menu

Friday 13 September 2013

ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ ဘာလဲ၊ ဘယ်လဲ (မိုးမြင့်မှိုင်း (အရှေ့ပိုင်း))

8.1.1
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမ တစ်နေရာအား တွေ့ရစဉ်
အဖြေရှာသင့်ပါပြီ။ နည်းလမ်းလည်း မှန်သင့်ပါပြီ။
ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု၊ ယာဉ်ကြောပိတ်ဆို့ မှုတွေဟာ တစ်နေ့တခြား တိုးတက်များပြား လာပါပြီ။ ဒီလိုယာဉ်ကြော ကျပ်တည်းမှုနဲ့ ယာဉ်ကြောပိတ်ဆို့ မှုတွေဟာ ယခင်က ရန်ကုန်မြို့ရဲ့ အဓိကလမ်းဆုံကြီး ဖြစ်တဲ့ လှည်းတန်းလမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ တာမွေလမ်းဆုံနဲ့ မြို့တွင်း Down Town နေရာတွေမှသာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ယခုအခါမှာ Down Town ပြင်ပ မြို့နယ်တွေမှာပါ ဖြစ်ပွားနေပါပြီ။ ခရီးသွား ပြည်သူတွေနဲ့ ရုံးတက်ရုံးဆင်း သွားနေကြရတဲ့ ကုမ္ပဏီ ၀န်ထမ်းတွေ၊ ပုဂ္ဂလိကလုပ်ငန်း လုပ်သူတွေ၊ အစိုးရ၀န်ထမ်းတွေ တော်တော်ဒုက္ခ ရောက်ကြရပါတယ်။ တချို့ကုမ္ပဏီ ၀န်ထမ်းတွေဆိုရင် ရုံးနောက်ကျလို့ ဒဏ်ငွေပေးဆောင်ရတာတွေ၊ မှတ်တမ်းတင် သတိပေးခံရတာ ဆက်တိုက်ဖြစ်ပေါ်နေလို့ မိမိမှီခိုနေရတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကိုတောင် ထိခိုက်မှာ စိုးရိမ်နေကြရပါပြီ။

ဒဏ်ငွေဆောင်ရတာ၊ မှတ်တမ်းတင် သတိပေး ခံရတာတွေထက် ပိုမိုကြီးမားတဲ့ ပေးဆပ်မှုမျိုး အဖြစ်မခံနိုင်ကြလို့ နံနက် ၅ နာရီ ၆ နာရီကတည်းက အိမ်ကထွက်၊ လိုင်းကားစောင့်၊ ရုံးကားစောင့်ရတဲ့အတွက် မလိုလားအပ်တဲ့ အချိန်ပေးရမှုတွေ မဖြစ်မနေ လုပ်ရပါတယ်။ ရုံးဆင်းတော့လည်း ထိုနည်း လည်းကောင်းပဲမို့ အိမ်ကို ည ၇ နာရီလောက်မှ ပြန်ရောက်ကြရတဲ့ ၀န်ထမ်းတွေ အများကြီးပါပဲ။ ဒါဟာ ရုံးတက်ရုံးဆင်းလုပ်တဲ့ ပုဂ္ဂလိကနဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ နိစ္စဓူဝ အချိန်ပေးရမှုကို High Light လုပ်ပြခြင်းသာ ဖြစ်ပါတယ်။ တခြားတခြားသော အလွှာစုံ ဘ၀စုံက ရန်ကုန်မြို့တွင်း သွားလာမှု အားလုံးဟာ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်ကြော ကျပ်မှုတွေရဲ့ ဒုက္ခကို အလားတူ ခံစားနေကြရတာ ဖြစ်ပါတယ်။
တာဝန်ရှိသူများ အနေနဲ့ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့ လိုပြီဖြစ်သလို ရေရှည် အကျိုးအတွက်ပါ မျှော်တွေးပြီး အဖြေရှာဖို့ လိုအပ်နေတာ အမှန်ဖြစ်ပါတယ်။ ဟိုတစ်လောက လမ်းမကြီးတွေကိုချဲ့ပြီး ကွန်ကရစ် ခင်းပေးခြင်းဟာ ကုစားမှုတစ်ခုလို့ ယူဆပါတယ်။ ဒါပေမဲ့ ရေရှည်အတွက် စနစ်တကျ ဆောင်ရွက်တာ မဟုတ်ဘဲ ဆေးမြီးတိုနဲ့ ကုသလိုမျိုး ဖြစ်နေတာ တွေ့ရပါတယ်။ လမ်းမြေကို ကုန်အောင်ယူပြီး မခင်းတာမျိုးတွေ၊ လျှပ်စစ်မီးတိုင်နဲ့ တယ်လီတွေဖုန်းတိုင်တွေ ချန်ခဲ့ပြီး ကွန်ကရစ်ခင်းတာ မျိုးတွေဟာ လမ်းနေရာ ရှိပါလျက်နဲ့ ယာဉ်ကြောတစ်ကြော (One Lane) အဖြစ် အသုံးမ၀င် ဖြစ်သွားရတာဟာ စီမံမှုညံ့တာလား၊ စေတနာ မထားတာလား၊ ပြီးပြီးရော လုပ်တာလား အပေါ်ယံ လုပ်ချင်ယောင် ဆောင်ပြတာလား၊ လားပေါင်းများစွာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒုတိယမြောက် ကုစားမှုလို့ ယူဆပါတယ်။ ခုံးကျော်တံတားများ တည်ဆောက်ပေးမှု ဖြစ်ပါတယ်။ လှည်းတန်း ခုံးကျော်တံတား ပြီးသွားပြီမို့ အတိုင်းအတာတစ်ခုနဲ့ ယာဉ်ကြောကျပ်မှု လျော့နည်းသွားလို့ ကျေးဇူးတင်ရမှာပါ။ ဒါပေမဲ့ ငါးလမ်းဆုံဖြစ်တဲ့ လှည်းတန်းလမ်းဆုံကို ပြည်လမ်းမကြီးကိုသာ အသွားအပြန်လမ်း (Two way, Two Lane) နဲ့သာ ခုံးကျော်လုပ်ပေးထားပြီး ပြည်လမ်းမကြီးကနေ အင်းစိန်လမ်းဘက်ကို (သို့မဟုတ်) သင့်တော်တဲ့ လမ်းဘက်ကို ပုံစံနဲ့ တစ်လမ်းတိုးပြီး ခုံးကျော်လုပ်သင့်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီကြားထဲ ဆောက်လုပ်ဆဲ ခုံးကျော်တံတား နှစ်ခုဖြစ်တဲ့ ဘုရင့်နောင်နဲ့ ရွှေဂုံတိုင် လုပ်ငန်းခွင်တွေဟာ ဒီဟာပြိုကျလို့၊ ဟိုဟာလဲလို့ ဆိုတဲ့ဖြစ်စဉ်တွေနဲ့ ပြည်သူကို အသိပေး ကြေညာတဲ့ အချိန်ကာလအတိုင်း အပြီးမတည်ဆောက် နိုင်တာတွေဟာလဲ မေးခွန်းထုတ်စရာတွေ ဖြစ်ပါတယ်။
တတိယကုစားမှုလို့ ပြောရမယ် ထင်ပါတယ်။ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့တဲ့။ ရန်ကုန်မြို့တွင်း ယာဉ်များပိုမို များပြားလာခြင်း၊ ၎င်း၏ နောက်ဆက်တွဲ ရလဒ်အဖြစ် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း၊ အဆိုပါနေ့တွင် ယာဉ်အန္တရာယ် ပိုကင်းပြီး စက်သုံးဆီ ချွေတာရာရောက်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းသည့် ပုံစံတစ်မျိုးဖြစ်ခြင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးက စက်တင်ဘာ ၂၂ ရက်နေ့ကို ယာဉ်မသုံးရနေ့အဖြစ် သတ်မှတ်ထားရှိခြင်း တို့ကြောင့် သတ်မှတ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

စမ်းလုပ်ကြည့်ပြီးမှ လက်မခံလို့ ရပ်ဆိုင်းလိုက်တာ ထက်စာရင် ပြည်သူလူထု သဘောထား (ကိုယ်ပိုင်ကား ပိုင်ရှင်တွေရဲ့ သဘောထားပါ) ပထမခံယူပြီးမှ ယခုလိုနေ့မျိုး သတ်မှတ်ဆောင်ရွက်တာ ပိုကောင်းပါတယ်။ သဘာဝကျပါတယ်။ ဒါမှလဲ ပြောပြောနေတဲ့ People Centered Performance ဖြစ်မှာပါ...
ကိုယ်ပိုင် မော်တော်ယာဉ် ယာဉ်နံပါတ် အနက်အားလုံး အဆိုပါနေ့မှာ မမောင်းရတဲ့ သဘောပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်ပဲ ရည်ရွယ်သည်ဖြစ်စေ၊ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းဖို့အတွက် ရည်ရွယ်သည် ဖြစ်စေ ဒါဟာ မြန်မာပြည်မှာ ပထမဆုံး ပြုလုပ်မယ့်နေ့ ဖြစ်နေပါတယ်။ စည်းကမ်းတစ်ရပ်၊ အမိန့်တစ်ရပ်ဟာ အများပြည်သူ ကောင်းကျိုးအတွက် ချမှတ်လုပ်ဆောင်တာ မှန်ပေမယ့် အများပြည်သူ လိုက်နာနိုင်တဲ့ လိုက်နာဖို့ အသင့်ဖြစ်နေတဲ့ အခြေအနေကောင်းရှိဖို့ အဓိက လိုအပ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ပိုင်ကား၊ ရုံးဌာနကား၊ အငှားကားမောင်းတဲ့ သူတွေကို အသိပညာပေးမှုတွေ အများကြီး လုပ်ရပါမယ်။
ခရီးသွား ပြည်သူတွေကိုလည်း အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရပါမယ်။ အနည်းဆုံး တစ်ပတ်နှစ်ပတ်ကြိုပြီး သတင်းစာ၊ စာနယ်ဇင်းတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ အသိပေးနှိုးဆော်မှုတွေ စဉ်ဆက်မပြတ် လုပ်ပေးရမှာပါ။ ဒါမှမဟုတ်ရင် ကျားတော့ကျားပဲ စက္ကူကျား ဖြစ်သွားပါမယ်။ စည်းကမ်း သတ်မှတ်ချက်တော့ စည်းကမ်းသတ်မှတ်ချက်ပဲ၊ စာရွက်ပေါ်က စည်းကမ်းသတ်မှတ်ချက် သက်သက်ပဲ ဖြစ်သွားပါမယ်။ ဟိုတစ်လောက အာဇာနည်နေ့ ဖြစ်စဉ်ကို မျက်စိထဲ ပြေးမြင်မိပါတယ်။ အာဇာနည်နေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ ဥသြဆွဲဖို့ အစီအစဉ်ရှိ၊ မရှိ လွှတ်တော်မှာ မေးရာမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်လို့ အခြားနိုင်ငံ တွေမှာလဲ ဥသြမဆွဲ၍ အစီအစဉ် မရှိကြောင်း ဖြေကြားခဲ့တယ်။ အာဇာနည်နေ့ ရောက်တော့ ကျောင်းသားလူငယ်တွေက လမ်းဆုံတွေမှာ အလံထောင် ကားတွေတားပြီး ကားဟွန်းတီးတဲ့ ဖြစ်စဉ်တွေ ရန်ကုန်မြို့ နေရာအနှံ့မှာ ဖြစ်ခဲ့တာ သာဓက တစ်ခုပါပဲ။
ယခုလည်း ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့မှာ လမ်းပေါ်ထွက်လာတဲ့ကားကို ဘယ်လိုအရေးယူ ဆောင်ရွက်မှာလဲ ဆိုတာနဲ့ ပတ်သက်လို့ အဆိုပါကားကို မှတ်သားထားရှိမည် သာဖြစ်ပြီး အရေးယူမည် မဟုတ်ကြောင်း၊ ကိုယ်ပိုင်ယာဉ်များ ဒီမိုကရေစီ ကျင့်ဝတ်များနဲ့ ထိုက်တန်မှုရှိ၊ မရှိကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောဆိုထားတာ တွေ့ရပါတယ်။
''အရေးယူမည် မဟုတ်ကြောင်း'' ပါပေမယ့် ဘယ်လိုအရေးမယူဘဲ နေမှာလဲ။ မောင်းလာတဲ့ကားကို ချက်ချင်း (On The Spot) အရေးမယူတာကို ပြောတာလား။ နောက်မှ ကားသက်တမ်း တိုးတဲ့အခါကျမှ ဒဏ်ကြေးဆောင်ရတဲ့ မှတ်သားနည်းလား။ ဘယ်သူတွေ ဘယ်သူတွေက ကားလမ်းပေါ် ထွက်လာတဲ့ကား (နံပါတ်အနက်) မှန်သမျှ အားလုံးကို မှတ်သားနိုင်မှာလား။ ဌာနဆိုင်ရာ ကားများအတွက် သတ်မှတ်တဲ့ Dry Day မှာတောင် ဖိဖိစီးစီး ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဘဲနဲ့ ထောင်ချီသောင်းချီရှိတဲ့ ကိုယ်ပိုင်ကားတွေကို ဘယ်လိုထိန်းမှာလဲဆိုတာ ပြည်သူလူထု သိချင်နေကြပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာ မဖြစ်မနေ သွားလာကြရမယ့် ကိုယ်ပိုင်ကားသုံးသူ ပြည်သူလူထုအတွက် ဘယ်လိုစီမံ ပေးမှာလဲ။ Mass Transportation အနေနဲ့ ပုံမှန်လိုင်းကားကို အသုံးပြုနေကြတဲ့ ပြည်သူတွေ အဆင်မပြေသေးပေ။ မှတ်တိုင်ကို ဆိုက်ရောက်လာတဲ့ ကားပေါ်ကို အလုအယက် တိုးတက်ရတုန်းပါ။ လိုင်းကားတွေ အပြိုင်အဆိုင် အလုအယက် ပြေးဆွဲနေတုန်းပါ။ အရှိန်လွန်လို့၊ အ ရှိန်မထိန်းနိုင်လို့၊ ယာဉ်တိမ်းမှောက်လို့၊ ယာဉ်တိုက်လို့ ဒဏ်ရာရမှုတွေ ရှိနေဆဲပါ။ ဒီထက်ပိုဆိုးတာကတော့ လိုင်းကားပြေးဆွဲပေးမှု မလုံလောက်လို့ ခေါင်မိုးပေါ်နဲ့ ဘေးတွယ်စီးတဲ့ ခရီးသည်တင်ယာဉ် ရှိနေဆဲပါ။ သြဂုတ်လ အတွင်းမှာပဲ ခေါင်မိုးပေါ်တင်တဲ့ ယာဉ် ၅၈၀ နဲ့ ဘေးတွယ်စီးယာဉ် ၃၅၁ စီး အရေးယူခဲ့ရတဲ့ သတင်းကိုလဲ မကြာသေးခင်ကမှ ဖတ်ထားရတာမို့ စဉ်းစားစရာပါ။ ဒါတင်မကဘူး။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုကြောင့် မြို့ပတ်ရထား အသုံးပြုမှု တစ်နေ့တခြား ပိုမိုများပြား လာခြင်းဟာလဲ ခရီးသည်တင် လိုင်းကားတွေ မလုံလောက်မှုနဲ့ ပို့ဆောင်ရေးစနစ် အားနည်းမှုကို ဖော်ပြနေတာ ဖြစ်တယ်။
ဒါတွေဟာ လက်ရှိရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူလူထုရဲ့ မလုံမလောက်၊ အလုအယက်၊ အပြေးအလွှား လိုင်းကားယာဉ်များ အသုံးပြုနေရမှု အခြေအနေပါ။ ဒီလိုအခြေအနေမှာ ကိုယ်ပိုင်ယာဉ် အသုံးမပြုရလို့ အများသုံး ခရီးသည်တင်ယာဉ်နဲ့ Taxi အငှားယာဉ်ကို မဖြစ်မနေ သုံးစွဲဖို့ ဖြစ်လာပေမယ့် ခရီးသည် အရေအတွက်ကလည်း ကိုယ်ပိုင်ကား တစ်စီးကို အနည်းဆုံးပျမ်းမျှ နှစ်ဦးနဲ့တွက်ရင် ရန်ကုန်မြို့ကြီးမှာ ကိုယ်ပိုင်ကား အရေအတွက် ၃၀၀၀၀ ကျော် ရှိတယ်ဆိုရင် လမ်းပေါ်ကို ခရီးသည် ၆၀၀၀၀ ကျော် ရှိလာမှာပါ။ အဲဒီနေ့မှာမှ ကိုယ်ပိုင်ကား မမောင်းရလို့ ထွက်ပေါ်လာမယ့် ဒီခရီးသည် ၆၀၀၀၀ ကျော်အတွက် ခရီးသည်တင် လိုင်းကားတွေ ဘယ်နှစီးတိုးမြှင့် ပြေးဆွဲပေးမှာလဲ။ ဘယ်နှစ်ခေါက် ပြေးဆွဲပေးမှာလဲ။ ဒါ့အပြင် လိုင်းကားတွေက နိုင်ငံတကာ အဆင့်မီရဲ့လား။ Taxi တွေကရော နိုင်ငံတကာ အဆင့်မီရဲ့လား။ သွားလာရေး စနစ်ကရော အဆင့်မီရဲ့လား ဆိုတဲ့မေးခွန်းတွေလည်း မေးကြလေရဲ့။
အဆိုးဆုံးကတော့ ကမ္ဘာမှာ မြို့ပေါင်း ၁၅၀၀ လုပ်ပြီး မြန်မာပြည်က ရန်ကုန်မြို့ တစ်မြို့တည်း လုပ်တာတောင် မကြိုက်ဘူး ဆိုရင်လည်း နောက်နှစ်ဆက်လုပ်ဖို့ အစီအစဉ် မရှိပါဘူးလို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ တာဝန်ရှိသူ တစ်ဦးက ပြောသွားတာ ကြားရတော့ အံ့သြမိတယ်။ ယခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ ကိုယ်ပိုင်ကား မသုံးရနေ့ကို အစမ်းသဘော သတ်မှတ်တာဖြစ်ပြီး ပြည်သူအများက လက်မခံရင် နောက်နှစ် ဆက်မလုပ်တော့ဘူးဆိုတဲ့ သဘောပါ။
စမ်းလုပ်ကြည့်ပြီးမှ လက်မခံလို့ ရပ်ဆိုင်းလိုက်တာ ထက်စာရင် ပြည်သူလူထု သဘောထား (ကိုယ်ပိုင်ကား ပိုင်ရှင်တွေရဲ့ သဘောထားပါ) ပထမခံယူပြီးမှ ယခုလိုနေ့မျိုး သတ်မှတ်ဆောင်ရွက်တာ ပိုကောင်းပါတယ်။ သဘာဝကျပါတယ်။ ဒါမှလဲ ပြောပြောနေတဲ့ People Centered Performance ဖြစ်မှာပါ။
အနိမ့်ဆုံး အကြံတစ်ခု ပေးချင်ပါတယ်။ ရန်ကုန်မြို့နေ ပြည်သူလူထု အများစုရဲ့ ဆန္ဒ၊ သဘောထား ခံယူဖို့ အချိန်မမီတော့ဘူးဆိုရင် အနိမ့်ဆုံး အဆင့်အနေနဲ့ စက်တင်ဘာ ၁၂ ရက်ကနေ စတင်ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ တင်သွင်းဆွေးနွေး အဆုံးအဖြတ်ခံယူပြီး ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ (Private Car Free Day) ကို သတ်မှတ်ဆောင်ရွက် သင့်ပါကြောင်း။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis