menu

Friday 25 January 2013

ပြည်သူ့ရင်ပြင် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက်မှ ငါးစီးကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူ

Photo: 

Thursday, 24 January 2013 19:58

ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ယာဉ်ငါးစီးကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့ ညပိုင်းတွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင် အတွင်း ပြိုင်ကား ၁၃ စီး စည်းကမ်းမဲ့ မောင်းနှင်နေသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ရာ ငါးစီးအား ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဖမ်းဆီးခဲ့သည့် ပြိုင်ကားငါးစီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ထိန်းသိမ်းထားပြီး ယာဉ်မောင်းများအား နောက်နောင် စည်းကမ်းမဲ့စွာ ပြိုင်ကားများ အုပ်စုဖွဲ့ မောင်းနှင်ခြင်း မပြုလုပ်ရန် ရှင်းလင်းဆွေးနွေးပြီး ခံဝန်ကတိ ပြုလုပ်၍ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးသာဌေးက “စည်းကမ်းမဲ့ မောင်းနှင်ခဲ့တဲ့ ပြိုင်ကားငါးစီးကို အရေးယူ ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးကို တင်ပြခဲ့ပါတယ်။ အဲ့ဒီယာဉ် ငါးစီးကို မော်တော်ယာဉ် ဥပဒေထက်ပိုပြီး သက်ရောက်စေမယ့် စည်ပင်သာယာ ဥပဒေနဲ့ အရေးယူသွားပါမယ်။ ကျွန်တော်တို့ဌာန အနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ပြိုင်ကားတွေကို ဆက်လက် အရေးယူသွားမယ်။ ပြိုင်ကားမောင်းနေတဲ့ သူတွေက စည်းကမ်းရှိရှိနဲ့ မောင်းနှင်သွားမယ် ဆိုရင်တော့ အရေးယူစရာ မလိုပါဘူး” ဟု သုံးသပ် ပြောကြားခဲ့သည်။

ဖမ်းဆီး သိမ်းဆည်းခဲ့သည့် ပြိုင်ကားများမှာ ၉က/၄-- Toyota Supra အနက်ရောင်၊ ၉ဃ/၂--- Nissan Skyline အနက်ရောင်၊ ၄င/၄--- Nissan Skyline အဖြူရောင်၊ ၁င/၃--- Nissan Skyline အဖြူရောင်နှင့် ၂ဃ/၉--- Subaru အပြာရောင်ယာဉ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်များအားလုံး၏ မှန်များတွင် စတေကာများ တပ်ဆင်ထားပြီး ယာဉ်မောင်းများမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ရှိသူများ ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် ငါးစီးတွင် Drift မောင်း ယှဉ်ပြိုင်သည့် ယာဉ်နှစ်စီး မပါဝင်ဘဲ ယင်းတို့မှာ ၄ဂ/၃၂-- နံပါတ်ပြား တပ်ဆင်ပြီး နံပါတ်ပြားကို စတစ်ကာဖြင့် ရေးသားထားသည့် အဖြူရောင်ကားနှင့် ၄င/၃၅--နံပါတ်ပြား တပ်ဆင်ထားပြီး နံပါတ်မှာ နောက်နံပါတ်ပြား တစ်ခုသာ ပါရှိပြီး ရှေ့နံပါတ်ပြား မပါရှိသည့် အနက်ရောင် ကားတို့ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်အား အသေးစိတ် သိရှိရန် အတွက် ဒဂုံမြို့နယ် ရဲစခန်းမှ တပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးဝင်းရွှေအား မေးမြန်းခဲ့ရာတွင်” ကျွန်တော်တို့ကို အထက်က မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားဖို့ ခွင့်မပြုထားပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထိုသို့ စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့သည့် ယာဉ်မောင်းများမှာ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တို့အတွင်း နေထိုင်သူများ ဖြစ်ကြပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် နီးစပ်သူများ ပါဝင်ကြောင်း သိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသာ ပြိုင်ကားအချို့အား တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Eleven Media Group 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis