menu

Saturday 21 September 2013

အသည်းကွဲသူများအသင်း နှစ်ပတ်လည် အစီရင်ခံစာ....(မင်းလူ)



အသည်းကွဲသူများအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို အသင်းပိုင် ချစ်ဒုက္ခခန်းမ၌ပြုလုပ်ရာ အသင်းသားများ စုံညီစွာ တက်ရောက်ကြပါသည်။ ရှေးဦးစွာ သဘာပတိက အမှာစကားပြောကြားရာတွင် ...
မိမိတို့၏ အသည်းကွဲသူများအသင်းကို စတင်တည်ထောင်ခဲ့သည်မှာ ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အသင်းဝင်ဦးရေ ပိုမိုတိုးတက်များပြားလာသည်ကို တွေ့ရကြောင်း ၊ အသင်းဝင်ဦးရေ လက်ခံရာတွင် စည်းကမ်းချက်များနှင့်အညီ စိစစ်ရန်လိုကြောင်း၊ သက်ဆိုင်ရာတာဝန်ခံများအနေဖြင့် အကြံဥာဏ်ပေးစေလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ အခမ်းအနားမှူးက အစီရင်ခံစာကို တင်သွင်းဖတ်ကြားရာတွင် အသင်း၏ ဘဏ္ဍာရေး အခြေအနေ ၊ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ၊ ရှေ့လုပ်ငန်းစဉ်များကို ပြောကြားပြီး အသင်း၏ စည်းကမ်းချက်များကို ဖတ်ကြားရာ စည်းကမ်းချက်များမှာ

          အသင်းဝင်တိုင်းသည်
၁။   အနည်းဆုံး သုံးကြိမ် အသည်းကွဲဖူးသူ ဖြစ်ရမည်။
၂။   အသက် ဆယ့်ရှစ်နှစ်မှ နှစ်ဆယ့်ငါးနှစ်အတွင်း ဖြစ်ရမည်။
၃။   မိမိက စတင်စွန့်ပစ်သူမဟုတ်ဘဲ စွန့်ပစ်ခံရသူ ဖြစ်ရမည်။
၎။   အသည်းကွဲဖူးသူဖြစ်ကြောင်း သက်သေခံပစ္စည်း တင်ပြနိုင်ရမည်။ (ဥပမာ ... မျက်ရည် တစ်ဂါလံ ၊ သို့တည်းမဟုတ် ချစ်သူထံမှ ဖြတ်စာများ)
၅။   ငါးကြိမ်အထက် အသည်းကွဲဖူးသူများကို ရာသက်ပန်အသင်းသားအဖြစ် သတ်မှတ်မည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ခံများက ဆက်လက်၍ ဆွေးနွေးကြပါသည်။

ဗိုလ်ချုပ်ဈေးတာဝန်ခံ
ကျွန်တော်ကတော့ ဗိုလ်ချုပ်ဈေး တာဝန်ခံ ဖြစ်ပါတယ်။ ဈေးသစ်ဈေးဟောင်းအပြင် လေဟာပြင်ဈေး ၊ စိန်ဂျွန်းဈေးတို့ကိုပါ တာဝန်ယူရသူ ဖြစ်ပါတယ်။ကျွန်တော့်နယ်မြေအတွင်းမှာရှိတဲ့ အသင်းသားများရဲ့ အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော်လည်း သွယ်ဝိုက်ပြီး သက်ဆိုင်နေတဲ့ အကြောင်းများကို တင်ပြပါ့မယ်။ ကျွန်တော့်နယ်မြေအတွင်းမှာရှိတဲ့ ဈေးတွေဆိုရင် အ၀တ်အဆန်းတွေဟာ တစ်ပတ်တစ်ခါလောက်ပေါ်ပါတယ်။ အလှကုန်တွေ ၊ အလှပြင်ပစ္စည်းတွေဟာလည်း အမျိုးစုံရှိပါတယ်။ ဈေးလည်း အရမ်းကြီးပါတယ်။
အဲဒီ အ၀တ်အထည်တွေ ၊ ပစ္စည်းတွေကို ၀ယ်ပေးဖို့ ကောင်မလေးတွေဟာ သူတို့ရဲ့ ကောင်လေးတွေကို နည်းအမျိုးမျိုးနဲ့ ပူဆာကြပါတယ်။ ချော့မော့ပြီးတော့တစ်မျိုး ၊ မြှောက်ပင့်ပြီးတော့တစ်သွယ်  ခြေဆောင့်ခြင်း ၊ နှုတ်ခမ်းစူခြင်း စတဲ့ စိတ်ကောက်ချင်ယောင်ဆောင်တာတွေ ၊ ခြိမ်းခြောက်တာတွေ လုပ်ကြပါတယ်။ ကောင်လေးတွေဟာ ရှိစုမဲ့စုလေးတွေနဲ့ ရှာဖွေစုဆောင်းပြီး ၀ယ်ပေးကြပါတယ်။ ၀ယ်မပေးနိုင်တဲ့ ကောင်လေးတွေဟာ စွန့်ပစ်ခြင်းခံရပါတယ်။ အဲဒီလို စွန့်ပစ်ခံရတဲ့အတွက် အသည်းကွဲပြီး အသင်းဝင်တွေ ဖြစ်လာကြရပါတယ်။ တချို့ကောင်လေးတွေကျတော့ ဈေးရောင်းတဲ့ ကောင်မလေးတွေကို စိတ်ဝင်စားပြီး ဆိုသမျှ ဈေးမဆစ်ဘဲ ပစ္စည်းတွေ ၀ယ်ကြရာက လုံးပါးပါးကုန်ကြပါတယ်။ နောက်ဆုံးကျမှ ကောင်မလေးတွေမှာ ရည်းစားရှိတာတို့ ၊ စေ့စပ်ထားတဲ့လူရှိတာတို့ သိကြရပြီး အသည်းကွဲကုန်ကြရပါတယ် ခင်ဗျား။

တက္ကသိုလ်တာဝန်ခံ
ကျွန်တော့်အနေနဲ့ ပင်မတက္ကသိုလ်အပြင် အခြားနယ်မြေတက္ကသိုလ်များ ၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များပါ တာဝန်ယူရတဲ့အတွက် နယ်မြေကျယ်ပြန့်သလို အသင်းဝင်ဦးရေလည်း များပြားလှပါတယ်။ကျွန်တော်ကတော့ စောစောက ဗိုလ်ချုပ်ဈေးတာဝန်ခံ တင်ပြသွားတဲ့ အချက်ကိုပဲ ကိုးကားပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။ ခုချိန်မှာ အလှအပနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေဟာ အလွန်ပေါများတဲ့အပြင် ထူးထူးခြားခြား ခေတ်မီဆန်းပြားမှုလည်း ရှိပါတယ်။ တက္ကသိုလ်ကျောင်းသူတချို့ဟာ ဒိုင်ယာနာပုံစံ ၊ မက်ဒေါနားပုံစံ ၊ အကြေကောက် စတဲ့ ဆံပင်ပုံစံတွေ ၊ အကောင်းစား ကြွေမိတ်ကပ်တွေ ၊ ဆွဲဆောင်မှုရနံ့ရှိတဲ့ နှုတ်ခမ်းဆိုးဆေးတွေ ၊ ထိုင်းဆစ် ၊ အကြေသား ၊ အညာသား အစရှိတဲ့ အ၀တ်အထည်ဆန်းတွေနဲ့ အစွမ်းကုန် ပြင်ဆင်ခြယ်သထားကြပါတယ်။ တခြား အထောက်အကူပြုပစ္စည်းတွေပါသုံးတဲ့အတွက် ပိန်ခြောက်ခြောက်တွေကလည်း စွင့်စွင့်ကားကားဖြစ် ၊ ၀၀တုတ်တုတ်တွေကလည်း ခါးသေးရင်ချီတွေဖြစ် ၊ မွဲခြောက်ခြောက်တွေကလည်း စိုစိုပြည်ပြည်ဖြစ်ပြီး ရူပါရုံ အစရှိတဲ့ အာရုံငါးပါး မဟာဗျူဟာ ၊ နည်းဗျူဟာတွေသုံးပြီး တိုက်ခိုက်နေကြပါတယ်။ဒါကြောင့် အသည်းကွဲသူများ အသင်းဝင်တွေဟာလည်း ကြောက်ခမန်းလိလိ တိုးတက်လာတာကို တွေ့ရပါတယ်။နောက်တစ်ခု ပြောလိုတာကတော့ အသင်းရဲ့စည်းကမ်းချက်တစ်ခုဖြစ်တဲ့ အနည်းဆုံးသုံးကြိမ် အသည်းကွဲဖူးရမယ်ဆိုတဲ့အချက်နဲ့ပတ်သတ်ပြီးတော့ပါပဲ။ ရန်ကုန်တက္ကသိုလ်က ကဗျာဆရာလေး တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါတည်းသာ အသည်းကွဲဖူးပေမယ့် တစ်ခါဆို ဆိုသလောက် သူ့အသည်းဟာ လုံးဝသုံးလို့မရတော့လောက်အောင် ကွဲအက်ကြေမွခဲ့ရပါတယ်။ သူ့အဖို့ နောက်ထပ်ကွဲစရာအသည်း မရှိတော့ပါဘူး။ ဒီလိုလူမျိုးကိုတော့ တစ်ကြိမ်တည်းသာ အသည်းကွဲဖူးပေမယ့် အသင်းဝင် လက်ခံသင်တယ်လို့ တင်ပြလိုပါတယ်ခင်ဗျား။
(လက်ခုပ်သံများ)

ရန်ကုန်မြို့လယ်တာဝန်ခံ

ကျွန်တော့်အနေနဲ့လည်း အသင်းရဲ့ စည်းကမ်းချက်တစ်ခုကို ဆွေးနွေးလိုပါတယ်။ အသက်ကန့်သတ်ချက်ပဲ ဖြစ်ပါတယ်။ အသက် နှစ်ဆယ့်ငါးနှစ်ထက်မကျော်ရ ဆိုတဲ့ ကိစ္စပါပဲ။ ကျွန်တော် သိထားရတဲ့ကိစ္စတစ်ခုကို တင်ပြလိုပါတယ်။ ကိုအေမြင့်ဆိုတဲ့သူဟာ အသက်သုံးဆယ်ကျော်မှ ရည်းစားထားမိပြီး ခုအခါမှာ ရည်းစားက စွန့်ပစ်သွားလို့ အလူးအလဲခံစားနေရပါတယ်။ နောက် ထူးခြားတဲ့ အသင်းဝင်လိုသူ တစ်ယောက်အကြောင်း တင်ပြလိုပါတယ်။ သူကတော့ ဦးထွန်းစိုးဆိုသူ လူပျိုကြီးပဲ ဖြစ်ပါတယ်။ သူဟာ အသက်လေးဆယ်ကျော်တဲ့အထိ ချစ်သူရည်းစားတစ်ယာက်မှ မထားဘဲ နေခဲ့ပါတယ်။
ဒါကြောင့် တစ်ခါမှ အသည်းမကွဲဖူးသူလို့ သာမာန်အားဖြင့် ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်ကူးထဲမှာ အသည်းကွဲတဲ့ ဝေဒနာကို အကြိမ်ကြိမ်ခံစားကြည့်ဖူးပြီး ကြောက်လွန်းလို့ ခုလို တစ်ကိုယ်တည်းနေတာပါတဲ့။ ဒါကြောင့် သူ့ကို အသင်းဝင်အဖြစ်လက်ခံဖို့ လျှောက်ထားပါတယ်။ (ရယ်သံများ)

ဒါ့အပြင် ပြောလိုတာက တချို့သူများဟာ အသင်းဝင်ဖို့ မျက်ရည်တစ်ဂါလံ မပြည့်သေးတဲ့အတွက် ရေရောလာတာလည်း တွေ့ရှိရပါတယ်။ နောက်ပြီးတော့ တချို့လူတွေဟာ အချစ်ကြောင့် အသည်းကွဲတာမဟုတ်ဘဲ အရက်သောက်လွန်းလို့ အသည်းရောင်ရောဂါဖြစ်ပြီး အသည်းအက်ကွဲတာကို အကြောင်းပြကာ အသင်းဝင်ဖြစ်ဖို့ လျှောက်ထားကြပါတယ်။ အဲဒါမျိုးကိုတော့ ငြင်းပယ်သင့်ကြောင်း အကြံပြု တင်ပြအပ်ပါတယ် ခင်ဗျား။ ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။


အစည်းအဝေးဆုံးဖြတ်ချက်များမှာ

-   တစ်ကြိမ်တည်းသာ အသည်းကွဲဖူးသော်လည်း တစ်သက်စာနာလန်မထူနိုင်အောင် ဟက်တက်ကွဲခြင်းဖြစ်လျှင် အသင်းဝင်အဖြစ် လက်ခံရန်။
-   အသင်းဝင် အသက်ကန့်သက်ချက်ကို ခြွင်းချက်ဖြင့် တိုးမြှင့်လက်ခံရန်။
-   အရက်ကြောင့် အသည်းကွဲသူများကို အသင်းက လက်မခံဘဲ ငြင်းပယ်ရန်။
-    အသင်းဝင်များ မျက်ရည်သုတ်ရန် လက်ကိုင်ပ၀ါ တစ်ခါဇင်စီ ထောက်ပံ့ရန်။
-   လူပျိုကြီးများကို ဂုဏ်ထူးဆောင် အသင်းသားအဖြစ် လက်ခံရန် တို့ပင် ဖြစ်ပေသတည်း။

[ချယ်ရီ ၊ ဧပြီ ၊ ၁၉၈၆]

မင်းလူ၏ ၀တ္တုတိုများ facebook page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis