menu

Saturday 18 May 2013

ပြည်သူတွေ မခံစားရသေးတဲ့ အပြောင်းအလဲ

KNTarticle-may18
အညာဒေသ လယ်ယာလုပ်ငန်းခွင်တစ်ခု
မြန်မာပြည်မှာ ပြောင်းလဲနေပြီလို့ ဆိုလိုက်တိုင်း သာမန်ပြည်သူတွေက လက်ခံလို့ မရဘူးဆိုတဲ့ အကြည့်မျိုးနဲ့ ပြန်ကြည့်လေ့ ရှိပါတယ်။ တချို့ ပြန်လှန်မေးခွန်း ထုတ်တတ်သူတွေကတော့ ဘာတွေများ ပြောင်းသွားတာလဲလို့ ပြန်မေးလေ့ ရှိပါတယ်။
ဒီလို မေးလိုက်ရင် တချို့က ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီမေးခွန်းဟာ သာမန်ပြည်သူတွေ အတွက် လိုအပ်နေတဲ့ မေးခွန်းတစ်ခု မို့လို့ပါ။
အစိုးရသစ် တက်လာခါစမှာ သမ္မတကြီးက သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်စေရပါမည်လို့ ကတိပေးတာကို ကြားလိုက်ရပါတယ်။ တကယ်လည်း ပြည်သူတွေက သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရကို အလိုရှိနေပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ နှစ်ပေါင်းများစွာ အစိုးရရဲ့ မသန့်ရှင်းမှုဒဏ်ကို ခံစားလာခဲ့ ကြရတာပါ။ အစိုးရရုံး တစ်ရုံးကို ၀င်ထွက်သွားလာမည် ဆိုရင် လက်ဖက်ရည်ဖိုးလေးတော့ ပါအောင် ဆောင်သွားရပါမယ်။ လက်ဖက်ရည်ဖိုး မတတ်နိုင်သူတွေအတွက် အဲဒီ့ရုံးကို ချိန်းဆိုသမျှ အကြိမ်ကြိမ် သွားရမှာပါ။ အဲဒီ့ အခြေအနေကို ပြည်သူတွေ စိတ်ကုန်နေတာ ကြာပါပြီ။ ဒီလို အချိန်မှာပဲ ဘယ်အစိုးရကမှ မပြောခဲ့တဲ့ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရဖြစ်အောင် ကြိုးစားမယ်ဆိုတော့ ကျွန်မတို့လို သာမန်ပြည်သူတွေ အစိုးရသစ်ကို ၀မ်းသာအားရ ကြိုဆိုမိပါတယ်။


ပြည်သူတွေဆီက မြေယာတွေ သိမ်းပိုက်ခဲ့တာ၊ အဲဒီလို သိမ်းပိုက်တာကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြ တောင်းဆိုဖို့ ခွင့်တောင်းရင် ခွင့်မပြုတာ၊ ခွင့်မပြုလို့ ပြည်သူတွေက ဇွတ်အတင်း ဆန္ဒပြရင် ပုဒ်မ (၁၈) နဲ့ တရားစွဲဆို တာတွေကို ဆက်တိုက်ကြားနေရပါတယ်။ ပြည်သူတွေဟာ သူတို့ရင်ထဲက မကျေနပ်ချက်တွေကို ဖော်ထုတ်ခွင့် မရသေးပါဘူး . . . . .
အစိုးရသစ် တက်လာပြီး ၂ နှစ်ကြာတဲ့ အချိန်အထိ ကော်မတီပေါင်း မြောက်မြားစွာကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ရယ်တော့ မသိပါဘူး၊ အရင်က အခြေအနေတွေ ဘာမှပြောင်းလဲလာတာကို မတွေ့ရပါဘူး။ ကျွန်မတို့လို သာမန်ပြည်သူတွေက ဘယ်သူ့ကိုမဆို ကြောက်နေရဆဲပါ။ အရင်တုန်းကလိုပဲ အစိုးရ ၀န်ထမ်းတွေကစပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးအထိ ကြောက်နေရဆဲပါ။ အစိုးရဌာနတွေနဲ့ ဆက်ဆံရရင်လည်း အရင်တုန်းကလိုပဲ ပြည်သူတွေကို အော်မြဲ၊ ငေါက်မြဲပါပဲ။
အကောင်းမြင်တတ်သူတွေကတော့ နိုင်ငံရေးအရ ပြောင်းလဲလာတယ် မဟုတ်လားလို့ ပြောကြပါတယ်။ ဟုတ်ကဲ့ပါ၊ အဲဒီ့ အပြောင်းအလဲက ပြည်သူ့ဆီကို တိုက်ရိုက် မရောက်ပါဘူး။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီ့ နောက်မှာတော့ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခွင့်ရခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၅ နေရာ အနိုင်ရခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ပြည်သူတွေဆီက မြေယာတွေ သိမ်းပိုက်ခဲ့တာ၊ အဲဒီလို သိမ်းပိုက်တာကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြ တောင်းဆိုဖို့ ခွင့်တောင်းရင် ခွင့်မပြုတာ၊ ခွင့်မပြုလို့ ပြည်သူတွေက ဇွတ်အတင်း ဆန္ဒပြရင် ပုဒ်မ (၁၈) နဲ့ တရားစွဲဆို တာတွေကို ဆက်တိုက်ကြားနေရပါတယ်။ ပြည်သူတွေဟာ သူတို့ရင်ထဲက မကျေနပ်ချက်တွေကို ဖော်ထုတ်ခွင့် မရသေးပါဘူး။
ပိုဆိုးတာက ပြည်သူတွေရဲ့ အနည်းငယ်သော ပိုင်ဆိုင်မှုတွေကို ဘယ်သူတွေ၊ ဘယ်အချိန်မှာ၊ ဘာစီမံကိန်းနဲ့ သိမ်းပိုက်သွားမှာလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အသက်ရှင်နေကြ ရတာကလည်း အရင်အစိုးရ လက်ထက်နဲ့ အစိုးရသစ် လက်ထက် ဘာမှမကွာပါဘူး။ နိုင်ငံတော်က ပြုလုပ်တဲ့ စီမံကိန်းဆိုတာနဲ့ ပြည်သူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်ထားတဲ့ လယ်မြေတွေ၊ ဘိုးဘွားပိုင်မြေတွေ၊ သူတို့ ကြိုးစားမှုရဲ့ ရလာဒ်တွေဖြစ်တဲ့ လက်ထက်ပွားတွေ၊ ဘယ်လိုဟာတွေပဲဖြစ်ဖြစ် အားလုံးကို လက်လွှတ်လိုက် ကြရပါတယ်။ ဒါပေမဲ့ အဲဒီ့စီမံကိန်းကို အကြောင်းပြုပြီး ချမ်းသာသွားတာကတော့ အစိုးရနဲ့ အလွမ်းသင့်သူတွေပဲ ဖြစ်ပါတယ်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မယ်ဆိုတော့လည်း ပြည်သူတွေ ၀မ်းသာပါတယ်။ နှစ်ပေါင်းများစွာ အလုပ်လက်မဲ့ ဘ၀နဲ့ မသေရုံလေး ရှာစားနေခဲ့ရတာပါ။ ဒါကြောင့်လည်း အစိုးရသစ် တက်ခါစမှာ ပြည်သူတွေဟာ သူတို့ဘ၀ရဲ့ အပြောင်းအလဲတွေအတွက် အစိုးရသစ်ကို မျှော်လင့်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်က ဆင်းကတ်တစ်ကတ်ရဲ့ တန်ဖိုးဟာ အစိုးရဆီကနေ တိုက်ရိုက်ထုတ်နိုင်တဲ့ အခွင့်အရေးရရင် ကျပ် ၁၅ သိန်းဖြစ်ပြီး အပြင်ကနေ ပြန်ဝယ်ရရင် ကျပ်သိန်း ၄၀ ၀န်းကျင်မှာ ရှိနေခဲ့ပါတယ်။  ၂၀၁၂ ခုနှစ်ရောက်တော့ ဆင်းကတ်တစ်ကတ်ကို ကျပ် ၂ သိန်းနဲ့ ရနိုင်နေပြီ ဖြစ်ပေမယ့် လူတန်းစားအားလုံး မကိုင်နိုင်ကြပါဘူး။ အိမ်နီးချင်း နိုင်ငံတွေမှာ ဆင်းကတ်တစ်ကတ်ရဲ့ တန်ဖိုးဟာ မြန်မာကျပ်ငွေ ၁၅၀၀ လောက်ပဲ တန်ပါတယ်။ လူတွေ ဖုန်းကိုင်တယ်ဆိုတာ လိုအပ်လို့ ဆိုတာကို အစိုးရ နားလည်ပုံ မရပါဘူး။
ဒါကြောင့် ဈေးသက်သာတဲ့ ဖုန်းဆင်းကတ်တွေ ထုတ်မယ်ဆိုတော့ ပြည်သူတွေ ၀မ်းသာကြပါတယ်။ ဒီကြားထဲ ဆက်သွယ်ရေးက အရာရှိတွေ စစ်ဆေးခံရတယ်၊ သမ္မတ ကိုယ်တိုင်က ဖုန်းဈေးကို အတတ်နိုင်ဆုံး လျှော့ချမယ်ဆိုတော့ ပြည်သူတွေ ၀မ်းမြောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဆင်းကတ်ကိုရောင်းတော့ ပြည်သူတွေခမျာ ၀မ်းမသာနိုင်ကြပါဘူး။ ဆင်းကတ်ကို မဲနှိုက်ရတာရယ်၊ မဲနှိုက်ရာမှာလည်း သတ်မှတ်ချက်တွေ များလွန်းတာ၊ ၀ယ်ချင်တဲ့လူ အရေအတွက်ထက် ရောင်းချတဲ့ အရေအတွက်က အရမ်းနည်းလွန်းနေတာတွေကြောင့် ဆင်းကတ်နဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်တဲ့ အသံမျိုးစုံကို ကြားရပါတယ်။ ဒီထက် ပိုဆိုးတာက အပြင်မှာ ကျပ်ခုနစ်သောင်း၊ ရှစ်သောင်းနဲ့ ပြန်ဝယ်လို့ ရနေတာမျိုးတွေကိုလည်း ကြားနေရပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ကျပ် ၁၅၀၀ တန် အိပ်မက်ကို အပြည့်အ၀ မက်ခွင့်မရတော့တာ သေချာပါတယ်။ ဖုန်းဆိုတာ အပိုအနေနဲ့ ရှိုးထုတ်ပြီးကိုင်တာ မဟုတ်ပါဘူး။ ဖုန်းကို လူတွေအားလုံး ကိုင်နိုင်တယ်ဆိုရင် အခြေခံ လူတန်းစားတွေ အတွက်လည်း ၀င်ငွေရအောင် စွမ်းဆောင်နိုင်ပါတယ်။
ပြည်သူတွေက အခွန်ကို စားပွဲပေါ်ကရော၊ စားပွဲအောက်ကပါ ပေးဆောင်နေရစဉ်မှာ အစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်ကြီးတွေက အခွန်ကို နည်းမျိုးစုံနဲ့ ရှောင်နေပါတယ်။ အဲဒီလိုလုပ်ခဲ့တာ အရင်အစိုးရ လက်ထက်ကနေ အခုအစိုးရ လက်ထက်အထိပါပဲ။ ဒါဆိုရင် အပြောင်းအလဲဟာ ပြည်သူ့ထံကို မရောက်ဘူးဆိုတာ သေချာသွားပါပြီ။ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတာ၊ ပညာရေး မကောင်းတာ၊ အလုပ်အကိုင် မရှိကြတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ အဲဒါတွေ အကုန်လုံးဟာ အရင်အစိုးရနဲ့ အခုအစိုးရ ဘာမှမကွာပါဘူး။
ပြည်သူတွေ လိုချင်တာက သူတို့ဘ၀ ပြောင်းလဲသွားတာကိုပါ။ အပေါ်ယံကလေး ပြောင်းသွားပါတယ်လို့ ပြောလိုက်တိုင်း ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေက မပြောင်းလဲပါဘူး။ ဒါကြောင့်လည်း ဒီအပြောင်းအလဲဟာ လူထု မခံစားရသေးဘူးလို့ ပြောတာပဲ ဖြစ်ပါတယ်။
 Copy From E M G
Created on Saturday, 18 May 2013 11:49Written by ခင်ငြိမ်းသစ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis