menu

Friday 13 September 2013

BIC မှ ရှင်းလင်းသော ဒေါ်လာ ၁၁ ဘီလျံမှာ ၂၀၁၂ ခုနှစ် မတ်နှင့်ဧပြီလအတွင်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သော အစည်းအဝေးမှ ရရှိသော အချက် အလက်အပေါ် မူတည် ၍ ရှင်းလင်းခြင်းဖြစ်

မြန်မာနိုင်ငံက ပြည်ပတွင်နိုင်ငံခြားငွေစာရင်းငါးခုတည်းနှင့် အမေရိကန် ဒေါ်လာ၁၁ဘီလျံ အပ်နှံထားကြောင်း ထုတ်ဖော်ပြောကြားချက်သည်၂၀၁၂ ခုနှစ် မတ် နှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သော အစည်းအဝေးမှ ရရှိသော အချက်အလက် အပေါ်မူတည်၍ ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဒေါ်လာ ၁၁ ဘီလျံကိစ္စကို ထုတ်ဖော် ပြောကြားခဲ့သည့် BIC (Bank of Information Center) ၏ Asia Program မန်နေဂျာ Mr.Jelson Garcia က စက်တင်ဘာ ၁၂ ရက်တွင် The Daily Eleven သို့ အီးမေးလ်ပေးပို့ခဲ့ပြီး အဆိုပါ အီးမေးလ်တွင် ထိုအချက်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် ပါသည်။
Mr.Jelson Garcia က အီးမေးလ်မှ တစ်ဆင့် အချက်နှစ်ချက်ကို အဓိကထား ရှင်းလင်းခဲ့ပြီးမြန်မာအစိုးရအနေဖြင့် ထိုမျှများပြားသောငွေကြေးများကိုဘဏ်ထဲတွင်သိမ်းထား သည်ဟုမဆိုလိုကြောင်းနှင့် ၄င်းသည် ကမ္ဘာ့ဘဏ်ဝန်ထမ်းမဟုတ်ကြောင်း အချက်ကို ရှင်းလင်းခဲ့ခြင်းဖြစ်ပါ သည်။


''၂၀၁၂ခုနှစ် မတ်နဲ့ဧပြီလမှာ  ကမ္ဘာ့ ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကျွန်တော်နဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေ တွေ့ပြီး ဆွေးနွေးခဲ့တဲ့ အစည်းအဝေးတွေကို အခြေခံပြီး  ဒီအချက်အလက်တွေ ရခဲ့တာပါ။ အဲဒီ အစည်းအဝေးတက်ရောက်ခဲ့တဲ့ လုပ်ဖော်ကိုင် ဖက်တွေရဲ့ မှတ်စုနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် မှတ်စုတွေအရ မြန်မာနိုင်ငံဟာ Account  အချို့နဲ့အရံငွေသိမ်းထားတာတွေ ရှိ ကြောင်း၊ ခန့်မှန်းငွေပမာဏ ကွဲပြားမှုတွေ့ ရှိကြောင်းနှင့် ဘယ်ဘဏ် Account  တွေ လည်းဆိုတာကို တိတိကျကျ ဖော်ပြမပေးခဲ့ကြောင်း အလေးထားပြောခဲ့ပါတယ်''ဟု Mr.Jelson Garcia က အီးမေးလ်တွင် ရေး သားခဲ့ပါသည်။

Mr. Jelson Garcia ကထိုသို့ပြောဆိုခဲ့သော်လည်း စက်တင်ဘာ ၁၀ ရက်နေ့က ၄င်းကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သော ငွေစာရင်းငါးခုနှင့် အမေရိကန်ဒေါ်လာ ၁၁  ဘီလျံကိစ္စကိုမှုမဟုတ်ကြောင်း ငြင်းဆိုခဲ့ခြင်းမရှိပေ။

စက်တင်ဘာ ၁၂ ရက်က  The Daily Eleven သတင်းစာ၌ ဖော်ပြခဲ့သော ''နိုင်ငံ့ ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံ အထိရှိသော မြန်မာအကောင့်ငါးခုကို အစိုး ရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန်လိုလာ'' သတင်းဆောင်းပါးတွင် Mr.Jelson Garcia ပြောကြားခဲ့သည့်ငွေစာရင်းငါးခုနှင့် အမေ ရိကန်ဒေါ်လာ ၁၁ ဘီလျံကိစ္စရပ်ကိုသာ ထည့်သွင်းဖော်ပြခဲ့ပြီးထိုငွေများသည် အစိုးရ ပိုင်ငွေကြေးဖြစ်သည်ဆိုသော အချက်ကို လုံးဝ ထည့်သွင်း ရေးသားခဲ့ခြင်း မရှိပေ။
  
ထို့အတူ Mr.Jelson Garcia ကိုဖော်ပြရာ၌ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာဆိုသော ရည်ညွှန်းဖော်ပြချက်ကို ပြန်လည်ပြင်ဆင်ပြီး စက်တင်ဘာ ၁၃ ရက်ထုတ် The Daily Eleven သတင်း စာမျက်နှာဖုံးတွင် နိုင်ငံခြားဘဏ်များတွင် ဒေါ်လာ ၁၁ ဘီလျံရှိကြောင်း ကမ္ဘာ့ဘဏ် အနေဖြင့် ပြောကြားခြင်းမဟုတ်ဘဲ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများကို စောင့် ကြည့်နေသော BIC  အနေဖြင့် ပြောကြား ခြင်းဖြစ်ကြောင်း၊ Mr.Jelson Garcia ကို လည်း Asia Program  မန်နေဂျာ ဖြစ်ကြောင်း အမှားပြင်ဆင်ချက်သတင်းဖြင့် ဖော်ပြခဲ့ပါသည်။

Mr.Jelson Garcia ၏ အီးမေးလ်တွင် ငွေစာရင်း ငါးခု၊ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံပြောဆိုမှု မှားယွင်းကြောင်း လုံးဝ ထည့်သွင်း ပြောဆိုခဲ့ခြင်းမရှိသည့်နည်းတူ ထိုငွေစာရင်းပိုင်ရှင်များ မည်သူမည်ဝါဖြစ် သည်ဆိုခြင်းကိုလည်း ရေးသားခဲ့ခြင်း မရှိ ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ သတင်း ထုတ်ပြန်ချက်တွင်လည်း Mr.Jelson Garcia သည် ကမ္ဘာ့ဘဏ်ဝန်ထမ်းမဟုတ်ကြောင်း အချက်ကိုသာ အဓိကရှင်းလင်းခဲ့ပြီး ငွေစာရင်းငါးခုနှင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကိစ္စကို ရှင်းလင်းခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ သို့ရာတွင် ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများချောမွေ့လွယ် ကူစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကို တည်ငြိမ်အောင် စီမံဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံခြားဘဏ်စာရင်းများထားရှိ ခြင်းသည် နိုင်ငံတော်အစိုးရများ၏ ပုံမှန် လုပ်ငန်းတစ်ရပ်ဟု ကမ္ဘာ့ဘဏ်က ယူဆ ကြောင်း သတင်းထုတ်ပြန်ချက်တွင်ရေး သားခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းက နိုင်ငံတော်အနေဖြင့် နိုင်ငံခြား ရန်ပုံငွေ (Foreign Exchange Reserve) အမေရိကန်ဒေါ်လာ ၇၁၉၆ ဒသမ ၄၅၄ သန်းရှိကြောင်းပြောကြားခဲ့ပါသည်။

Daily-eleven
၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် "မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေအဖြစ် ဗဟိုဘဏ်တွင်  အမေရိကန်ဒေါ်လာ ခုနှစ်ဘီလျှံအထိရှိနေပြီး၊ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံခြားငွေ အရန်ငွေအမေရိကန်ဒေါ်လာကိုးဘီလျှံအထိ တိုးမြှင့်နိုင်ရန် ဆောင်ရွက်နေကြောင်း" သတင်းဖော်ပြထားစဉ်

မြန်မာအစိုးရအနေဖြင့် ပြည်ပဘဏ် များတွင် အနည်းဆုံးဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ အပ်နှံထား ကြောင်း  ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ စောင့်ကြည့်နေ သည့်အဖွဲ့ (BIC) မန်နေဂျာ Mr.Jelson Garcia က ပြောကြားသည်ဆိုသော သတင်းတစ်ရပ် ကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ထုတ် 7Day ဂျာနယ်အတွဲ ၁၁၊ အမှတ် ၃၄ တွင် ဖော်ပြခဲ့ဖူးပါသည်။ အဆိုပါ သတင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိ ကျကျပြောဖို့ မလွယ်ဘူး။ ဒီထက်တော့ မ ကနိုင်ဘူး''ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
7Days
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့ထုတ် 7Day News ဂျာနယ်တွင် "မြန်မာအစိုးရပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံ အပ်နှံထားဟုဆို" သတင်းအား ဖော်ပြထားစဉ်

၂၀၁၃ ခုနှစ် ဇူလိုင် ၂၀ ရက် က ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ နိုင်ငံခြားရင်း နှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းနှင့် စိန်ခေါ် မှုများ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရင်းနှီး မြှပ်နှံမှုကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်က မြန်မာနိုင်ငံ၏ နိုင်ငံခြား အရန်ငွေစာရင်းမှာ ဗဟိုဘဏ်တွင် အမေရိကန်ဒေါ်လာခုနှစ်ဘီလျံအထိရှိနေပြီး ယခု နှစ် ကုန်ပိုင်းတွင် နိုင်ငံခြားအရန်ငွေစာရင်း အမေရိကန်ဒေါ်လာ ကိုးဘီလျံအထိ တိုးမြှင့် နိုင်ရန်ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့ပါသည်။

သို့ရာတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်နှင့် ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ငွေစာရင်း ငါးခု၊ အမေရိကန် ၁၁ ဘီလျံသတင်းနှင့် ပတ်သက်၍တုံ့ပြန်ရှင်းလင်းရာ၌'' အစိုးရ အနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလိုပြည်ပမှာ  အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလီ ယံ အပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့အချက်အလက်ရှိရင် ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင် ရွက်ဖို့ အသင့်ပါပဲ''ဟု စက်တင်ဘာ ၁၂ ရက်နေ့က ၄င်း၏ Facebook တွင် ရေး သားခဲ့ပါသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာနရသုံးမှန်း ခြေငွေ စာရင်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက တရားဝင်ပြောကြားခဲ့သော ပြောကြားချက်များ၊ မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ် ပြော ကြားခဲ့သော အချက်များနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်တို့ ပြော ကြားခဲ့သော အချက်များမှာ ကွဲလွဲမှုများ ရှိ နေကြောင်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis