menu

Thursday 15 August 2013

အကြွေစေ့ဂိမ်းဆိုင်ကြောင့် DKBA နှင့် ခရိုင်ရဲတပ်ဖွဲ့တို့ နှစ်ဖက်တင်းမာ


ဟင်္သာနီ(မွန်မြေ) | ကြာသပတေးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၀၉ မိနစ်

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် ဆက်စပ်မှုရှိသည့် ကော့ကရိတ်ခရိုင်အတွင်းမှ အကြွေစေ့ လောင်းကစားဆိုင်တစ်ခုကို ခရိုင်ရဲစခန်းက ၀င်ဖမ်းခဲ့ပြီးနောက်ပိုင်းတွင် ယင်းကိစ္စကို ဖြေရှင်းရန် လက်နက် အပြည့်အစုံပါလာသည့် DKBA မှ ကားနှစ်စီးက ရဲစခန်းသို့ သွားရောက်ခဲ့သဖြင့် နှစ်ဖက်တင်းမာခဲ့ရသည်။

သြဂုတ် ၁၂ ရက် နေ့လည်တွင် DKBA တပ်ဘက်မှ လက်နက်အပြည့်ပါလာသော ကားများက ရဲစခန်းသို့ လာရောက်သဖြင့် ရဲများဘက်ကလည်း သေနတ်မောင်းတင်ကာ အသင့်အနေအထား နေရာယူခဲ့ သည်အထိ အချေအတင် တင်းမာသွားခဲ့ရသည်ဟု စုံစမ်းရရှိသည်။


ခရိုင်ရဲစခန်းသို့ သွားရောက်ခဲ့သည့် DKBA ဘက်မှ ခေါင်းဆောင်နှစ်ဦးမှာ ကလို့ထူးဘောတပ်ဖွဲ့၏ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးသရီတူးနှင့် အမှတ်-၉၀၇ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဘိ ကြီးတို့ဖြစ်ကာ ၎င်းတို့နှင့်အတူ ကားနှစ်စီးနှင့် လူအင်အား ၄၀ ခန့် ပါသွားခဲ့သည်ဟု မြ၀တီမြို့ရှိ DKBA ဆက်ဆံရေးရုံးမှ ဗိုလ်ကြီးစိုးမြင့်က ပြောသည်။

“အဲဒီဂိမ်းကစားတာဟာ ကလေးတွေကစားဖို့ ခွင့်ပြုတာလေ။ ဂိမ်းဆိုင်ပိုင်ရှင်တွေက ငွေနဲ့ကစားကြတာကို
တွေ့ရှိတဲ့အပေါ်မှာ ဥပဒေအတိုင်း လုပ်တာပေါ့လေ။ အဲလို ထိန်းသိမ်းတဲ့အပေါ်မှာ ကျွန်တော်တို့အဖွဲ့ကို လာရောက် အကူအညီတောင်းတော့ ကျွန်တော်တို့က သွားရောက် ဖြေရှင်းတာပေါ့လေ။ အဲဒါကြောင့် အခုလိုဖြစ်သွားတာပါ”ဟု DKBA မှ ဗိုလ်မှူးးမောင်လေးက မဇ္ဈိမကို ပြောသည်။

ဗိုလ်ကြီးစိုးမြင့်ကလည်း ယင်းကိစ္စသည် ပြဿနာကို ဖြေရှင်းရန်ကြိုးစားရာမှ ပိုမိုရှုပ်ထွေးသွားခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုသည်။

“ပြဿနာက သွားရှင်းတာ ပိုရှုပ်သွားသလို ဖြစ်သွားတယ်။ အခုတော့ ပြေလည်သွားပြီဆိုပေမယ့် ကျွန်တော်တို့ တပ်ဖွဲ့ဂုဏ်သိက္ခာတော့ ထိခိုက်တာပေါ့”ဟု ဗိုလ်ကြီးစိုးမြင့်က မဇ္ဈိမကို ဆက်ပြောသည်။

ထိုသို့ နှစ်ဖက်တင်းမာမှုရှိခဲ့သဖြင့် ထိုညက ရဲစခန်းတွင် စစ်တပ်က လာရောက်၍ လုံခြုံရေးယူပေးခဲ့ရကြောင်း စုံစမ်း ရရှိသည်။

ရဲများက အကြွေစေ့လောင်းကစားဆိုင်ကို ဖမ်းဆီးစဉ် သိမ်းဆည်းထားသည့် ပစ္စည်းများကို ခရိုင်ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ကရင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဦးတင်မောင်အေးက ပြောသည်။

ထို့ပြင် DKBA နှင့် ရဲတပ်ဖွဲ့တို့ နှစ်ဦးနှစ်ဖက် “အခုတော့ နားလည်မှုရသွားပါပြီ”ဟုလည်း သူက ဆက်ပြောသည်။

အချေအတင် ဖြစ်စေခဲ့သည့် အကြွေစေ့လောင်းကစားဆိုင် ဖမ်းဆီးမှုကို ရဲများက သြဂုတ် ၁၁ ရက်က ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး DKBA ဘက်ကမူ ယင်းဆိုင်သည် ဒေသအာဏာပိုင်များကို အခကြေးငွေပေး၍ ဖွင့်လှစ်နေခြင်း
ဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့ကြသည်။

နှစ်ဖက်တင်းမာမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုများ မရှိခဲ့ကြောင်းလည်း ပြန်/ဆက်ဌာနဦးစီးမှူး ဦးတင်မောင်အေး က အတည်ပြုသည်။

ခရိုင်ရဲစခန်းသို့ သွားရောက်ခဲ့သူနှစ်ဦးကိုလည်း DKBA ဗဟိုက သတိပေးထားကြောင်း မြ၀တီဆက်ဆံရေးရုံးမှ ဗိုလ်ကြီးစိုးမြင့်က ပြောသည်။ သို့သော် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကိုမူ သူက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis