menu

Thursday 23 May 2013

ထိလုမိုးဆီ တိမ်သို့မီသား (မာမာအေးနှင့်တွေ့ဆုံခြင်း)


အနုပညာရှင်ကြီး တချို့ကို အရင်းအဖျား မခွဲခြားဘဲ အစ်မ အမြဲ စောင့်ရှောက်တယ် ဆိုတာလည်း ကြားရပါတယ်။
အထူးသဖြင့် ဂီတ အနုပညာ နယ်ပယ်က လူကြီးသူမတွေရော၊ သည်ပုဂ္ဂိုလ်တွေနဲ့ နှီးနွယ်ရာ မိသားစု တွေကိုပါ စာစာနာနာ မေတ္တာထားတယ် ဆိုတာလည်း သိရတော့ သည်မေတ္တာ စေတနာ မျိုးထားနိုင်ဖို့ အစ်မမှာ ဘယ်လိုလှုံ့ဆော် မှုရှိလို့လဲ။

အစ်မ ကူညီတယ်ဆိုတာ စိတ်ရင်း စေတနာနဲ့ ကူညီတာ ပါ။ ထောက်ပံ့ ပေးကမ်းတယ် လို့တောင် အစ်မ မသုံးချင်ဘူး။ တတ်စွမ်းသမျှ ကူညီ တယ်လို့ပဲ သုံးချင်တယ်။ အစ်မ မေတ္တာ စေတနာကို အမြဲတမ်း မခန်း ခြောက်အောင် စိတ်ကို မွေးမြူထားတယ်။ ဒါကြောင့် သူတစ်ပါးကို ကိုယ့်စေတနာ ရောက်အောင် စိတ်၏ ချမ်းသာခြင်းနဲ့ ကူညီနိုင် ပါရစေလို့ အမြဲ စိတ်ညွှတ်ထားတယ် ဆိုပါတော့။ အမေစိန် ပါတီတို့ဆိုရင် နိုင်ငံကျော် တေးသံရှင် အမျိုး သမီးကြီး။ ဂီတသမိုင်းမှာ အမေစိန်ပါတီ မပါလို့မဖြစ်ဘူး။ စိန်ပါတီဆိုတဲ့ နာမည်ဟာ ဂီတလောက နယ်ပယ်မှာ အင်မတန် လင်းလင်း ကျင်းကျင်း ရှိတဲ့နာမည်ပါ။ အမေ့ သီချင်းတွေ ဆိုရင်လည်း အင်မတန်လူ ကြိုက်များတယ်။ အနန္တ သူရိယတို့၊ ထွေထွေ ဆန်းဆန်းတို့၊ တင့်တင့် တယ်တယ်တို့၊ ရှိပါသေး တယ်။ စောမွန်လှတို့၊ လယ်စပါးတို့၊ ချစ်နိဗ္ဗာန် တို့၊ သုမေဓာရှင် ရသေ့တို့၊ ဒို့ဆွေမျိုးတို့ ပြောမယ်ဆိုရင် အများကြီးပါပဲ။ စပယ်တင်မှဲ့၊ ကောက်စိုက်မ၊ ရောင်တော်ဖွင့်၊ လယ်တောသူ၊ မြနန္ဒာ၊ လင်ဝယ်ရန် ဆိုတဲ့ သီချင်း တွေလည်း ရှိသေး တယ်။
လင်ဝယ်ရန် သီချင်းက “သိန်းထီ” ဆိုတဲ့ နာမည်၊ “အပျိုကြီး စိတ်ကူး”ဆိုတဲ့ နာမည်တွေနဲ့ပါ ထင်ရှားတယ်။ စိန်ပါတီကို “ပါတော်မူ” သီချင်းနဲ့လည်း တွဲသိကြတယ်။ “ဘီရိုပေါ် ကို မောင်နှံ တင်လို့ ဆောင်ပျံ အရှင် ဇာတာ နွမ်းလို့ မြန်းရ ရှာလေသည်xxx ကမ္ဘာ အလီလီ တအား ယုတ်စေဘို့ အာဠ၀ီ တံခါးက ထုတ်လို့ ရာဇာ သမုတ်တိ ကိုဆောင်သည်xxxမဟာ မုနိကိုတောင် ဖူးမြော်ချင် လျက်ကယ်နဲ့ ဦးတော် မတင်ရရှာ လေပြီ” ဆိုတာကို နားထောင် ရသူကပါ ခံစားရအောင် ဆိုသွားနိုင်တဲ့ ပါရမီရှင်ကြီး။ အမေစိန်ပါတီ နာမကျန်း ဖြစ်ပြီဆိုတော့ အစ်မ စိတ်မချမ်းသာဘူး။ ရောဂါ ဝေဒနာခံစား ရရှာတာကို အစ်မ ကြားတယ်။ အင်္ဂလိပ် ဆရာဝန်၊ ဗမာ ဆရာ တွေနဲ့ အစ်မပြပေးတယ်။ အမေ ဝေဒနာဖြစ်ပြီ ဆိုတာ သိတဲ့ အချိန်ကစပြီး အစ်မ တတ်နိုင်သမျှ လုပ်ပေးခဲ့တယ်။ အစ်မနဲ့ အမေ စိန်ပါတီနဲ့ ဆက်နွှယ်မှု ရှိတာက အသံတိတ် ရုပ်ရှင်ခေတ် တွေ တုန်းက အမေစိန် ပါတီကလည်း တီးဝိုင်း ထောင်ထားတာ ရှိတယ်။ အစ်မက ရွှေတိုင် အေးဝိုင်းမှာ ဆိုရတာ ဆိုပေမဲ့ အမေကြီး တီးဝိုင်းမှာ သွားဆိုခဲ့ရတာ ရှိဖူးတယ်။ အမေ့ဆီက ပညာမယူခဲ့ သော်လည်း အမေဆိုတဲ့ ဓါတ်ပြား သီချင်းတွေ ပြန်နားထောင်ပြီး ပြန်ဖော် ထုတ်တဲ့ သီချင်းတွေထဲမှာ အမေ စိန်ပါတီ သီချင်းတွေ အများကြီးပါပါ တယ်။ အဲသလို အမည်သတင်း ထင်ရှားတဲ့ အဆိုတော်ကြီး တစ်ယောက် ကို ကူညီ စောင့်ရှောက်ရမဲ့ ၀တ္တရား ရှိတယ်လို့ အစ်မခံယူပြီး ကျောကပ် ရင်ကပ် ရှိခဲ့တာပါ။ တကယ်တော့ ဂီတ အလုပ် သဘောအားဖြင့် အစ်မနဲ့နီးနီး ကပ်ကပ် ပတ်သက်တာ မဟုတ်ပါဘူး။

အဲသလိုပဲ မမရှင်(ဒေါ်မေရှင်) ဆိုရင် အစ်မ မန္တလေး ရောက်တိုင်း ကန်တော့တယ်။ မမရှင်က “ငါ့တူမ ရယ် ဘာမှမပေးပါနဲ့အေ” လို့တောင်ပြောရှာ ပါတယ်။ အစ်မက ပြောရတယ်။ မမရှင်ရယ် ဂီတ သမားတွေရဲ့ ဘ၀ကို မမရှင် သိမှာပါ။ မမရှင်မှာ လိုအပ်နေတယ် ဆိုပါတော့ ကျွန်မမှာ မရှိရင် ဘယ်လိုလုပ် ကန်တော့ မလဲလို့ ပြောလိုက်တော့ မမရှင်က မငြင်း ရှာတော့ပါဘူး။ အစ်မက ပြောရတယ်။ “မမရှင်ရယ် ကျွန်မမှာ ရှိတုန်း ကာလ၊ ကူညီနိုင် တုန်းကာလမှာ ကျွန်မ လှူချင်လှူ၊ ကူညီချင်တာ ကူညီ နိုင်တာပါ။ ကျွန်မ မိသားစုက သူတို့ဟာ သူတို့ ရပ်တည် နိုင်ကြပါတယ်။ ဒါကြောင့် မန္တလေး ရောက်တဲ့ အခါ မမရှင် ဆီဝင်ပြီး မမရှင် ကျန်းမာရေး ကို မေးရင်း ကျွန်မ ကုသိုလ် ယူပါရစေလို့ တောင်းပန် ရတယ်။ အဲသလို ဆိုတော့မှ မမရှင်က အစ်မ စေတနာကို လက်ခံတာပါ။ မမရှင်က အင်မတန် နာမည်ကြီးတဲ့ ရုပ်ရှင် မင်းသမီးကြီး ကလည်းဖြစ်ပြန်၊ နိုင်ငံ ကျော်အောင် ထင်ရှားတဲ့ တေးသံရှင် ကလည်း ဖြစ်ပြန်၊ သူ့အခြေ အနေနဲ့သူ တင့်တောင့် တင့်တယ် နေနိုင်တဲ့ ဘ၀ဆိုတာ ကလည်း ရှိသေး တော့ မမရှင် စိတ်ထဲ တစ်မျိုးခံစား ရမှာစိုးလို့ အစပိုင်းတုန်းက အစ်မ ရဲရဲ မ၀င်ရဲဘူး။ အစ်မ ဘယ်လိုဝင်ရသလဲ ဆိုတော့ ပထမဆုံး ရောက်သွား တုန်းက မမရှင် ဘာဆေးတွေ စားနေရ သလဲဆိုတာ အရင်မေးရတယ်။ ဘယ်ဆေးတွေ ဘယ်ဝါးတွေ စားနေရတယ် ဆိုတာ သိတော့မှ ဆေးတွေ စ,ပို့တယ်။ မန္တလေး ရီမြင့် ရုပ်ရှင်က မမရီဆိုရင် အစ်မနဲ့ ညီအစ်မ အရင်းလို ချစ်ခင်သူပါ။ မမရီနဲ့ အစ်မနဲ့ အတူတူ မမရှင်ဆီ သွားလေ့ ရှိတာဆိုတော့ မမရီနဲ့ လိုက်သွားတိုင်း လိုအပ်တဲ့ ဆေးတွေ ကန်တော့ တာပဲ။ မမရီကဆိုရင် မမရှင်ကို အင်မတန် ချစ်ခင် လေးစားတယ်။ တစ်လ တစ်ခေါက် ပုံမှန် ဆိုသလို ရောက်အောင် သွားပြီး မမရှင်နဲ့ စကားပြောတယ်။ သွားတဲ့ အခါ မမရှင် ကြိုက်တတ်တဲ့ မုန့်ပဲ သရေစာတွေ ၀ယ်သွားတတ်တာ အစ်မက သိထားတယ်။ အစ်မက သိပ်ကြီး မရင်းနှီးခင်က ဆေးဝါးလောက်ပဲ ကန်တော့ရဲတယ်။ အင်မတန် ခင်မင်ကြပြီ ဆိုမှ ငွေကြေးပါ ထည့်ပြီး ကန်တော့ ရဲပါတယ်။ မမရှင်စိတ်ထဲ ခံစားရမှာ ကို ပူလို့ပါ။ အနုပညာရှင် တွေဆိုတာက ကိုယ့်ရပ်တည် မှုနဲ့ကိုယ် နေကြတာ များတယ်။ အဲသလို  ဆိုတော့ အစ်မက သူ့စိတ်ထဲ Feel  ဖြစ်သွားမှာ အင်မတန် စိုးတယ်။ ရင်းနှီး သွားကြပြီ ဆိုတော့ ငါအဆင်ပြေ ပါတယ် အေလို့ ပြောတတ်တယ်။ သူကတောင် တဘက် ကလေးတွေ ပ၀ါ ကလေးတွေ ပြန်ပေး တတ်တော့ အစ်မက မြတ်မြတ် နိုးနိုး သိမ်းထားတယ်။ အစ်မက မေရှင်ဆိုတဲ့ တေးသံရှင် တစ်ယောက်ရဲ့ အေးနွဲ့ချိုချို အသံလေးကို အင်မတန် နှစ်သက်ခဲ့တာ ဆိုတော့ မမရှင်ကို ချစ်တာလည်း ပါပါတယ်။ မန္တလေး ရောက်တိုင်း မမရှင်ဆီ အစ်မ ၀င်နှုတ်ဆက်တယ်။ စကား ပြောတယ်။

မမရှင် တို့လို အစစ အရာရာ ပြည့်စုံတဲ့ ပညာရှင် များကတော့ တစ်မျိုးပေါ့ လေ။ တချို့သော တေးသံရှင် များ ဂီတပညာရှင် များကျပြန်တော့ အသက်အရွယ် ရကြပြီဆိုတာနဲ့ အကြောင်း အမျိုးမျိုးကြောင့် မပြည့်စုံတာရှိ တတ်တယ်။ အဲသလိုများ တွေ့ရင် အစ်မရဲ့ စိတ်သဘောမှာ ဘယ်လို ရှိသလဲ ဆိုတော့ ကိုယ်နဲ့ တွေ့ရသခိုက် ကလေးမှာ တစေ့ တစောင်း ကြည့်ပြီး တဖေးတမ ကူညီချင်တဲ့ စိတ်ကလေး ၀င်လာ တတ်တယ်။ အထူး သဖြင့် သူတစ်ထူးကို လိုအပ် နေချိန်မှာ စိတ်ချမ်းသာ စေချင်တယ်။ အစ်မ သည်ကိစ္စ မျိုးကို အသား လုပ်ပြီး များများပြော နေတာ မဟုတ်ပါဘူး။ တကယ့်ကိုပဲ သည်စိတ နှလုံးမျိုး ထားတယ် ဆိုတာ သိစေ ချင်လို့ ငါ့မောင်ကို ပြောနေတာပါ။ အစ်မ အဲသလို ကူညီခဲ့သူတွေ များတယ်လို့ပဲ ပြောပါရစေတော့။ တချို့ဆိုရင် ဆုံးပါး ရှာကြလို့ အုတ်ဂူ တည်ပေး၊ သင်္ဂြိုဟ် ပေးတာက အစ လုပ်ခဲ့တယ်။ နောက်တော့ အစ်မ Conscious မှာ ဘာပေါ်လာသလဲ သိလား။ သည်ပုဂ္ဂိုလ် ကြီးဆီ ငါရောက်သွားရင် မကြာဘူး ဆုံးတော့တာ ပါလားလို့လေ။ ငါ့ကြောင့်များလား၊ သူ့ဟာသူဆိုရင် အသက်များ ရှည်ကောင်းပါရဲ့ လို့တောင် တွေးမိတယ်။ အဲသလောက် အထိ ဖြစ်လာတာ။ အစ်မက ဘာဖြစ်ဖြစ် အမြဲတမ်း Emotion ဖြစ်တယ်။

အစ်မပြောရင် ယုံချင်မှ ယုံမယ်။ အစ်မမှာ ငွေရေး ကြေးရေး ပြည့်စုံ နေရင် လူမြင်အောင် အိမ်ရှေ့ ငုတ်တုတ် ထိုင်နေတာပဲ။ ဘယ်သူလာမလဲ၊ ဘယ်လိုလူများ အကူအညီ လာတောင်း မလဲ၊ ရောက်လာတဲ့ လူတော့ ကူညီလိုက်  မဟဲ့ဆိုတဲ့ စိတ်နဲ့ ထိုင်နေတာပါ။ မှန်တာ ပြောတာ။ အစ်မ ကိုယ်တိုင် ငွေမရွှင် တော့ဘူး ဆိုရင် အိမ်မှာ ကုပ်နေတာပဲ။ အိမ်ပေါ် တက်နေ လိုက်တာပဲ။ အကူအညီ လိုတဲ့လူ ရောက်လာလို့ မကူညီ နိုင်လိုက်ရင် အစ်မ စိတ်ဆင်း ရဲတတ်လို့။ ဒါကြောင့် ကူညီနိုင်တဲ့ အချိန်မှာ အစ်မ မျက်နှာကို ဖွင့်ထား တယ်။ မကူညီ နိုင်သေးတဲ့ အချိန်မှာ မျက်နှာကို ၀ှက်ထား ရတယ်။ (ပြောရင်းက အားရ ပါးရရယ် ပါတယ်)။ အစ်မ ကိုယ်တိုင်လည်း တစ်ခါတလေ ပိုက်ဆံ မရှိတာ ကြုံရတယ်။ တကယ် မရှိတာ။ ကိုယ်က လက်မဖွာနိုင်ရင် လူတွေကို ရှောင်တယ်။

ငါ့မောင်ရဲ့...လူတွေမှာ အခက် အခဲတွေ၊ အကျပ် အတည်းတွေ၊ လိုအင်တွေ လိုအပ်မှု တွေဆိုတာ ရှိတတ် တာမျိုးပဲ။ သည်လို စိတ်ဆင်းရဲ ခြင်းမျိုးနဲ့ ကြုံရသူကို ကူညီရတာ အင်မတန် ကုသိုလ် ရတဲ့အလုပ်။ တစ်ဖက်က ညည်းနေပြီ၊ ကိုယ်ကလည်း မကူညီ နိုင်ရင် အင်မတန် စိတ်မကောင်းဖြစ် ရတယ်။ တချို့ဆိုရင် အားနာနာနဲ့ငြင်း ရတာပေါ့။ အဲတော့ ကြုံရတာ ရှိသေး တယ်။ မာမာအေးက မရှိဘူးဆိုတာ ဟုတ်ပါ့ မလားတဲ့။ မာမာအေး ကလည်း ဘာသား မို့လို့တုံးလို့ ပြောရတယ်။ တစ်ခါတလေ သုံးလေး ဦးလောက် အကူအညီ လာတောင်း တာမျိုးရှိတော့ သမီးတွေက ပြောတယ်။ မေမေတဲ့ မာမာအေး တေးဂီတ လုပ်ငန်း ဆိုတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ပြီး “မာမာအေး လူမှုရေး လုပ်ငန်း”လို့ ပြောင်းလိုက်တဲ့။ အစ်မ ရယ်လိုက် ရတာ။ ကလေး တွေက မြင်နေတာကိုး။

အခုတော့ ငါ့မောင်ရယ်၊ အစ်မ လည်း ကိုယ့်အသက် ကိုယ့်အရွယ်နဲ့ ဆိုတော့ ပေးနိုင် အားလျော့ သွားတယ်။ ဟိုတုန်းကတော့ ဆရာ ဆိုတော့လည်း ဆရာမို့လို့၊ တပည့်တွေ ဆိုတော့လည်း တပည့်တွေမို့လို့။ ဂီတ အသိုင်းအ၀ိုင်းထဲ ကဆိုတော့လည်း ဂီတ အသိုင်းအ၀ိုင်းထဲ ကမို့လို့ အစ်မမှာ ပရိသတ် များတယ်။ တချို့ ဆိုရင် တကယ် လိုအပ်နေမှန်းသိ လို့ မိတ်ဆွေ တွေဆီက ချေးငှားပြီး ကူညီလိုက် ရတာတောင် ရှိတယ်။ အခု တော့ အစ်မမှာလည်း စိတ်သွားတိုင်း ကိုယ်မပါချင် တော့ဘူးလေ။ အသက် ကလေး ရလာသည် နှင့်အမျှ တရားနဲ့ နေချင်ပြီ။ ကျားကုတ် ကျားခဲ ရှာလိုက်ဦး မဟဲ့ ဆိုတဲ့စိတ် မရှိတော့ဘူး။ ပွဲများမှ ပိုက်ဆံ များများ ရမှာဆိုတဲ့ စိတ်လည်း ခုတော့မရှိ တော့သလောက် နည်းပါပြီ။ စင်ပေါ် ခဏခဏ တက်ချင် တဲ့စိတ် လည်း လျော့ပြီ။ အစ်မ ဆယ်ပွဲလိုက် မဆိုတော့ဘူး။ တစ်ပွဲတည်းနဲ့ ထိုက်ထိုက် တန်တန် တောင်းတယ်။ လောဘ ကြီးတာ မဟုတ်ဘူး။ အစ်မကိုယ်တိုင် Survive ဖြစ်ဖို့လည်း လိုသေး တာကိုး။ အနုပညာ ဂုဏ်ကို ထိန်းတာ လည်းပါတယ်။ တစ်ဖက် ကလည်း ကျသမျှ ကောက်လိုက် စမ်းမဟဲ့ဆိုတဲ့ စိတ်ကုန် ခန်းသွားတာ လည်း ပါတယ်။ သဘော ကတော့ စိတ်မချမ်းသာ တဲ့အလုပ် အစ်မ ဘာမှ မလုပ်ချင် တော့ဘူး။ လုပ်ကိုင် ရတာကို စိတ် မဆင်းရဲဘူး။ အလုပ်လုပ် ရင်းတွဲ ပါလာမဲ့ စိတ်ဆင်းရဲ ရမဲ့ဒဏ်ကို မခံနိုင် တော့တာ။ ဒုက္ခ ဆိုတာကို အစ်မ ခံနိုင်ပါတယ်။ ကြုံခဲ့ လှပေါ့ပဲ။ ဒါပေမဲ့ တမျှဉ်းမျှဉ်း တဆစ် ဆစ်ဖြစ်ရတဲ့ သောကလို ဝေဒနာကို အစ်မ မခံနိုင်တော့ဘူး။ အစ်မက အစ ရှိရင် ရေဆုံး ရေဖျား ခံစားသူဆိုတော့ စိတ် ပင်ပန်းတယ်။ အခုတော့ တရား မှတ်ဖြစ်တယ်။ စာဖတ် ဖြစ်တယ်။ စာကို ပိုပြီး ဖတ်ဖြစ်တယ်။

အစ်မ ပြောတဲ့အထဲမှာ မိုးဒေ၀ါ ဒေါ်လှရွှေတို့၊ ဒေါ်မေရှင်တို့ ပါလာလို့ မေးပါရစေ။ သည် အနုပညာ ရှင်ကြီး တွေ အကြောင်းလည်း သိချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က လေးစားရသူ အနုပညာရှင် တွေမို့ပါ။ အထူး သဖြင့် သူတို့ဆိုဟန် ကလေးတွေ ပေါ့လေ။

ဆိုပါတော့ မိုးဒေ၀ါ မလှရွှေ။ ဒေါ်လှရွှေရဲ့ သီချင်းတွေကို ကြည့်ရင် နှစ်ပုဒ်ပဲ ရှိပါတယ်။ “စန္ဒကိန္နရီ” နဲ့ “မိုးဒေ၀ါ”။ ဒေါ်လှရွှေရဲ့ အသံက အင် မတန် ကရုဏာ သံပါတယ်။ သည်လို အသံရှင် မျိုးက ရှားပါးတယ်။ ဘ၀ကပါ လာတဲ့ လက်ဆောင် လို့တောင် ပြောနိုင် မယ်ထင်တယ်။ အင်မတန် နူးညံ့တဲ့ အသံ၊ အင်မတန် နင့်နင့် နဲနဲ ကြွေလွယ် ရှလွယ် အသံဆိုတော့ ကြားရသူ တွေမှာ သည်ခံစား မှုက အကူးအစက် မြန် တယ်။ စာတစ်ပုဒ် ဂီတ သီချင်း တစ်ပုဒ် ဆိုတာ တစ်ပါးသူရဲ့ ရင်ထဲ နှလုံးထဲ ရောက်အောင် နားသွင်း ရတဲ့အလုပ် နှလုံး သွင်းရတဲ့ အလုပ်ကိုး ငါ့မောင်ရဲ့။ ပါရမီကြီးရင် ကြီးသလောက် ထိရောက် တယ်။ သက်ရောက်မှု  ရှိတယ်။ ဒေါ်လှရွှေက အမေ ဒေါ်ကြည်အောင် တို့လို များများကြီး ငေါက်ဟယ် ငမ်းဟယ်၊ အော်ဟယ် ဟစ်ဟယ်၊ ဖြတ်ရယ် တောက်ရယ် လို့တော့ မရှိဘူး။ သို့သော်လည်း အင်မတန် ပျော့ပျောင်းပြီး ချစ်စရာ ကောင်းအောင် နွဲ့နွဲ့ တွဲ့တွဲ့ ကလေးဆိုတာ ကိုက ချစ်စရာကောင်း တယ်။ အသံနဲ့ သီချင်းက ပေးတဲ့ ရသ၊ တေးသွား၊ အခင်း အကျင်း စီးဆင်းမှု က သိပ်လိုက်ဖက် တာပဲ။ တစ်ပုဒ်တည်း ဆိုပြီး တစ်ပုဒ်တည်း Masterpiece  ဖြစ် အောင်ဆိုသွားတာ။

အစ်မက စန္ဒ ကိန္နရီ ပြန်ဆိုတဲ့အခါ ကျတော့ အစ်မက Encourage လုပ် တယ်။ Expressions တွေ ထည့်တယ်။ဆိုပေါက်တွေမှာ အစ်မဟန်ကို ထည့် တယ်။ သြသိကို ဦးစားပေးတယ်။ စာသားနဲ့ အသံတွေကို Harmony ဖြစ် အောင် အစ်မ ဆိုတယ်။ ဒေါ်လှရွှေရဲ့ စန္ဒကိန္နရီ က အဆိုတော် ကောင်းတစ် ယောက်ရဲ့ ရသ တန်ဖိုးရှိပြီးသား။ မာမာအေး ဆိုလိုက်တော့ ခံစားမှု အသစ်ပေးတဲ့ ရသသစ်နဲ့ နားဆင်ခွင့် ရသွားကြတယ်။
မမရှင်(မေရှင်) ကျတော့ နဂိုသံ ကိုက တသွင်သွင် စီးဆင်းနေတဲ့ အသံ မျိုး။ အေးပြီး ချိုနေတာ။ ချစ်စရာလည်း ကောင်းပါရဲ့။ မမရှင်က ရှိတဲ့ အသံ ကလေးနဲ့ ရအောင် ဆိုသွားတာ။ ရိုးသားမှု အပြည့်ရှိတယ်။ မိန်းမသား တစ်ယောက်ရဲ့ ပင်ကို အသံကလေးကို ပေါ်လွင်အောင် ဆိုနိုင်တယ်။ ဒါကို သည်ကနေ့ အထိ လက်ခံရမှာပဲ။ အစ်မ တို့ သည်ဘက် ခေတ်တွေလို သြသိ ထည့် မဆိုတာကို အပြစ်ပြောစရာ မရှိ ဘူး။ မေရှင် ဆိုတဲ့ တေးသံရှင် တစ်ယောက်ရဲ့ ပင်ကိုဟန်က ခေတ်တိုင်း ခံတဲ့အသံ။ မမရှင်ရဲ့ ပင်ကိုသံက တမင် လုပ်ယူလို့ ရတာမျိုး မဟုတ်ဘူး။ Origin ဖြစ်တယ်။ အစ်မက မေရှင် သီချင်းတွေ ပြန်ဆို မယ်ဆိုတော့ စာသား ပေါ်အောင် သီချင်းကို နှလုံးသွင်းပြီး လှအောင် ပြင်ဆိုတာမျိုးပဲ လုပ်ခဲ့တယ်။ အစ်မက မမရှင် သီချင်းတွေကို ချစ်ရ အောင် ဆိုတဲ့ နာမည်နဲ့ အခွေတစ်ခွေ ဆိုထားတယ်။ လှိုင်း တေးသံသွင်း ကပဲ ထုတ်လုပ်တဲ့ အခွေ။ မမရှင် သီချင်းတွေ ချည်းပဲ။ ဘိလပ်ပြန် သန်းရဲ့ သီချင်း တွေကိုလည်း အစ်မက “မြပန်းခွေ” ဆိုတဲ့ နာမည်နဲ့ ပြန်ဆိုတယ်။ “ရွှေနှင်းဆီ” ဆိုတဲ့ အခွေမှာတော့ ရှေးက အဆိုတော် ကြီးတော်တော် များများရဲ့ သီချင်းတွေ ပါပါတယ်။ အစ်မ ပြန်ဆိုခဲ့တာပေါ့ လေ။ အစ်မဆို ခဲ့တဲ့ အသံသွင်း ခဲ့တဲ့ သီချင်းတွေရဲ့ အတီးပိုင်းကို အစ်မရဲ့ ဂီတ ကျောင်းမှာ ကလေးတွေကို သင် နိုင်အောင် အစ်မ သီးသန့် ယူထားတယ်။ ဟိုတုန်း ကတော့ အတီးနဲ့ အဆိုက တစ်တွဲ တည်း ဆိုရ တီးရတာဆို တော့ အတီး ချည်း သက်သက် ခွဲယူဖို့ ခက်တယ်။ နောက်ပိုင်း ခေတ်တွေမှာ Line by Line သွင်းတာ ဆိုတော့ အဆိုနဲ့ အတီး ထပ်ယူပြီး သွင်းနိုင် ကြတယ်။ ဂီတပိုင်း ကို သီးခြား ခွဲယူနိုင်တယ်။

ခြုံပြီး ပြောရရင် အစ်မရဲ့ မိဘ နှစ်ပါး ကတော့ အစ်မရဲ့လက်ဦး ဆရာ တွေပေါ့။ မိဘတွေ နဲ့ပဲအတူတူ ရှိရတာ ဆိုတော့ မိဘနှစ်ပါးရဲ့ အရိပ်ကို ပထမ ဆုံး ခိုခဲ့ရတာပဲ။ လက်ဦး ဆရာ ဆိုပါတော့။ အစ်မကို ဟိုရုပ်ရှင်ရုံ ခေါ် သွား၊ သည် ရုပ်ရှင်ရုံ ခေါ်သွား။ ဆိုနည်း ဆိုပေါက်တွေကို နားရည် ၀အောင် သင်ပေးတဲ့ ဆရာက ကိုတင်စောဆိုတဲ့ တေးလုလင် ရဲနောင်။ အဆိုနဲ့ ပတ်သက်ရင် ဆရာ့ နည်းနာကို အစ်မ လုံးဝယူတယ်။ အစ်မမူလ တန်းတုန်းက ဆရာတွေ ဖြစ်တဲ့ ဆရာ ဦးအေးတို့ ဆရာ ဦးချစ်လှိုင် တို့ဆိုရင် အစ်မ သီချင်း ဆိုတာကို အင်မတန် အားပေးတဲ့ ဆရာတွေ။ အစ်မ တို့ခေတ်က ဆရာ ဆရာမတွေက  ကိုယ့်လက်ထဲ ကကလေး တစ်ယောက် ကို သူ့ “ဇ” နဲ့သူ ပိုပြီး တော်အောင် ထက်မြက်အောင် တတ်စွမ်းသမျှ အား ပေးကြတာများ သိပ်ကို လေးစားစရာ ကောင်းတယ်။ ဆိုပါတော့ တပည့်မ ကလေးက သီချင်းဆို ကောင်း တယ်ဆို တော့ ဆရာတွေက ရပ်ကွက်ထဲ လှည့်ကြ တော့တာပဲ။ ဘယ်အိမ်မှာ အလှူ ရှိတုံး၊ ဘယ်အိမ်မှာ မင်္ဂလာဆောင် ရှိတုံး၊ ဘယ်အိမ်မှာ တီးဝိုင်း တီးနေတုံး ဆိုတာတွေ လိုက်ကြည့် ကြတာ။ တွေ့ပြီ ဆိုတာနဲ့ ကျောင်းမှာ ကျောင်းမို့၊ အိမ်မှာ ဆို အိမ်မှာမို့ အစ်မကို လာခေါ်တော့ တာပဲ။ တပည့် လာဟေ့ ဆိုပြီး လက်ဆွဲ ခေါ်ကြ တော့တာ။ ဆော့ရင်း ကစားရင်း က ပေပေ ရေရေနဲ့ လိုက်ချင်လိုက် သွားရ တာလေ။ သည် ကလေးမလေး ကို သီချင်း တစ်ပုဒ်လောက် ဆိုခွင့်ပြု ပါဆိုပြီး ၀ိုင်းထဲ ဇွတ်သွင်း တော့တာပါ။ ရပ်ကွက် မီးထွန်းပွဲ ရှိတော့လည်း စင်ထိုးပြီး ဆိုကြ တီးကြ ခိုင်းတာ မျိုးလည်း ရှိတယ်။ အဲသလို လုပ်ပေး ခဲ့တာမျိုး သည် ဘက်ခေတ်မှာ ရှိရင် တောင်နည်း ပါလိမ့်မယ်။ အစ်မ သည်အချိန်မှာ ကျေးဇူးဆပ် ချင်ပေမဲ့ ဆရာတွေ မရှိရှာ ကြတော့ပါဘူး။ ကျောင်းက စာပြတဲ့ ဆရာတွေ ဆိုပေမဲ့ သူတို့သည် ဂီတ သမားများ မဟုတ်ပေမဲ့ တပည့်ရဲ့ အရည်အချင်း အရ ဖြစ်မြောက်အောင် လုံ့လ စိုက်ကြတာ တွေကလည်း မမေ့နိုင် တဲ့ကျေးဇူးတရားပါပဲ။

တီးဝိုင်း ဆရာတွေထဲက ကျေးဇူး ရှင်တွေကို ပြောရင် ဆရာ “လင်းခေး လုလင်”ကိုလည်း ထည့်ပြောရ မယ်။ ဦးမောင်မောင်ကြီး ခေါ်ပါတယ်။ ဆရာ လင်းခေးက သီချင်းရေး ဆရာ မဖြစ်ခင်က ဗမာဂီတာ တီးတယ်။ ဆရာက အဖေနဲ့ ဇာတ်မှာ အတူ တွဲဖူးတယ်။အဲသည် တုန်းက “သူ”တို့၊ “ညိုညို”တို့၊ “မာလာ”တို့ ဆိုတာ အရှေ့ ပိုင်းတီးဝိုင်း မှာ နာမည်ကြီးတဲ့ သီချင်းတွေ ရှိတယ်။ သည်သီချင်း တွေနဲ့ တွဲပြီး ဆိုနိုင်အောင် အစ်မကို နေရာ ပေးတဲ့ဆရာက ဆရာ လင်းခေးပဲ။ အဖေတို့ အမေတို့ ဇာတ်ထဲ ကို ဆရာ လင်းခေး လိုက်လာတဲ့ အခါ တုန်းက တီးဝိုင်းမှာ ဆရာရှိတယ်။ ဆရာက ဂီတာ ဆရာ အဖြစ် ရှိနေတာပါ။ ဟိုတုန်း ခေတ်က ဗမာ ဂီတာနဲ့ တယော ရှိရင် တီးဝိုင်း  ဖြစ်နေတာကိုး။ အနု ၀ိုင်းခေါ်တာပေါ့။ အဲသည့် အနုဝိုင်းတွေ မှာ ဆရာလင်းခေး နဲ့ ဆက်နွှယ်ပြီး အစ်မ လိုက်လိုက် ဆိုတယ်။ တီးဝိုင်း ဆရာ ထဲမှာ ကနဦး ဆရာက ဆရာလင်းခေး။ အစ်မတို့ ရန်ကုန်မှာ အခြေခိုင် တဲ့အခါ အမေက အမေနဲ့ အဖေက ဆရာအေ၀မ်း ခင်မောင်ဝိုင်းမှာ ဆိုကြ တီးကြတော့ ဆရာအေ၀မ်း ခင်မောင်ကလည်း ဦးမင်းသားချင်း လိုပဲချစ်ခင်တယ်။ အစ်မ သီချင်း ဆိုတတ်မှန်း သိတော့ “ကောင်မလေး လာဆိုစမ်း”လို့ ခိုင်း တတ်တယ်။ အစ်မက “ဦးလေး ကျွန်မ အလကား မဆိုနိုင်ဘူး”လို့ ပြောတတ် တယ်။ ဆရာက ပြောဖူးတယ်။ သည်ကောင်မ ကြီးလာရင် လုပ်စားမဲ့ ကောင်မဆိုတာ သိပ်သိသာ တယ်၊ ငယ်ငယ်က မိဘတွေ ထမင်းလာပို့လို့ သီချင်းဆိုခိုင်းရင် ပိုက်ဆံပေးမှ ဆိုတဲ့ ကောင်မ၊ ပေးရင်လည်း ပိုက်ဆံအ၀ိုင်း မှယူတာလို့ ပြောတတ်တယ်။ ပိုက်ဆံ အ၀ိုင်းဆိုတာ ငါးမူးပြား ၀ိုင်းကို ပြောတာ။ ကျပ်တန်၊ ငါးကျပ်တန် ပေးတော့ လည်း မယူဘူး။ ငါးမူးပြား အ၀ိုင်းမှ ယူတာကို ဆရာ မဆုံးခင်က မှတ်မှတ် ရရပြောတာ အစ်မ မှတ်မိတယ်။ ကန်တော် မင်္ဂလာတို့၊ ကန်တော်မိတ် တို့လို ရုံတွေမှာ ဆရာအေ၀မ်း ခင်မောင်ဝိုင်း နဲ့သီချင်း ဆိုရင် ငါးမူးပြားအ၀ိုင်း ရမှဆိုတာ။ ဆရာက “ငါးမူးတန် အဆိုတော်”တဲ့။ အစ်မက ဆရာ့ဝိုင်းမှ ဆိုခဲ့ရ တော့ အစ်မ ဆရာပါပဲ။ ဆရာ အရွယ် ရတော့လည်း အစ်မက တတ်စွမ်း သမျှ ကန်တော့တယ်။

အသံထွက် ရုပ်ရှင် သီချင်းတွေမှာ ဆိုတော့ အစ်မဆရာက ဆရာ စိန်ဝေလျှံ။ ဆရာ စိန်ဝေလျှံက ဗြိတိသျှ ဘားမား ရုပ်ရှင်ကုမ္ပဏီမှာ လခစား တီးဝိုင်း ဆရာကြီး ဖြစ်နေပါပြီ။ ဆရာ ရွှေပြည်အေးလည်း ရှိတယ်။ ခေါ်သွားတာက အစ်မဆရာ ကိုတင်စောက ခေါ်သွားတာ။ ကလေး အဆိုတော် လိုချင်တယ် ဆိုလို့ အစ်မ ပါသွားတာ ပေါ့လေ။ ဗြိတိသျှ ဘားမားမှာ ပထမဆုံး အသံသွင်းရ တယ်။ ဗြိတိသျှ ဘားမားက ရိုက်တဲ့ ဇာတ်ကားမှာ ကလေး မင်းသမီး ခင်မြင့်လေး အတွက် နောက်ခံ ဆိုပေးရတာ။ ခင်မြင့်လေးက ကြီးတော့ မင်းသမီး မေသစ်က သရုပ်ဆောင် တဲ့ဇာတ်ကား။ အစ်မကို မမီတဲ့ပန်း ဇာတ်ကား အတွက် ဇာတ်ဝင်ခန်း နောက်ခံဆိုဖို့ ပထမဆုံး ခေါ်ခိုင်းတဲ့ ဆရာက ဆရာ စိန်ဝေလျှံပဲ။ ဆရာ စိန်ဝေလျှံက အစ်မကို ခေါ်သုံးတာ တွေ့သွား တော့မှ နောက်ပိုင်းမှာ ဆရာရွှေ ပြည်အေးက အစ်မကို ခေါ်သုံးတယ်။ ဆရာ ရွှေပြည်အေး နဲ့တော့ တောက်လျှောက် ပါပဲ။ သီချင်းတွေ ဆိုခဲ့ရတယ်။

ဆရာ စိန်ဝေလျှံကို အစ်မ အဲသလို ခေါ်ခိုင်း တာလောက်ပဲ သိခဲ့ရတယ်။ ဆရာနဲ့ တွဲခဲ့တယ် ပြောရမှာ ပေါ့။ ဆရာ့သား ကိုဟန်ဝင်း တို့နဲ့ကျတော့ အစ်မက ကျောင်းမှာ ကတည်းက သူငယ်ချင်း မောင်နှမ တွေလို ခင်တယ်။ ကဗျာပြိုင် ပွဲတွေ ဘာတွေမှာ အတူပြိုင်ခဲ့ ကြတာတွေ ဘာတွေ ရှိတယ်။ ဆရာ စိန်ဝေလျှံက အနေတည် တယ်။ နောက်တော့ ဆရာက ယဉ်ကျေးမှု ဌာနကို ရောက်သွားတော့ အစ်မနဲ့ ပိုဝေးသွားတယ်။ သန်းသန်းဆင့် က ဆရာ စိန်ဝေလျှံ တင်ပေးတဲ့ မင်းသမီး လေးလို့ ပြောရမယ်။ တေးသံရှင် သန်းသန်းဆင့် ကလည်း ယဉ်ကျေးမှု မှာ လုပ်ခဲ့တော့ ဆရာနဲ့ တွေ့ရာက ဆိုခိုင်း ကခိုင်းရင်း နာမည် ထင်ရှား လာတယ်။ တေးသံရှင် ဒေါ်တင်တင်မြ ဆိုရင်လည်း ဆရာရေးတဲ့ ပေဖူးလွှာ သီချင်း ဆိုခဲ့တော့ ဆရာ့ တပည့်ထဲက တစ်ဦး လို့ပြောရ မှာပါ။

ဆရာက ကျောက်မြောင်း မှာနေတော့ ဒေါ်တင်တင်မြ တို့နဲ့ တစ်ရပ်ကွက် တည်း နေကြတယ်။ အစ်မ ထက်စာရင် ဒေါ်တင်တင်မြနဲ့ ပိုရင်းတယ်။ ဆရာ စိန်ဝေလျှံရဲ့သီချင်း တွေကလည်း ပရိသတ် စွဲတဲ့ သီချင်း တွေပါပဲ။ ဆရာ ရွှေပြည်အေး နဲ့ကျတော့ အစ်မက ပိုရင်းတယ်။ ဆရာ ရေးတဲ့ သီချင်း တွေဆိုရင် ရုပ်ရှင် ပဏာမ တေးသီချင်း တွေကအစ ဇာတ်ဝင်တေး သီချင်း တွေအားလုံး လိုလိုပါပဲ အစ်မပဲ ဆိုခဲ့တာ များတယ်။ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် တို့၊ တာ့တာတို့၊ နောင်တတို့၊ ရွှေမန်းမေ တို့လို နာမည်ကြီး ရုပ်ရှင် သီချင်း တွေ အစ်မ ဆိုခဲ့ရတယ်။

ဆရာ ရွှေပြည်အေးရဲ့သီချင်း Pattern တွေက တစ်ဘာသာ ဆန်းတယ် လို့ပြောရမှာပဲ။ ဆရာ့ သီချင်းတွေ ဆိုမယ် ဆိုရင် အပိုအလို ကွန့်ဆိုချင် လို့မရဘူး။ ဆရာက ကွက်တိ လုပ်ထားတာ။ ဆရာ ရွှေပြည်အေး ရဲ့သီချင်းကို အဆိုတော်က ဆိုပေါက် ထည့်ချင်ရင် အဲသည့် သီချင်း ပျက်တာပဲ။ ဆရာက အစ ကတည်းက သီချင်းနဲ့ သီချင်း အလိုက်နဲ့ လိုက်ဖက်အောင် တစ်ခါတည်း“တိ”ပြီးသား။ အဲသည် တိပြီးသားကို ကျွံလို့လည်း မရဘူး။ လွန်လို့လည်း မရဘူး။ ချန်လို့လည်း မရဘူး။ ဆရာ ရေးတဲ့သီချင်း အထာ ကိုသိမှ ဆိုရတာ အဆင်ပြေတယ်။ ဆရာ ရေးတဲ့သီချင်းကို နှုတ်သွက်သွက် ဆိုမှ၊ လေကို ပြတ်ပြတ်သားသား ထွက် နိုင်မှ၊ လေသံကို ရှည်ရှည် မဆွဲမှကောင်း တယ်။ ဆရာက နဘေ ကောင်းကောင်းနဲ့ အလူးအလှိမ့် ကလေးတွေ ရေးတာသိပ် ကို ကျွမ်းကျင်တယ်။ ဒါကြောင့် အစ်မ က ဆရာ့ သီချင်း Pattern က တစ်ဘာသာ ဆန်း တယ်လို့ပြောတာ။ စာသား တွေက အခုန် အကျော် ကလေးတွေ ရှိတော့ ဆရာ ချိတ်ထားတဲ့ ကာရန် တွေမှာ ဖိရ ဖော့ရ တာတွေလည်း ရှိတယ်။ အငေါ် အငေါက် ကလေးတွေနဲ့ ဆိုးဆိုး ဆတ်ဆတ်ဆိုမှ လှတယ်။ စာသားက စိပ်လွန်းတော့ ကြားထဲမှာ အခု ကလေးအတော ကလေး လောက်မှာ အသက်ရှူ၊ ပြီးရင် Force နဲ့ပြန်ဝင်။ ဒါကိုလည်း သိမှဖြစ်တယ်။ နဘေမှာလည်း ဆရာက သုံးထပ်လောက တင်ရေးတာ ဆိုတော့ စာလည်း လှတယ်။ ယူတဲ့ အသံကလည်း လှတယ်။ တေးသံရှင် က ကွန့်လိုက် ညွှန့်လိုက် တော့ ဆရာ့ သီချင်းတွေ ကို နားစွဲ ကြတာပေါ့။ နိုင်ငံခြား သံကိုတောင် ဗမာသီချင်း လို့ ထင်ရအောင် Arrange လုပ်နိုင်တဲ့ ပါရမီရှင်ပါ။ ဒါကြောင့် ဆရာ့ ပညာကို လေးစားတယ်။ သားသမီး က မိဘ ကိုချစ်သလို ချစ်တယ်။ ဆရာ့ အနားမှာ အစ်မ အမြဲ ရှိပါတယ်။ ဆရာ လျှမ်းလျှမ်း တောက်ဖြစ် နေချိန်မှာ အစ်မတို့က အမှီအခို တွေလောက်နဲ့ ရှိခဲ့တယ်။ ဆရာ အရွယ်ရလာတော့ တပည့်တွေက ဆရာ့ ကိုတစ်လှည့် စောင့်ရှောက် ကြတယ်။ ချစ်ကြတာ လည်းပါတယ်။ လေးစား တာလည်းပါတယ်။ ဆရာ ဆုံးတဲ့နေ့ နောက်နေ့မနက် မှာ အစ်မ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ဆိုဖို့ လက်ခံထားတာနဲ့ လိုက်သွားရတယ်။ ဆရာ့နာရေး မပို့လိုက်ရဘူး။ အစ်မ စိတ်မကောင်း ဖြစ်ရတယ်။

အစ်မ အလှည့် မှာကော ဘယ် တပည့်တွေ ကများ သိတတ် ရှာမလဲ မတွေးမိဘူး။ အမှီအခို ကင်းတဲ့ဘ၀နဲ့ နေပါရစေ လို့ပဲ အစ်မ ဆုတောင်းတယ်။ တစ်ယောက်ယောက်ကို မျှော်လင့်ရတဲ့ ဒုက္ခကို အစ်မ မကြုံချင်ဘူး။ အေးချမ်း တဲ့ ဘ၀ကိုပဲ အစ်မ မျှော်လင့်တယ်။ ကိုယ်လှုပ်ရှား နိုင်တုန်းမှာ အသက်ရှင် ချင်တယ်။ သိပ်အသက် ရှည်ပြီး စိတ်ဆင်းရဲ နေရရင် အဓိပ္ပာယ်မရှိဘူး လေ ငါ့မောင်ရဲ့။ ဒါကြောင့် အခုတော့ အစ်မ သေရမှာ လည်း မတုန်လှုပ် တော့ဘူး။ အစ်မဆိုရင် ခရီးတွေ သိပ်သွား တယ်။ ခရီး သွားတယ် ဆိုတာက အစ်မ မှာ နှစ်မျိုး ရှိတယ်။ တစ်ခုက ဒေသန္တရ ဗဟုသုတ လိုချင်တယ်။ ရချင်တယ်။ နောက် နယ်တွေမှာ ခင်ရာ မင်ရာ မိတ်ဆွေ အပေါင်းအသင်း ရှိချင်တယ်။ နယ်သစ် သွားတဲ့အခါ ပရိသတ် အသစ် တွေ့ရ တယ်။ ခရီးသွားခြင်း အားဖြင့် မာမာအေး ကိုချစ်တဲ့ ပရိသတ်နဲ့ တွေ့ရတယ်လို့ အစ်မခံယူတယ်။ သည် သဘောတွေနဲ့ အစ်မ ခရီးတွေ သွားတယ်။ မာမာအေးက ဘယ်သူ့မှ ထွက်မတွေ့ဘူး ဆိုတာမရှိ ခဲ့ဘူး။ အစ်မ ကိုယ်တိုင်က လူတွေကို တွေ့ချင်တာကိုး။ သူတို့က အစ်မကို ချစ်ခင်ကြ ပေမဲ့ လာတွေ့ဖို့ ခက်တယ်။ အဲသည်တော့ အစ်မ ကသွား တွေ့တာမျိုး နဲ့ခရီးသွားတယ်။ ကျေးလက် တောရွာတွေ အထိ အစ်မ ရောက်အောင် သွားတာပဲ။ ပရိသတ် ဆိုတာက အသံကလေး ကြားရုံနဲ့ ချစ်ခင် နေကြသူ တွေလေ။ ပရိသတ် နဲ့တွေ့တော့ မေတ္တာ ရတယ်။ မေတ္တာကြောင့် ပင်ပန်းတာ တွေပျောက် ပြီး ချစ်ခင်ခြင်း တွေရတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်။



နေ၀င်းမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း မတ်လ ၂၀၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis