menu

Friday 25 January 2013

ဒလ၊ ရန်ကုန်ကို ဘုရင်တွေနဲ့သွားမယ်

ရန်ကုန်မြို့ ပန်းဆိုးတန်း၊ နန်းသီတာဆိပ်ကမ်းကနေ တဖက်ကမ်းကိုကူးရင် ဒလမြို့ကို ရောက်ပါတယ်။

ဒလ-ရန်ကုန် သင်္ဘောတွေကို အများစု စီးနေကြတာက ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး အစရှိတဲ့မြို့က ရန်ကုန်ဈေးဝယ်ကြတဲ့ ကုန်သည်တွေ၊ ကျောင်းသားတွေ၊ ရန်ကုန်တက်ပြီး သားငါးအသီးအနှံ ရောင်းတဲ့ လမ်းဘေးဈေးသည်တွေ၊ ရုံးသွားရုံးပြန်တွေ ဖြစ်ပါတယ်။

ရုံးဆင်းရုံးတက်ချိန်တွေမှာဆို ရန်ကုန် ဘတ်စ်ကားတွေလိုပဲ ခြေချစရာနေရာရှာမရတဲ့အထိ လူများတတ်ပါတယ်။
ရန်ကုန်ဒေသခံတချို့က ညပိုင်းမှာ အပျင်းပြေ စီးလေ့ရှိတာ တွေ့ရတတ်ပါတယ်။ တချို့ကတော့ မြစ်ထဲမြင်ရမယ့် ဆည်းဆာရှုခင်းကို ဓာတ်ပုံရိုက်ဖို့ သင်္ဘောစီးကြပါတယ်။



နေ့စဉ် သင်္ဘောစီ်းပြီး သွားလာနေတဲ့ ခရီးသည်ဦးရေက ၂၆,၀၀၀ ၀န်းကျင်ရှိပါတယ် တဲ့။

ရန်ကုန်ဘက်အခြမ်းကနေဆို မနက် ၅း၃၀ မှာ စတင်ပြီး စီးနိုင်ပါတယ်။ ပြီးရင် ၆း၀၀ တစီးရှိပါတယ်၊

အဲဒီနောက်ပိုင်းမှာတော့ မိနစ် ၂၀ ခြား တခေါက် ထွက်ပါလိမ့်မယ်။ ည ၉း၃၀ အခေါက်က နောက်ဆုံးခေါက် ဖြစ်ပါတယ်။

ဒလဘက်အခြမ်းကနေဆို ၉း၀၀ မှာ နောက်ဆုံးခေါက် ရှိပါတယ်။

တဘက်ကို နေ့စဉ် ၄၆ ခေါက် ဆွဲနေတာပါ။ ဒါကြောင့် တနေ့ကို အသွားအပြန် စုစုပေါင်း ၉၂ ခေါက် ဆွဲနေတယ်လို့ ဆိုရပါမယ်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး(IWT)က ပိုင်တဲ့ တပင်ရွှေထီး၊ ကျန်စစ်သား၊ အနော်ရထာ၊ ထီးလှိုင်ရှင် ဆိုပြီး အထင်ကရဘုရင်တို့ရဲ့နာမည်တွေနဲ့ သင်္ဘော ၄ စီး ရှိပါတယ်။
၂ စီး အလှည့်ကျ ဒလနဲ့ ပန်းဆိုးတန်းကို ဆွဲပေးနေတာဖြစ်တယ် လို့ ဆိပ်ကမ်းမှ တာဝန်ရှိသူ တဦးက ဆိုပါတယ်။

ဒီဒေသမှာ မြစ်ကူးတံတား ပေါ်မလာခင်အထိတော့ ဒီဘုရင်ကြီးတွေက ဒီနေရာမှာ ဟိုဘက်ဒီဘက် ကူးမယ့်သူတွေကို အကျိုးပြုနေကြမှာပါ။

ဒလ ဆိုတာ ရန်ကုန်နဲ့ မဆိုင်သလိုပါပဲ။ သို့သော်လည်း ဒလ၊ တွံတေးတို့ကို ဆက်သွယ်မယ့် မြစ်ကူးတံတားများ ပေါ်ပေါက်လာမယ် ဆိုရင် မြို့ကွက်တိုးချဲ့ဖို့အကျပ်ရိုက်နေတဲ့ ရန်ကုန်မြို့ရဲ့အခက်အခဲ တော်တော်လေး ပြေလည်သွားမှာပါပဲ။
တံတားဆောက်မယ်ဆိုတာ သေချာရင်တော့ ဒလမြို့ဘက်ကို သွားရောက် လေ့လာ၊ ကြိုတင် စနည်းနာသူတွေ ဒီသင်္ဘောကြီးတွေ စီးကြရမှာပါ။

သင်္ဘောပေါ်မှာ နိုင်ငံခြားသားဧည့်သည်တွေကိုလည်း တွေ့ရမှာပါ။

“အခုနောက်ပိုင်း တိုးရစ် အ၀င်များတယ်။ တနေ့ကို အနည်းဆုံး အယောက် ၇၀ လောက် ၀င်တယ်” လို့ ဆိပ်ကမ်း မန်နေဂျာက ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသည် နဲ့ ခရီးသည်အများစုတို့ရဲ့ သင်္ဘောစီးခ မတူပါဘူး။

“နိုင်ငံခြားသားတွေကို အသွား ၂ ဒေါ်လာ၊ အပြန် ၂ ဒေါ်လာ ယူပါတယ်။ ပြည်တွင်း ခရီးသွားတွေကတော့ မြန်မာငွေနဲ့ သင်္ဘော တခေါက်စာကို ၅၀ ကျပ်ပါ။ ဆိပ်ကမ်းကနေ ရတဲ့ ၀င်ငွေက တလကို သိန်း ၄၀၀ ကျော်တယ်” လို့ ဆိပ်ကမ်း မန်နေဂျာက ပြောပါတယ်။


သင်္ဘောပေါ် တက်လိုက်ရင် အနံ့ဆိုးဆိုးက ကြိုဆိုနေမှာပါ (အပေါ်ထပ်မှာတော့ အနံ့အ သက် သိပ်မဆိုးပါ)။
သင်္ဘောကြမ်းပြင်ပေါ်မှာ အမှိုက်တွေ ရူပ်ပွနေတာကိုလည်း တွေ့ရမှာပါ။

နှစ်ရှည်လများ ဒီလို သင်္ဘောတွေကို စီးခဲ့တဲ့ ကွမ်းခြံကုန်းမြို့က ခရီးသည် တဦးကတော့ -
“ကျွန်မ သင်္ဘောစီးလာတဲ့နှစ်က မနည်းတော့ပါဘူး၊ သင်္ဘောတွေမှာ ၀န်ဆောင်မှုကလည်း ဘာမှ မရှိဘူး။ သန့်ရှင်းမှုလည်း မရှိဘူး။ အခုလိုအချိန်မှာတော့ ခရီးသည်တွေအတွက် အဆင်ပြေအောင် လုပ်ပေးလို့ရတာတွေကို လုပ်ပေးစေချင်တယ်” လို့ သူက ပြောပါတယ်။
ဆိပ်ကမ်းမှာစောင့်ဆိုင်းနေတဲ့ ခရီးသည်များ

သင်္ဘောစီးနေတဲ့ခရီးသည်တွေအတွက် အမြဲလို အဆင်မပြေတာ တခု ရှိနေပါတယ်။ အဲဒါကတော့ သင်္ဘောလက်မှတ်ရောင်းတဲ့နေရာကနေ အခွန်ကောက်တဲ့ကိစ္စပါ။

ခရီးသည်တဦးက “ကျွန်တော် ၀ယ်လာတဲ့ VCDစက်လေးကို အခွန် ကောက်တယ်ဗျာ၊ တောင်းချင်သလို တောင်းတာ၊ သတ်မှတ်ထားတယ် ဆိုရင်လည်း လူတွေ အကုန်သိအောင် ကြော်ငြာထားတာမျိုး ဖြစ်ရမှာပေါ့။ ဈေးဝယ်ပြီး ပြန်လာရင် ပြဿနာတက်တာပဲ” လို့ သူက ပြောပါတယ်။

ဆိပ်ကမ်း မန်နေဂျာက အခုလို ရှင်းပြပါတယ် -
“ရိုးရိုးကုန်က တပိသာ တကျပ်၊ ညစ်ပေကုန် တကျပ် နှစ်ဆယ့်ငါးပြား၊ ၊ ကုန်ပွက တကျပ်ခွဲနှုန်း ကောက်ပါတယ်။ ဇိမ်ခံပစ္စည်းနဲ့ ရောင်းကုန်တွေကို အခွန် ကောက်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

သင်္ဘောပေါ်မှာ ဈေးမရောင်းရဆိုတဲ့ ဆိုင်ဘုတ်တွေရှိပေမဲ့ ဈေးသည်တွေက အမြဲလို ရှိတတ်ပါတယ်။ ၀ယ်လက်ရှိတဲ့အတွက် ဈေးသည်က သင်္ဘောပေါ်ရောက်လာတာ ဖြစ်ပါလိမ့်မယ်။ ဈေးသည်များထဲမှာ စင်ရော်ငှက်တွေအတွက် အစာရောင်းတဲ့ ကလေးတွေ၊ ဂျာနယ်ရောင်းသူတွေ၊ ကွမ်းယာသည်တွေကို အတွေ့ရများပါတယ်။

သင်္ဘောပေါ်မှာလည်း ကုန်းပေါ်မှာလိုပါပဲ - ပိုက်ဆံ လိုက်တောင်းတဲ့ကလေးတချို့ကို အသေအချာ တွေ့ရမှာပါ။
“သူတို့ သားကို မောင်းမချပါဘူး၊ (ခရီးသည်တွေ ဆင်းသွားတဲ့အခါ) သင်္ဘောပေါ်က ခုံတွေကို ပြန်စီပေးလိုက်ရင် သင်္ဘောမှာ လိုက်လို့ရတယ်” လို့ ၇ နှစ် အရွယ် ကလေးတဦးက ပြောပါတယ်။

ကဲ... ဒါကတော့ နှစ်ဘက်ကမ်းကဒေသခံတွေ မဖြစ်မနေ စီးကြတဲ့၊ ဧည့်သည်တွေ အပျင်းပြေ စီးကြတဲ့ ဒလ-ရန်ကုန် သင်္ဘောပေါ်က မြင်ကွင်းတွေပါ။
ရန်ကုန်မှာ ရှိနေခိုက် ဒီသင်္ဘောပေါ်တက်ချင်တယ် ဆိုရင်ဖြင့် ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းကိုသာ အရောက်သွားလိုက်ရုံပါပဲ။

သင်္ဘော အပေါ်ထပ်ကလိုက်မယ် ဆိုရင်ဖြင့် ရန်ကုန်မြစ်တွင်းခရီးစဉ်မှာ အနည်းဆုံး လေကောင်းလေသန့် ရှူရှိုက်ခွင့်တော့ ရကြမှာ ဖြစ်ပါတယ်။

ရွက်စိမ်း ~

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis