menu

Thursday 15 August 2013

နာလန်မထူနိုင်သေးသူများ( အောင်သူငြိမ်း )

D-14-8
အညာနေပြင်းပြင်းဒဏ် ခံနေရသည့် သက်ရင့်မြေပဲစိုက်ခင်း အချို့ကို တွေ့ရစဉ်
မိုးရွာသွန်းမှု နည်းပါခြင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများကြောင့် မကွေးတိုင်းဒေသကြီး အတွင်းမှ တောင်သူများ အရှုံးကို ခါးစည်းခံခဲ့ရသည်မှာ ၂၀၁၂ ခုနှစ်အထိ လေးနှစ်ဆက်တိုက် ရှိခဲ့ပြီ ဖြစ်သည်။ ရေတိုကုစားနည်းများဖြင့် မစွမ်းသာသည့် ရာသီဥတု ဖောက်ပြန်မှုများက ယခုနှစ်အတွက်လည်း အညာတောင်သူများအား စိန်ခေါ်လျက် ရှိနေပြန်သည်။ လေးနှစ်စာ အရှုံးအတွက် နာလန်မထူနိုင် သေးသော်လည်း မိုးနံ့သင်းသည်နှင့် မြေကြီးဖြင့် နပန်းလုံးရလေ့ရှိသည့် တောင်သူများမှာ မ၀ံ့မရဲဖြင့်ပင် ယခုနှစ်အတွက် စိုက်ပျိုးရေးကို တာလွှတ်ခဲ့ရပြန်သည်။
မိုးနည်းရပ်ဝန်း ဖြစ်သည့်အလျောက် သဘာဝမိုးရေကိုသာ အားထားသောက်ရသော အညာဒေသ စိုက်ခင်းများအတွက် မိုးဦးပိုင်း ကတည်းက မိုးရွာသွန်းမှု နည်းခဲ့သည်။ မကွေးတိုင်းအတွင်း မကွေး၊ တောင်တွင်းကြီး၊ အောင်လံနှင့် သရက်မြို့နယ်များတွင် ပုံမှန်ရာသီချိန်အတိုင်း မိုးဦးသီးနှံများ စိုက်ပျိုးနိုင်ခဲ့သော်လည်း ရေနံချောင်း၊ ချောက်၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ ပခုက္ကူ၊ ရေစကြို၊ မြိုင် စသည့်မြိုနယ်များတွင် မိုးဦးနှမ်းနှင့် သက်ရင့်မြေပဲများ တစ်လခန့် နောက်ကျ၍ စိုက်ပျိုးခဲ့ရသည်။

မိုးဦးနောက်ကျခြင်း၊ မိုးရွာသွန်းမှု နည်းခြင်းများအား ရှောင်ရှားသည့် အနေဖြင့် သက်နုမြေပဲ (၀ါဆိုပဲ)ကို အားထားစိုက်ပျိုးရန် စောင့်စားခဲ့သော်လည်း ယခုဝါခေါင်လဆန်းသည်အထိ ၀ါဆိုပဲ မစိုက်ရသေးသူ အများအပြား ရှိနေသည်။ ၀ါခေါင်လဆန်းပိုင်းတွင် မိုးရွာခဲ့သော်လည်း ဒေသနှံ့ ရွာသွန်းခြင်း မရှိခဲ့ဘဲ မြို့နယ်အချို့ရှိ တောင်သူများသာ အဆင်ပြေမှု ရှိခဲ့သည်။
မိုးဦးနှမ်းများမှာလည်း မကွေး၊ အောင်လံ၊ တောင်တွင်းကြီးမြို့နယ်များ အတွင်း၌သာ ဖြစ်ထွန်းမှု ရှိခဲ့သည်။ ယင်းမြို့နယ်များအတွင်း ဖြစ်ထွန်းခဲ့သော နှမ်းပင်များမှာ အမြင့်လေးပေကျော်အထိ ရှိခဲ့သော်လည်း အခြားမြို့နယ်များအတွင်း စိုက်ပျိုးခဲ့သော နှမ်းပင်များမှာ တစ်ပေအမြင့်ပင် မတက်နိုင်ပဲ အချို့မှာ မတ်တတ်ခြောက်ရသည့် အခြေအနေထိ ရှိလာခဲ့သည်။
မိုးဦးပိုင်းက အရဲစွန့်၍ ကြဲခဲ့သည့် သက်ရင့်မြေပဲပင် များမှာလည်း မိုးရေသောက်ရမည့်အစား အညာနေပြင်းပြင်း၏ဒဏ်ကြောင့် ပြားပြားမှောက်ကာ နွမ်းရော်နေခဲ့သည်။ ထိုသို့ အဓိက စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ရခြင်းက မျိုးစေ့မျိုးဆန်ဖိုး၊ လယ်ယာထွန်ယက်ခနှင့် လုပ်သားခများ ရင်းနှီးထားရသည့် တောင်သူများအတွက် ရတက်မအေးစရာ ဖြစ်စေခဲ့သည်။
တစ်ပူပေါ် နှစ်ပူဆင့် ဆိုသကဲ့သို့ သီးနှံမဖြစ်ထွန်း၍ ငွေကြေးဆုံးရှုံးရမည်ထက် လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားများအတွက် နွားစာရှားပါးလာသည့် အရေးက နေ့စဉ်ရက်ဆက် ဖြေရှင်းရ ခက်လာခဲ့သည်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသည့် စကားအတိုင်း စိုက်ပျိုးရေးတွင် မရှိမဖြစ် သုံးရသည့် ခိုင်းနွားများအား ရောင်းစားရသူများ ပေါများလာခဲ့သည်။
"နွားရောင်းတယ် ဆိုတာလည်း နွားစာအခက်အခဲရော၊ သီးနှံမဖြစ်လို့ ငွေလိုတဲ့ အခက်အခဲကြောင့်သာ ရောင်းရတာပါ။ ဒီနွားတွေနဲ့ပဲ ထွန်ယက်စိုက်ပျိုးရတဲ့ တောင်သူတွေအတွက် နွားဖြုတ်ပစ်တယ်ဆိုတာ လက်တစ်ဖက် ပြုတ်သလိုပါပဲ" ဟု ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာမှ တောင်သူဦးဘိုလွင်က ပြောကြားခဲ့သည်။
မိုးဦးပိုင်းက အရဲစွန့်၍ ကြဲခဲ့သည့် သက်ရင့်မြေပဲပင် များမှာလည်း မိုးရေသောက်ရမည့်အစား အညာနေပြင်းပြင်း၏ဒဏ်ကြောင့် ပြားပြားမှောက်ကာ နွမ်းရော်နေခဲ့သည်။ ထိုသို့ အဓိက စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ရခြင်းက မျိုးစေ့မျိုးဆန်ဖိုး၊ လယ်ယာထွန်ယက်ခနှင့် လုပ်သားခများ ရင်းနှီးထားရသည့် တောင်သူများအတွက် ရတက်မအေးစရာ ဖြစ်စေခဲ့သည် . . . . .
မိုးမရွာ၍ သီးနှံမအောင်မြင်သူ အချင်းချင်း နွားဝယ်နိုင်ဖို့ ဆိုသည်မှာလည်း မလွယ်ကူသော ကိစ္စတစ်ခု ဖြစ်သည်။ ၂၀၁၃ ခုနှစ် အစောပိုင်းက အသားဈေးကွက်အတွက် နွားဝယ်သူများကြောင့် နွားများဈေးကောင်းရခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်ဂိတ်များမှ တရားမ၀င် နွားတင်ပို့မှုများ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ၀ယ်လက်အေးသွား သွားခဲ့ပြန်သည်။ ၀ယ်နိုင်သူ နည်းပါး၍ ဈေးနှိမ်မှန်း သိသည့်တိုင် လူ့ဝမ်းစာပါမက နွားစာအတွက်ပါ အခက်ကြုံရသည့်အခါ ရှုံးမှန်းသိသိနှင့်ပင် ရောင်းချင်ရက်ဆက်လက်ဆိုသူများ ပေါများလာခဲ့သည်။
"နွားကို မရောင်းမဖြစ်လို့ ရောင်းရတဲ့အခါ ငွေအပြည့်အ၀ ချက်ချင်းမရတာမျိုးလည်း ကြုံလာရပါတယ်။ ၀ယ်သွားတဲ့သူက နွားအရောက်ပို့ပြီး ပြန်လာမှ ကျန်ငွေကိုချေတာမျိုးတွေ ရှိလာတယ်။ ရာသီဥတု မကောင်းတဲ့ ကာလဆိုတော့ တောင်သူတွေက ရောင်းဖို့ပဲ ရှိတာပါ။ ၀ယ်သူတွေကတော့ အသားလိုင်းအတွက်ပဲ ၀ယ်ကြတာဖြစ်မှာပါ" ဟု ချောက်မြို့နယ် စမ်းစုကျေးရွာ နွားပွဲဈေးတွင် နွားလာရောင်းသူ တစ်ဦးက ပြောခဲ့သည်။
ယခင်နှစ်က မိုးအားနည်းခဲ့မှုကြောင့် ကျေးရွာများရှိ ရေကန်များ ရေမတင်နိုင်ခဲ့ခြင်းက နွေရာသီကာလတွင် ရေရှားပါးမှု ပြဿနာကို ဖန်တီးခဲ့သည်။ မိုးလယ်ပိုင်းကာလ ရောက်ရှိလာသည့်တိုင် မိုးဖြိုင်ဖြိုင် မရွာသေးခြင်းက ယခုနှစ် နွေရာသီအတွက် ပပ်ကြားအက် ရေကန်များ၊ ရေဆာနေသည့် ရေတွင်းများ ဖြစ်ပေါ်လာရန် အကြောင်းဖန်နေသကဲသို့ ရှိနေသည်။
"မကွေးတိုင်းဒေသကြီး မြောက်ပိုင်းမှာ မိုးရွာသွန်းမှုနည်းလို့ သီးနှံစိုက်ပျိုးရေးအတွက် အခက်အခဲတွေ ကြုံနေရကြောင်း မီဒီယာတွေကတစ်ဆင့် ကြားသိခဲ့ရပါတယ်။ အဲဒီဒေသက တောင်သူတွေအတွက်လည်း ကူညီမှုတွေ ပေးသွားရမှာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတကြီး၏ သြဂုတ်လ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးရေး နိုင်ငံတစ်ခု၏ ဆီထွက်သီးနှံ အဓိကစိုက်ပျိုးရာ ဒေသမှ တောင်သူများ၊ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးရေးနှင့်သာ အသက်မွေးခဲ့သော တောင်သူများအတွက် မိုးအဆက်ပြတ်ခြင်းက ရာသီဥတု၏ ဒဏ်ခတ်ခြင်း ခံရသူများပမာ။ စိုက်ပျိုးချိန်ရောက်တိုင်း မိုးမျှော်၍ ၀မ်းရေးကို သဘာဝတရားနှင့် လောင်းကြေးထပ်ထားရသည့် အညာတောင်သူများအတွက် မိုးခေါင်ခြင်းက ရာသီဥတု ကျိန်စာတစ်ခုပမာ ဖြစ်လာသည်။
ကမ္ဘာပေါ်ရှိ သယံဇာတ ကြွယ်ဝသော နိုင်ငံများ၌ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု အားနည်းခြင်း စသည့်လက္ခဏာများ ကြုံတွေ့ရလေ့ ရှိတတ်သည်ကို သယံဇာတ ကျိန်စာသင့်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုလေ့ ရှိသည်။
မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ ရေကြီးရေလျှံမှုများကြောင့် စပါးခင်းများ ရေလွှမ်းခံနေရချိန်တွင် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်သည့် အလယ်ပိုင်းဒေသ၌ မြေပဲနှင့် နှမ်းစိုက်ခင်းများ ရေငတ်နေရခြင်းအား ရာသီဥတု ကျိန်စာသင့်ခြင်းဟု ခေါ်ဆိုရမည်လား အတွေးပွားမိသည်။ ထိုရေငတ်နေသည့် မြေပဲနှင့် နှမ်းများအတွက် ငွေအင်အား၊ လူအင်အား ရင်းနှီးထားရသည့် ယခင်လေးနှစ်ဆက်တိုက်ကလည်း အရှုံးနှင့် နပမ်းလုံးရင်း နာလန်မထူနိုင်သေးသည့် အညာတောင်သူများ ရာသီဥတု ကျိန်စာသင့် ခံနေရခြင်းအား မည်သို့သော နည်းလမ်းများဖြင့် ကုစားပေးနိုင်မည်လဲ စဉ်းစားနေမိပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis