွန်မမှာ ကိုယ်ဝန်ရှိလာတယ် ၊ ကျွန်မတို့နှစ်ယောက်စလုံး တော်တော်ကြည်နူးခဲ့ရတယ်၊ ကိုယ်ဝန်နဲ့ပတ်သက်လို့ သူကျွန်မကို တော်တော်လေးဂရုစိုက်ခဲ့တာကို ကျွန်မ ၀န်ခံရမှာပဲ၊ ကျွန်မ မပင်ပန်းအောင် ကျွန်မအလုပ်တော်တော်များကို သူကူပေးခဲ့တယ် ၊ ဒါ့အပြင် ကျွန်မတို့နဲ့ဆွေမျိုးနီးစပ် မကင်းတဲ့ တစ်ယောက်ယောက်ကို ကူဖော်လောင်ဖက်ခေါ်ဖို့ အကြံပေးတယ် ၊ ကျွန်မတို့အမျိုးတွေ အနီးအနားရွာမှာ ရှိတယ်လေ၊ ဒါနဲ့ ကျွန်မ ကလေးမလေးတစ်ယောက်ကို ခေါ်လိုက်တယ်၊ရုပ်ကတော့ မလှဘူး ၊ ကျွန်မက ရုပ်လှတဲ့ မိန်းကလေးငယ်ငယ်တစ်ယောက်ကို ကျွန်မတို့အိမ်မှာမထားရဲဘူးလေ ၊ ဒါပေမယ့် ဒီကိစ္စမျိုးက ရုပ်လှတာမလှတာနဲ့ မဆိုင်ဘူးဆိုတာ နောက်မှသိရတယ်"

"ကျွန်မမှာရှိသမျှ မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေ အားလုံး ပျက်စီးကုန်တဲ့ ညကို ကျွန်မကောင်းကောင်းမှတ်မိနေပါတယ်ဒေါက်တာရယ် ၊ အဲဒီရက်က ကျွန်မမီးမဖွားမီ ငါးရက်အလိုမှာပဲ ၊ အဲဒီညက လပြည့်ည ၊ ကျွန်မနိုးလာတဲ့အခါကျွန်မတို့ အခန်းထဲမှာ ကျွန်မယောက်ျားမရှိဘူး ၊ ကျွန်မရဲ့ ကိုယ်ဝန်ကို ဖိမိမှာစိုးလို့ဆိုပြီးသူခွဲအိပ်တာ ကြာပြီလေ ၊ နိုးလာတော့ အခန်းထဲကို တစ်ပိုင်းတစ်စ ကျနေတဲ့ လရောင်ကို သတိထားမိတယ်  ၊ တော်တော်ကို တောက်ပတဲ့လရောင်ပဲ ၊လရောင်ကို မြင်လိုက်ရတဲ့အခါကျွန်မဗြုန်းခနဲ စိုးရိမ်သောကနဲ့ ပူပန်သွားတယ် ၊ စိတ်ထဲမှာ ထင့်ခနဲလေးသွားတယ် ၊ အဲဒီလိုတစ်ခါမှ မခံစားရဖူးဘူး ၊ တစ်ခုခုကို ကြိုသိနေတဲ့ ခံစားမှုမျိုးပါပဲ ၊ ဘယ်လိုပြောရမှာလဲ… အဖေ မမာနေတုန်းက အဖေသေခါနီး သုံးလေးရက်အလိုမှာ ကြိုသိနေတဲ့ ကြေကွဲမှုမျိုးနဲ့တူတယ်ဒေါက်တာ ၊ ကျွန်မတော်တော်ကို စိတ်တွေ ထိုင်းမှိုင်းသွားတာပါ ၊ ဒါပေမဲ့ ကျွန်မအခန်းတစ်ခုချင်းလိုက်ရှာမိတယ် ၊ မတွေ့နိုင်ဘူးဆိုတာလဲ သိနေပါတယ် ၊ တကယ်လဲ မတွေ့ပါဘူး ၊  ကောင်မလေးအခန်းကြည့်တော့လဲ ကောင်မလေးကို မတွေရဘူး၊ ဒါနဲ့ပဲ ကျွန်မခြံထဲကို ဆင်းလာခဲ့တော့တယ်၊
အမေနိုးသွားမှာစိုးလို့တံခါးဖွင့်တာ ပိတ်တာ ခြေလှမ်းလှမ်းတာ အားလုံး သာသာလေးပဲ လုပ်ခဲ့တယ် ၊ ထူးဆန်းတာအဲဒီအချိန်မှာ ဒေါသမရှိဘူး  ၊ မမြင်အပ်တဲ့ အရာတစ်ခုကိုမြင်ရမှာ စိုးရိမ်နေတဲ့ ခံစားမူပဲရှိတယ် ။

". . . ဂျုံစက်ကို ကွေ့ပတ်ပြီး ခြံထောင့်ကို လျှောက်သွားလိုက်တဲ့ အခါမှာတော့ ကာလတော်တော်ကြာအောင်ရှိခဲ့တဲ့သံသယတစ်ခုဟာ တကယ်ဖြစ်နေတာ တွေ့လိုက်ရတော့တာပါပဲ ၊ မြတ်လေးပန်းရုံမှာ ပန်းတွေမှ ဖွေးဖွေးလှုပ်နေတာပဲ၊ ပန်းရုံဘေးက ကုန်းမြင့်ကလေးမှာတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ၊ ဘယ်သူတွေလဲဆိုတာကျွန်မချက်ချင်းသိလိုက်တယ် ၊ အရင်တစ်ခါတုန်းက သောင်စပ်မှာလို အကွာအဝေးမျိုးမဟုတ်ပဲဒေါက်တာရဲ့ ၊ သိပ်ကိုနီးတဲ့အကွာအဝေးလေးပဲ ၊ သူတို့ ခန္ဓာကိုယ်ပေါ်မှာ ဖြာကျနေတဲ့ လရောင်ကြောင့်အားလုံးကိုထင်ထင်ရှားရှားကြီးမြင်နေရပါတယ် ၊ ထူးဆန်းလိုက်တာ ကျွန်မမှာ ဒေါသမရှိဘူး၊သူတို့လှုပ်ရှားမှုတွေကို အနီးကပ် ရုပ်၇ှင်ပြကွက်လိုပဲ ငေးမောကြည့်ပြီး ရပ်ကြည့်နေမိတယ်၊ ကျွန်မယောက်ျားရဲ့ ကိုယ်ခန္ဓာကို အဲဒီတခါလောက် ဘယ်တုန်းကမှ ထင်ထင်ရှားရှား ကွဲကွဲပြားပြားမမြင်ဖူးပါဘူး ၊ နောက်ပြီး သူ့မျက်နှာ ၊ ကျွန်မ တစ်ခါမှ ဂရုစိုက်မကြည့်ဘူးတဲ့ အဲဒီမျက်နှာထားကိုကျွန်မရွံမုန်းလိုက်တာ ၊ သူတို့ ကျွန်မကို မမြင်ဘူး ၊ ကျွန်မကတော့ သူတို့ကိုသာမက သူတို့အနီးအနားမှာမှောက်ကျနေတဲ့ ပန်းခူးတဲ့ ပလတ်စတစ်ဆန်ခါ အနီရောင်လေးကိုတောင် မြင်ရပါသေးတယ် ၊ ကောင်မလေးပုခုံးအောက်မှာပိပြားနေတဲ့ ပန်းပွင့်အစုလေးကိုတောင် မြင်ရပါသေးတယ် ၊ ကျွန်မရင်ထဲမှာ ရောဂါတစ်ခု ကင်းစင်သွားသလိုဟာခနဲ ပေါ့ပါးသွားတယ် ၊ တစ်ချိန်တည်းမှာပဲ အလွန်ရွံရှာစရာကောင်းတဲ့ လောက်ကောင်တွေကိုမြင်ရသလို၊ ခွေးအန်တာ ကြောင်အန်တာကို စောင့်ကြည့်နေရသလို သန်ကောင်တွေ ရွစိရွစိ ဖြစ်နေတာကိုမြင်ရသလို အော်ဂလီဆန်လာတယ် ၊ ဒါနဲ့ပဲ အိမ်ဘက်ကို ပြန်လှည့်ခဲ့မိတော့တယ် ၊

"  … အဲဒီညက စပြီး ကျွန်မယောက်ျားကို ကျွန်မစကားမပြောတော့ဘူး၊ ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး၊ ဒါပေမဲ့ အခန်းပြတင်းပေါက်တွေကိုတော့ တူနဲ့ထုခွဲပြီးရိုက်ခွဲပြစ်လိုက်တယ် ၊ မှန်တွေ အစိတ်စိတ် အမြွှာမြွှာ ကြေကွဲသွားသည်အထိ စိတ်ရှည်လက်ရှည်ခွဲလိုက်တယ် ၊ ကျွန်မယောက်ျားက အလွန်အပြစ်ကင်းတဲ့ မျက်နှာနဲ့ ကျွန်မကို ဆွဲဖက်ပြီးနှစ်သိမ့်တယ် ၊ ဆရာဝန်ကို အိမ်ပင့်ပြီး ကျွန်မရုတ်တရက် စိတ်ဖောက်ပြန်သွားတဲ့ပုံစံမျိုးနဲ့ဆေးကုပေးတယ်၊ ကျွန်မကို အရူးတစ်ယောက်လို အနားမှာ အရိပ်တကြည့်ကြည့် စောင့်နေခဲ့တယ်လေ၊ ဘယ်လောက်များရယ်စရာကောင်းလိုက်သလဲနော် ဒေါက်တာ ၊ ကျွန်မရူးသလား သူရူးသလား အသိသာကြီးပါ၊ ကျွန်မ စကားတစ်ခွန်းမှ မဟဘဲ ကိုယ်ဝန်ကြီးနဲ့ပဲ ပြတင်းပေါက်ကို သစ်သားချပ်တွေနဲ့ ကိုယ်တိုင်ပြန်ရိုက်ဖို့ ကြိုးစားတယ် ၊ အမေကကမန်းကတန်း ကျွန်မကို ချော့မော့ပြီး မေးတယ်၊
"ဒီပျဉ်ချပ်တွေနဲ့ပြန်ကာချင်သလား သမီး" တဲ့ ၊ ကျွန်မက သဘောတူတဲ့ အမူအရာတွေ့သွားတော့အမေကိုယ်တိုင်လက်သမားဆရာခေါ် ချက်ချင်းပြင်တော့တာပဲ ၊ ပြတင်းပေါက်မှာ ဘာလရောင် ဘာအလင်းရောင်မှဖြတ်သန်းလို့ မရအောင် ပိတ်ဆီးနေတာကို ကြည့်ပြီးမှ ကျွန်မစိတ်ချမ်းသာသွာတယ် ၊ နောက်ညလဲလသာချင်သာမှာပေါ့ ၊ ဒါပေမဲ့ ကျွန်မမသိဘူး ၊ လရောင်ကို ကျွန်မမမြင်ရဘူးလေ ၊ ဒီယောက်ျားအကြောင်းအမေနဲ့ရပ်ကွက်လူကြီးတွေကို သက်သေပြပြီး ကျွန်မကွာရှင်းမယ်လို့ စိတ်ကူးပေမယ့် အကောင်အထည် မဖော်လိုက်ရဘူး၊ ကျွန်မမီးဖွားဖို့ ဝေဒနာကို စပြီး ခံစားလိုက်ရလို့ပေါ့ ၊ ကျွန်မအိမ်မှာပဲ မီးဖွားဖို့ကိုနဂိုက စီစဉ်တယ် ၊ ဒါပေမယ့် ကလေးက အပြင်ကို တော်တော်နဲ့ အပြင်ကို ရောက်မလာဘူး ၊ ကျွန်မမှာရှိသမျှအင်အားတွေလဲ ကုန်ဆုံးခဲ့တာ ကြာပါပြီ

၊ နောက်ဆုံးတော့ သတိလစ်လုနီးပါး အခြေအနေအထိရောက်သွားတယ် ၊ ကျွန်မဆေးရုံကို ဘယ်လိုရောက်လာသလဲ မသိပါဘူး ၊ ကျွန်မ ဘာဒုက္ခဝေဒနာ ကြုံခဲ့တယ်ဆိုတာလဲကျွန်မမသိတော့ပါဘူး ၊ ကျွန်မအာရုံထဲမှာ ပေါ်နေတာ တစ်ခုတည်းပဲရှိတယ် ၊ လရောင်အောက် မြတ်လေးပန်းပွင့်တွေနဲ့ကုန်းမြင့်ပေါ်က လူနှစ်ယောက်ပေါ့ ။
"… ကျွန်မသမီးလေးဟာ အသက်မပါလာဘူး ဒေါက်တာ၊ သမီးမျက်နှာကို ဖြတ်ခနဲ ကျွန်မမြင်လိုက်ရပါတယ်၊ သိပ်ချစ်စရာကောင်းတဲ့ကလေးပဲ သမီးကို ကျွန်မကိုင်ကြည့်ပါရစေဆိုတာတောင် ဆရာမတွေက ခွင့်မပေးဘူး၊ ဒါပေမယ့် ကျွန်မသိပါတယ် ၊ သမီးရဲ့ ပါးပြင်ကလေးတွေ ပြာနှမ်းနေပေမယ့် ပန်းပွင့်ချပ်ကလေးတွေလိုနူးညံ့နေမယ်ဆိုတာ ကျွန်မသိပါတယ်။"
"…သမီးကလေးဟာ ကျွန်မ ရင်ခွင်ထဲကို ရောက်ဖို့ကြိုးစားလျက်သားနဲ့ မရာက်လိုက်ရရှာဘူးလို့ကျွန်မ၀မ်းနည်းနေတယ် ၊ ကျွန်မရဲ့ ကြေကွဲမှုတွေကြောင့် ကျွန်မဟာ ကိုယ်ကိုတိုင်ကိုတောင်မေ့လျော့နေခဲ့တယ် ၊ ကျွန်မထမင်းစားပြီးပြီလား ၊အိပ်ပြီးပြီလားဆိုတာ ဘာမှမသိဘူး ၊ အချိန်ဘယ်လောက်ကြာအောင် ကျွန်မကိုကျွန်မ မေ့နေမိတယ်ဆိုတာလည်း ကျွန်မမသိပါဘူး ဒေါက်တာရယ် ၊ပထမဆုံးအကြိမ် ကျွန်မရေချိုးခွင့်ရတဲ့နေ့ ခြံထဲဆင်းလမ်းလျှောက်ခွင့်ရတဲ့နေ့မှာပဲ  သစ်ပင်က ပိုးတွေကို သတ်တဲ့ ပိုးသတ်ဆေးဘူး တစ်ဘူးတွေ့တာနဲ့အကုန်သောက်ပစ်လိုက်မိတာပါဘဲ ၊ ကျွန်မဘာဖြစ်လို့ သေချင်တာလဲ ဒေါက်တာသိသွားပြီလား၊ ဒေါက်တာ  သိရင်ပြန်ပြောပါဦး ၊ ကျွန်မဘာဖြစ်လို့ သေချင်ခဲ့တာလဲ၊ သမီးကြောင့်လား ၊ ကျွန်မယောက်ျားကြောင့်လား"

အမျိုးသမီးသည်မနားမနေ တတွတ်တွတ် ပြောနေရာမှ ကျွန်မကို ဖျတ်ခနဲ မော့ကြည့်ကာ မေးခွန်းမေးလိုက်၏ ။ ရုတ်တရက်ဘာပြန်ပြောရမှန်း မသိသောကြာင့် အနည်းငယ်ပြုံး၍ နှစ်သိမ့်လိုက်မိပါသည် ။
"  သေတယ်ဆိုတာ ကျွန်မတို့ အလုပ်မဟုတ်ဘူး၊ သဘာဝရဲ့အလုပ်ပဲ၊နောက်ပြီး သေသွားလို့ ဘယ်သူ့ကိုမှ အစ်မ မနိုင်နိုင်ဘူး၊ အစ်မအသက်ရှင်နေမှ နိုင်မှာ၊နိုင်အောင်ကြိုးစားနိုင်မှာ "
ကျွန်မတတ်သလောက်မှတ်သလောက်အားပေးလိုက်တော့ အမျိုးသမီးက တောက်ပသော မျက်လုံးများဖြင့် ကျွန်မကို ကြည့်က ခေါင်းညိတ်လိုက်၏။အမျိုးသမီး၏ မျက်လုံးများမှာ စိတ်ဖောက်ပြန်သူ၏ မျက်လုံးမဟုတ်တာ သေချာပါသည်။
"ကျွန်မ ဆေးရှံးပေါ်မှာ သတိရရချင်း ကျွန်မကိုယ်ကျွန်မ ဘာဖြစ်သွားတယ်ဆိုတာ သိလိုက်ရင်သိလိုက်ချင်း ပထမဦးဆုံး ခံစားချက်ကတော့ အတိုင်းအဆမရှိ ၀မ်းသာသွားတဲ့ ခံစားချက်ပါပဲ၊ကျွန်မမသေဘူးလို့ သိလိုက်ရတဲ့အခါ ကျွန်မ ဆေးရုံကဆရာဝန်တွေအားလုံးကို ကျေးဇူးတင်သွားတယ်၊နောက် ကျွန်မကို ဆေးရုံပို့ပေးတဲ့ အမေ့ကိုရောပေါ့၊ ကျွန်မသေလို့မှ မဖြစ်ဘဲ ဒေါက်တာရယ်၊  ကျွန်မယောက်ျားနဲ့ ကျွန်မ မကွာရှင်းရသေးသမျှ ကျွန်မသေလို့မဖြစ်သေးဘူး၊ ကျွန်မရဲ့ စည်းစိမ်ချမ်းသာပေါ်မှာ သူဆက်လက်ခံစားနေမှာကို ကျွန်မ မမြင်နိုင်ဘူး၊ဒီအကြောင်းကို ဘာဖြစ်လို့ ကျွန်မ မတွေးမိခဲ့သလဲ ကျွန်မတော်တော်တုံးတဲ့ မိန်းမပဲ၊ ကျွန်မနားမှာသမီးမရှိပေမယ့် အမေရှိတယ်လေ၊ တော်ပြီပေါ့….. ဘာများလိုဦးမှာလဲ။ "

"  ဒါပေမယ့် ကျွန်မအာရုံထဲမှာ အမြဲလွှမ်းမိုးနေတဲ့ မြင်ကွင်းတစ်ခုတော့ ရှိတယ် ဒေါက်တာ၊ အဲဒီမြင်ကွင်း ပျောက်သွားအောင် ကျွန်မကို ကုပေးပါ၊ လရောင်အောက်ကပြာလဲ့နေတဲ့ ကုန်းမြင့်လွင်ပြင်လေးပေါ်က ပူးကပ်နေတဲ့ ကိုယ်ခန္ဓာနှစ်ခုကို ကျွန်မ ဘယ်လိုမှမဖျောက်နိုင်ဘူး ဖြစ်နေတယ်၊ အဲဒီလရောင်အောက်က ကျွန်မမြင်လိုက်ရတဲ့ ကျွန်မယောက်ျားရဲ့မျက်နှာဟန်ပန်ကို ကျွန်မ အမြဲသတိရနေတယ်၊ မသတီစရာ တစ်ခုခုကို အော်ဂလီဆန်ဆန် သတိရနေတဲ့ခံစားချက်မျိုးပါ၊ တစ်ချိန်တည်းမှာပဲ အဲဒီ ကိုယ်ခန္ဓာနှစ်ခုတည်းက တစ်ခုဟာ ကျွန်မဖြစ်ဖြစ်သွားတယ်၊အဲဒီအခါမှာ ကျွန်မသိပ်မှန်းတာပဲ ဒေါက်တာ၊ ကျွန်မ မှားခဲ့တယ်၊ သိပ်ကိုမှားခဲ့တယ်အဲဒီညကမြတ်လေးပန်း သွားခူးခဲ့မိတာကိုက ကျွန်မ အမှားပါ၊ အဲဒီတုန်းကသာ ကျွန်မ ပန်းမခူးမိခဲ့ရင်ဒီလို အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာမှာ မဟုတ်ဘူး၊ နောက်ပြီး ကျွန်မ ပန်းခူးတဲ့ညမှာလသာမနေခဲ့ရင်လဲ ဒီအဖြစ်အပျက်တွေဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။"
"အခုတော့ ကျွန်မ လရောင်ကိုလဲ မမြင်ချင်ပါဘူး၊ လရောင်ကို ကျွန်မ ကြာကြာမြင်ရရင် ရူးမှာပဲ၊ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ လရောင်က တရားခံ ဖြစ်နေလို့ပဲ "

အမျိုးသမီး၏မျက်နှာကို ကျွန်မငေးမောကြည့်မိသည်။ ကျွန်မခေါင်းယမ်းလိုက်ချင်သည်။ သို့သော် ကျွန်မငြိမ်သက်စွာနေခဲ့ပါသည်။
လူတစ်ယောက်၏ဖောက်ပြန်မှုသည် လရောင်နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ကျွန်မသိလာလိမ့်မည်။ သို့သော်ထိုကဲ့သို့ သိခွင့်ရသွားမှာကိုလည်း ကျွန်မစိုးရိမ်မိပါသည်။

"တကယ်တမ်းကျတော့ ဒေါက်တာရေ၊ ဒေါက်တာတို့ ဆေးကုပေးရမှာက ကျွန်မ မဟုတ်ဘူး၊ လသာတဲ့ညတိုင်းဖောက်ပြန်တတ်တဲ့ ကျွန်မယောက်ျားကိုသာ ဆေးကုပေးရမှာပါ။ ဒေါက်တာတို့ ကုပေးလို့ရမယ် မဟုတ်ဘူးလား"
သူမမျက်ဝန်းများငြိမ်သက်နေပါသည် ။ ရူးသွပ်မှုမျိုး မတွေ့ရပါ။ သူမ တကယ်ပင် အကြံဥာဏ်တောင်းနေခြင်း ဖြစ်ပါသည်။သူမ၏ယောက်ျားကို သူမ မုန်းတီးစက်ဆုတ်သည်ဆိုခြင်းမှာ တကယ်မှ ဟုတ်ရဲ့လားဟု ကျွန်မသံသယဖြစ်မိသည်။သို့သော်ထိုသံသယ မှန်မမှန်ကိုတော့ ကျွန်မသိခွင့်မရလိုက်ပါ။ သူမကို ကျွန်မနောက် တစ်ကြိမ်ပြန်မတွေ့ရတော့သောကြောင့်ဖြစ်သည်။

ထိုနေ့ညက ဆေးရုံအထွက်တွင် သူမအားကြင်နာစွာဖေးမခေါ်ဆောင်သွားသော သူမ၏ခင်ပွန်းကိုသူမကြည့်လိုက်သော မျက်လုံးများကိုတော့ ကျွန်မမကြာခဏ သတိရနေမိသည်။ ထိုမျက်လုံးများသည်လှောင်အိမ်တစ်ခုကိုကြည့်သော သားကောင်၏ မျက်လုံးမျိုးဖြစ်သည်။

Typing Credit & Special Thanks to Aye Myint Mo
Copy From Ju Facebook Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis