menu

Sunday 6 October 2013

ဒီမိုကရက်တစ်ပါတီ ရပ်ကွက်ဥက္ကဋ္ဌ မိုက်ကြေးခွဲသောကြောင့် အသတ်ခံရ

တရာခံများနှင့် တိမ်းရှောင်ရာတွင်အသုံးပြုခဲ့သောယာဉ်(photo from Yangon Police)

ရန်ကုန်၊ အောက်တိုဘာ ၅

စက်တင်ဘာလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် လှိုင်သာယာမြို့နယ် ( ၅ ) ရပ်ကွက်မှ ဒီမိုကရက်တစ်ပါတီ ရပ်ကွက်ဥက္ကဋ္ဌ ဦးမောင်ဇော်နှင့် အပေါင်းပါ ဖြစ်သူတို့နှစ်ဦး ၎င်းရပ်ကွက်ရှိ ကေတီဗီဆိုင်၌ မိုက်ကြေး ခွဲသောကြောင့် အသတ်ခံရကြောင်း လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

၎င်း မသေဆုံးခင်က အဆိုပါ ကေတီဗီဆိုင်ကို မကြာခဏ သွားရောက်လေ့ရှိပြီး ကေတီဗီဆိုင်မှာ တရားမဝင်ဟုဆိုကာ လူအများနှင့် လာရောက် ပျော်ပါး၍ ကျသင့်ငွေကို သုံးပုံတစ်ပုံခန့်သာ ပေးချေခြင်း၊ ဆိုင်ရှိ ဝန်ထမ်းများကို မိုက်ကြေးခွဲ၍ ရမ်းကားခြင်းများ ပြုလုပ်ခဲ့သည်ဟု ကနဦး စုံစမ်းစစ်ဆေးချက်များအရ သိရကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
“ရှေ့လ ၂၅ ရက်နေ့တုန်းက ဦးမောင်ဇော်တို့ လူတစ်စုက ကေတီဗီဆိုင်မှာ ရမ်းကားခဲ့တာ ဆိုင်ဝန်ထမ်းတချို့နဲ့ တခြားပစ္စည်းတွေအပြင် ဆိုင်ဆိုင်းဘုတ်ပါ ဖျက်ဆီးသွားတယ်။ အဲဒီလို ရန်ငြိုးတွေကြောင့် ဆိုင်ကလူတွေ တချို့က ဝိုင်းဝန်း ပူးပေါင်း ကျူးလွန်ခဲ့တယ်” ဟု ၎င်းက ကနဦး စစ်ချက်များကို ရှင်းပြသည်။


သေဆုံးသူ ဦးမောင်ဇော်သည် အဆိုပါ ရပ်ကွက်ရှိ တရားမဝင် လောင်းကစားဒိုင်များ၊ ကေတီဗီ၊ အနှိပ်ခန်း၊ တည်းခိုခန်းများတွင် ယင်းကဲ့သို့ မိုက်ကြေးခွဲ ပြုမူခြင်းများ ရှိခဲ့ပြီး ထိုကဲ့သို့ ပြုမူခံရသူများက တရားမဝင်လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်သဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မရှိခဲ့ကြောင်း အဆိုပါ ( ၅ ) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းရပ်ကွက်နေ ပြည်သူတို့၏ ပြောကြားချက်ကို အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အတည်ပြု မေးမြန်းခဲ့ရာ မှတ်ချက် မပေးလိုကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ လူသတ်မှုမှာ စက်တင်ဘာလ ၄ ရက် နံနက် ၄ နာရီခန့်က လှိုင်သာယာမြို့နယ် အမှတ် ( ၅ ) ရပ်ကွက် သုဓမ္မာလမ်းရှိ Music ကေတီဗီဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဦးမောင်ဇော်ကို အဆိုပါ ကေတီဗီ၏ အခန်းအမှတ် V2 တွင် ဓားဒဏ်ရာ ခုနစ်ချက် (အူထွက်လျက်) နှင့် ၎င်း၏ အပေါင်းပါ ဖြစ်သည့် အသက် ၂၀ နှစ်အရွယ် ကိုသူကို အခန်းအမှတ် V9 တွင် လည်ပင်း ထိုးသွင်းဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သူဟု ယူဆရသည့် ဆိုင်ပိုင်ရှင် အပါအဝင် တရားခံ ၁၂ ဦးကို အဆိုပါနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင် အနောက်ကျေးရွာ အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis