menu

Sunday 6 October 2013

မြေယာကော်မတီ ကြားဝင် ညှိနှိုင်းမည်ဆို၍ သုံးရက်ကြာ မြို့လယ် သပိတ်စခန်း ရုပ်သိမ်း

Photo: မြေယာကော်မတီ ကြားဝင် ညှိနှိုင်းမည်ဆို၍ သုံးရက်ကြာ မြို့လယ် သပိတ်စခန်း ရုပ်သိမ်း

ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံဘေးတွင် သုံးရက်ကြာ ဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မြေယာပြန်လည် ရရှိရေး သပိတ်စခန်းကို လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီက ကြားဝင် ညှိနှိုင်းပေးမည်ဆို၍ ပြန်လည် ရုပ်သိမ်းသွားကြောင်း မိကျောင်းကန် မြေယာညှိနှိုင်းရေး ကော်မတီ ခေါင်းဆောင် ဦးစိန်သန်းက ပြောကြားသည်။

အဆိုပါ မိကျောင်းကန် မြေယာညှိနှိုင်းရေး ကော်မတီဝင် ၁၀ နှင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့သည် စက်တင်ဘာ ၅ ရက် နံနက် ၁၀နာရီခန့်က အလုံမြို့နယ်ရှိ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးရုံးတွင် တွေ့ဆုံရာ မိကျောင်းကန် (၁)၊ (၂)၊ (၃) ရပ်ကွက်တို့ကို ဥပဒေမဲ့ အဓမ္မသိမ်းယူမှုကို အထူးကိစ္စရပ် အနေနှင့် အမြန်ဆုံး ပြန်လည် ရရှိရန် ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားခဲ့၍ ယင်းမြေယာ သပိတ်စခန်းကို ပြန်လည် ရုပ်သိမ်းခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မိကျောင်းကန်မြေယာ ပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် လူအင်အား ၅၀၀ ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က စတင်သပိတ်စခန်း ဖွင့်ခဲ့ရာ သုံးရက်မြောက်နေ့၌ မြေယာ စုံစမ်းစစ်ဆေးရေး ကော်မတီနှင့် တွေ့ဆုံ ညှိနှိုင်းမှုအပြီး အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ သပိတ်စခန်းကို ရုပ်သိမ်းခဲ့သည်။ 
“လက်ခံတဲ့သဘောပါ။ ကျွန်တော်တို့က တာဝန်ယူ ဆောင်ရွက်ပေးမယ်။ လုပ်ပေးမယ့်သူက အစိုးရပါ။ မရမချင်း ဆက်လုပ်သွားမယ်။ ဒါက တပ်ကသိမ်းပြီး အစိုးရ ခေါင်းပေါ်ကျတယ်။ ပြည်သူက ဆန္ဒပြတော့ လွှတ်တော်ခေါင်းပေါ် ရောက်လာတယ်။ ပြည်သူတွေ ဆန္ဒထုတ်ဖော်တာကို ကျွန်တော်တို့က ယူလိုက်ပြီ။ ဒီကိစ္စကို အထူးကိစ္စရပ် အနေနဲ့ ဆောင်ရွက်သွားမှာပါ” ဟု လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးခိုင်မောင်ရည်က ဆိုသည်။

မိကျောင်းကန် မြေယာများကို ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်တွင် တပ်မတော်က သိမ်းယူခဲ့ပြီး မြေပိုင်ရှင် အများစုကို နစ်နာကြေး ပေးအပ်ခြင်းမရှိဘဲ ပဲခူးတိုင်းအတွင်းရှိ အေးသာယာ၊ အေးသုခကျေးရွာတို့သို့ ပြောင်းရွှေ့ခံခဲ့ရရာ ပြောင်းရွေ့ခြင်း မရှိသူများကို ဖမ်းဆီးခြင်း၊ နယ်စပ်ဒေသများသို့ ပေါ်တာဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအပြင် အဆိုပါ သိမ်းဆည်းခံ မြေနေရာတွင် နှစ် ၂၀ ကျော် ပြန်လည် ငှားရမ်းနေထိုင်သူ အိမ်ထောင်စု ၁၈၀ ကျော်ကိုလည်း ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဇွန်လအတွင်းက တပ်မြို့ စည်ပင်သာယာရေး အဖွဲ့က ဖယ်ရှားခဲ့ကြောင်း မြေသိမ်းခံရသည့် ဒေသခံများထံမှ သိရသည်။ 

မိကျောင်းကန် မြေယာ ပြန်လည် ရရှိရေးအတွက် မြေသိမ်းခံရသူများသည် သင်္ဃန်းကျွန်းမြို့နယ်တွင် လေးကြိမ်၊ မြို့တော်ခန်းမရှေ့တွင် နှစ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ပြီး သုံးကြိမ်မှာ ခွင့်ပြုချက်မရဘဲ ဆန္ဒ ထုတ်ဖော်ခဲ့၍ ခေါင်းဆောင်အချို့မှာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသည်။
ယခုတစ်ကြိမ် ဆန္ဒထုတ်ဖော်ခြင်းသည် ရှစ်ကြိမ်မြောက် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis