menu

Saturday 21 September 2013

နိုင်ဂျီးရီးယားစစ်တပ်နှင့် အစ္စလာမ္မစ် စစ်သွေးကြွများအကြား တိုက်ပွဲများပြင်းထန်

  1. Photo: နိုင်ဂျီးရီးယားစစ်တပ်နှင့် အစ္စလာမ္မစ် စစ်သွေးကြွများအကြား တိုက်ပွဲများပြင်းထန်

အဘူဂျာ၊ စက်တင်ဘာ  ၁၈

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ဘော်နိုပြည်နယ်၌ တပ်မတော်နှင့် အစ္စလာမ္မစ် ဘိုကိုဟာရမ် စစ်သွေးကြွများကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံးနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစိုးရတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးနေကြောင်း စစ်တပ်က ထုတ်ပြန်သွားသော်လည်း တပ်ဖွဲ့ဝင်ပေါင်း ၁၀၀ ကျော် သေဆုံးကြောင်း ဒေသခံမီဒီယာများက ခန့်မှန်းထားသည်။

ဘော်နိုပြည်နယ် မြို့တော်မိုင်ဒူဂူရီ မြောက်ပိုင်းတောအုပ် အတွင်းရှိ စစ်သွေးကြွ စခန်းတစ်ခုကို နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၂ ရက်နေ့အတွင်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ အတာဟီရူက ပြောကြားသည်။

ယင်းကဲ့သို့ စစ်ရေးသတင်းများကို ထုတ်ဖော်ပြောကြားမှုမှာ ပထမဆုံးအကြိမ်ဖြစ် လူသိရှင်ကြား ပြောကြားမှု ဖြစ်ကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

စစ်သွေးကြွများက တင့်ဖျက်လက်နက်များ၊ လေကြောင်းရန် ကာကွယ်ရေး လက်နက်များကို မော်တော်ယာဉ်များပေါ်တွင် တပ်ဆင်ထားပြီး တပ်အင်အား စုစည်းမှုများ ပြုလုပ်ထားကြောင်း နိုင်ဂျီးရီးယား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ အတာဟီရူက ပြောကြားသည်။

ထို့အပြင် ဆုငွေဒေါ်လာ ၆၂,၀၀၀ ထုတ်ထားသော စစ်သွေးကြွခေါင်းဆောင် အတ်ဘာကိုလည်း သတ်ဖြတ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အစ္စလာမ္မစ် စစ်သွေးကြွများ သောင်းကျန်းနေသည့် ဘော်နိုပြည်နယ်အတွင်း ပြီးခဲ့သည့် မေလမှစတင်၍ အရေးပေါ် အခြေအနေ ကြေညာထားပြီး အခြားသော ဒေသများနှင့် ဘော်နိုပြည်နယ်ကြား ဆက်သွယ်ရေး အခြေအနေများလည်း ဆိုးရွားလျက်ရှိသည်။

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း၌ အစ္စလာမ္မစ်နိုင်ငံ တည်ထောင်နိုင်ရန် ရည်ရွယ်ပြီး ဘိုကိုဟာရမ်အဖွဲ့က ၂၀၀၉ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်မှုများ ပြုလုပ်နေပြီး အကြမ်းဖက်မှုများကြောင့် လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။
စစ်သွေးကြွများကို တန်ပြန်နိုင်ရေးအတွက် အစိုးရတပ်ဖွဲ့ဝင် ထောင်နှင့်ချီ စေလွတ်ခြင်း၊ ဒေသခံ စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းခြင်းစသည့် အရေးယူမှုများ ဆောင်ရွက်ခဲ့သော်လည်း  စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် အစိုးရလိုလားသူ အများအပြား သေဆုံးခဲ့ရသည်။

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် အဘူကာဘာရှီကူကို သတ်ဖြတ်နိုင်လိုက်ကြောင်း နိုင်ဂျီးရီးယား တပ်မတော်က ပြီးခဲ့သည့်လအတွင်း ကြေညာခဲ့သော်လည်း ယင်းသတင်းကို အတည်ပြုနိုင်ခြင်း မရှိသလို စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

နိုင်ဂျီးရီးယား တပ်မတော်နှင့် ဘိုကိုဟာရမ်အဖွဲ့အကြား ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီး တပ်မတော် အကျအဆုံးစာရင်းကို အမြဲတမ်းလျှော့ပြလေ့ ရှိကြောင်း နိုင်ဂျီးရီးယားရေးရာ ကျွမ်းကျင်သူ အဘူလာရှီက ပြောကြားသည်။

ထို့အပြင် နိုင်ဂျီးရီးယားမြို့တော် အဘူဂျာအရှေ့ပိုင်း၌ရှိသော နာဆာရာဝါ ပြည်နယ်အတွင်း လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းကြောင့် တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ချထားရန် နိုင်ဂျီးရီးယားသမ္မတ ဂျွန်နသန်က အမိန့်ပေးထားရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

    The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis