menu

Friday 13 September 2013

မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ခိုင်းစေခံရသည့် ကလေးလုပ်သားစာရင်း ILO ထုတ်ပြန်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကလေးလုပ်သား များပြားကြောင်း အထောက်အထား ခိုင်လုံစွာ ထုတ်ဖော်ပြသရန် အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)က မြန်မာနိုင်ငံရှိ အဆိုးရွားဆုံး ခိုင်းစေခံရသည့် ကလေးလုပ်သားစာရင်း အပါအဝင် ကလေးလုပ်သား စာရင်းအချို့ကို ယခုနှစ်အတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ILO ၏ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ မစ္စတာစတိ(ဖ်)မာရှယ်(လ်) က The Voice သို့ ပြောကြားသည်။

အစီရင်ခံစာများကို အပိုင်းလိုက် ထုတ်ပြန်ကြေညာသွားရန် စီစဉ်ထားပြီး အဆိုးရွားဆုံး
ခိုင်းစေခံရသည့် ကလေးလုပ်သားများ အများဆုံးရှိသော လက်ဖက်ရည်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အခြား အန္တရာယ်ရှိသော လုပ်ငန်းခွင်များကို ဦးတည် စာရင်းပြုစုသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းကြောင့် အချို့အစီရင်ခံစာများကို လာမည့် နှစ်ဆန်းပိုင်းတွင် နောက်ဆုံးထား ထုတ်ပြန်ရန် ရည်ရွယ်ထားပြီး အခြား အစီရင်ခံစာများကို လာမည့် နှစ်များအတွင်း အပြီးသတ်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ အစီရင်ခံစာပြုစုရေး အတွက် ဆောင်ရွက်နေချိန်တွင် အစိုးရကို မူဝါဒရေးရာပိုင်း ဆိုင်ရာ အကြံပေးခြင်းနှင့် လူမှုပတ်ဝန်းကျင်တွင် ကလေးလုပ်သား ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် ရှိကြောင်း မစ္စတာ စတိဖ်မာရှယ်လ်က ထပ်မံပြောဆိုသည်။

"လက်ရှိဥပဒေမှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ကို သတ်မှတ်တာတို့၊ တရားဝင် အလုပ်လုပ်ချင်တဲ့ ကလေးတွေ အတွက် သူတို့နဲ့ကိုက်ညီမယ့် အလုပ်အမျိုး အစားတွေ သတ်မှတ်တာတို့ ပါဝင်အောင် အကြံပေးထားတယ်" ဟု ၄င်းက The Voice သို့ ဆိုသည်။

နိုင်ငံတကာစံနှုန်းအရ ကလေးလုပ်သား နှစ်မျိုးရှိရာ အဆိုးရွားဆုံး ခိုင်းစေခံရသော ကလေးလုပ်သား စာရင်းတွင် ကလေးစစ်သားများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော အလုပ်ကြမ်း လုပ်နေသည့် ကလေးငယ်များ ပါဝင်ပြီး ကျန်တစ်မျိုးမှာ စီးပွားရေးအတွက်၊ မိသားစုစီးပွားရေး အတွက် အလုပ်လုပ်နေသည့် ကလေးသူငယ်များ ဖြစ်သည်။

မြန်မာအစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၏ အဆိုးရွားဆုံး ပုံစံဖြင့် ကလေးသူငယ်လုပ်သား များကို ခိုင်းစေမှုပပျောက်ရေး ပြဋ္ဌာန်းချက် ၁၈၂ ချက်ကို လက်မှတ် ရေးထိုးရန် သဘောတူထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများရှိ ကလေးလုပ်သား ဦးရေသည် ဆယ်စုနှစ်အတွင်း တစ်ရိပ်ရိပ် တိုးမြင့်လျက် ရှိကြောင်း ကလေးလုပ်သား ပပျောက်ရေး လှုပ်ရှားနေသော နိုင်ငံတကာအဖွဲ့အစည်း များထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis