လူကုန်ကူးမှုဖြင့် စစ်တပ်မှဗိုလ်ကြီးတစ်ဦးကို စွပ်စွဲတိုင်တန်းသဖြင့်
စက်တင်ဘာ ၁၁ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ပေးနေကြောင်း
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ထားသည်။
အဆိုပါအမှုသည်
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လက မြောက်ဥက္ကလာပမြို့နယ်၊
ပုရွက်ဆိတ်ကုန်းရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၂၈
နှစ်အရွယ် အမျိုးသားတစ်ဦးကို တစ်ရပ်ကွက်တည်းနေ ဗိုလ်ကြီးတစ်ဦးက
ထိုင်းနိုင်ငံတွင်တစ်နေ့လျှင် ဘတ်ငွေ ၃၀၀ ရမည့်အလုပ်လုပ်လိုပါက ၎င်းကိုယ်တိုင်
လိုက်ပို့ပေးမည်၊ ကျပ်ငွေ ၁၆၀၀၀၀ ပေးရမည်ဟု ပြောဆိုခဲ့သည်ဟု
တိုင်တန်းထားသည်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထို့ကြောင့်
အမျိုးသား၏ မိသားစုဝင်များက ဗိုလ်ကြီး၏ မိခင်ဖြစ်သူထံ ငွေကိုသွားရောက်
ပေးချေခဲ့ကြောင်း ထိုသူ၏ မိခင်က ရဲစခန်း၌ ထွက်ဆိုထားသည်။
ထို့နောက်
၂၀၁၂ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ထိုဗိုလ်ကြီးက သားဖြစ်သူအား
အောင်မင်္ဂလာအဝေးပြေးဝင်းမှ မြ၀တီ သို့ ခေါ်ဆောင်သွားခဲ့ရာမှ ယနေ့တိုင်
အဆက်အသွယ်မရရှိတော့ကြောင်း အမျိုးသား၏ မိခင်ဖြစ်သူက ဆိုထားသည်။
အဆိုပါ
ဗိုလ်ကြီးထံသွားရောက် စုံစမ်းရာတွင်လည်း ၎င်းက ဆက်သွယ်ပေးမည်၊
အကြောင်းပြန်မည်ဟု ဆိုသော်လည်း ယနေ့တိုင်အဆက်အသွယ် မရတော့ကြောင်း
မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုဗိုလ်ကြီး၏ မိခင်ဖြစ်သူထံ
သွားရောက်မေးမြန်းရာ သူ့သားသည် နေပြည်တော်တွင် သင်းတန်းတက်နေကြောင်း
ပြောပြီးဆက်သွယ်ရမည့် ဖုန်းနံပါတ်တစ်ခုပေးအပ်ခဲ့သည်ဟု ပျောက်ဆုံးနေသူ၏
မိခင်ကရဲစခန်းကို ပြောပြထားသည်။
အဆိုပါ ဗိုလ်ကြီးထံသို့
ဖုန်းဆက်ရာလည်း ၎င်းနှင့်မဆိုင်တော့ကြောင်းနှင့် တိုင်ချင်ရာကို
တိုင်နိုင်ကြောင်း ပြန်ပြောခဲ့၍ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင်
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်တန်း ထားသည်ဟုဆိုသည်။
ယင်းတိုင်တန်းမှုကြောင့်
စွပ်စွဲတိုင်တန်းခံရသူ ဗိုလ်ကြီး၏ အစ်မက ရောက်ရှိလာပြီး စက်တင်ဘာ ၁၀
ရက်တွင် ထိုဗိုလ်ကြီးနှင့် တွေ့ဆုံပေးမည်ဟု ပြောဆိုခဲ့သော်လည်း
လာရောက်တွေ့ဆုံခြင်း မရှိသဖြင့် ရဲစခန်းသို့ အမှုဖွင့်
တိုင်တန်းရခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
ယခုကိစ္စသည်
လူကုန်ကူးမှုဖြင့် ရဲဌာနက သံသယရှိသည့်အမှုဖြစ်သဖြင့် တရားလိုဘက်မှ
ပုဂ်္ဂိုလ်များ၏ အမည်တို့ကို ဂုဏ်သိက္ခာငဲ့ကွက်သည့်အနေဖြင့် မဇ္ဈိမက
ချန်လှပ်ခဲ့ပြီး၊ စွပ်စွဲခံရသည့် စစ်တပ်မှ ဗိုလ်ကြီး၏ အမည်သည်လည်း
လက်ရှိတွင် အမှုမှာ စွပ်စွဲသည့် အဆင့်သာရှိသေးသဖြင့် ကာယကံရှင်ကို
ငဲ့ကွက်သည့် အနေဖြင့် မဖော်ပြခြင်း ဖြစ်သည်။
ယခုအမှုကို
မြောက်ဥက္ကလာပရဲစခန်းက အမှုအမှတ် (ပ)၇၂၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး
စွပ်စွဲတိုင်တန်းခံထားရသူကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ဖြင့်
တရားစွဲရန်ရှာဖွေစုံစမ်းလျက်ရှိသည်ဟုလည်း ထုတ်ပြန် ထားသည်။
စွပ်စွဲခံရသူသည် စစ်တပ်မှ အရာရှိဖြစ်သဖြင့် ရဲတပ်ဖွဲ့အနေဖြင့်
အမှုကိုမည်သို့ ဆက်လက်ကိုင်တွယ် မည်ကိုမူ သီးခြားထုတ်ပြန်ခြင်း မရှိသေးပေ။
ဇော်ဇော်ထွေး
Mizzima - News in Burmese
No comments:
Post a Comment