menu

Sunday 6 October 2013

အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်ရှင် အလုပ်သမားများ၏ သဘောထား ကောက်ခံမည်

Photo: အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်ရှင် အလုပ်သမားများ၏ သဘောထား ကောက်ခံမည်

အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်ရှင် အလုပ်သမားများနှင့် တွေ့ဆုံကာ ယင်းတို့၏ သဘောထားများကို ကောက်ခံသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာများ သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင် အလုပ်သမားများ၏ သဘောထား မှတ်ချက်များကို ကောက်ခံပြီး အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးတွင် ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း သိရသည်။

"အနည်းဆုံး အခကြေးငွေ ဥပဒေ အကြောင်းကို ရှင်းလင်းပြီး ၁၀ ရက်မှာ အလုပ်သမားတွေရဲ့ သဘောထားကို ကောက်ခံမယ်။ ၁၁ ရက်မှာတော့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းချုပ်ရုံး(UMFCCI) မှာ အလုပ်ရှင်တွေရဲ့ သဘောထားကို ယူမယ်။ ပြီးရင် အစိုးရ အဖွဲ့ကို တင်ပြမယ်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ဖို့အတွက် ကော်မတီက ကွင်းဆင်းတဲ့အခါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားမယ်" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဥပဒေ အကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အလုပ်သမားများ၏ အနိမ့်ဆုံး ရရှိမည့် လုပ်ခလစာကို အတိအကျ သတ်မှတ်ပေးထားခြင်း မရှိဘဲ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကိုမူ လုပ်ခလစာအဖြစ် အချိန်ပိုကြေး၊ ရက်မှန်ကြေး စသည့်အချက်များပေါင်း၍ အလုပ်ရှင် အချင်းချင်း ညှိနှိုင်းကာ လစာပေးသည့် စနစ်ကို ကျင့်သုံးနေသည်။

ထို့ကြောင့် စက်ရုံအလုပ်ရုံများတွင် အလုပ်သမားများမှ လုပ်ခလစာ တိုးမြှင့်ရရှိရေး အပါအ၀င် အခြားအလုပ်သမား အခွင့်အရေးများအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ရှိခဲ့သည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အမျိုးသားအဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီမှ စက်ရုံအလုပ်ရုံများသို့ ကွင်းဆင်းလေ့လာကာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အလုပ်အကိုင် အမျိုးအစားအလိုက်၊ ကျွမ်းကျင်မှုအလိုက် အလုပ်သမားများ၏ သတ်မှတ်သင့်သည့် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမည်ဖြစ်ပြီး ဒေသအလိုက်၊ အလုပ်အကိုင် အမျိုးအစားအလိုက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်များ တူညီမှု ရှိမည်မဟုတ်ကြောင်း သိရသည်။

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်တွင် စက်ရုံအလုပ်ရုံများ သာမက စားသောက်ကုန် လုပ်ငန်း၊ အိမ်တွင်းမှု လုပ်ငန်း၊ အပ်ချုပ်လုပ်ငန်း စသည့်အသေးစား လုပ်ငန်းများ အကျုံးဝင်မည် ဖြစ်သည်။

လှိုင်သာယာ စက်မှုဇုန်တစ်ခုမှ အလုပ်သမားများအား တွေ့ရစဉ်

 Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis