menu

Friday 25 January 2013

ဟင်္သာတမြို့တွင် မီးလောင်ဆုံးရှုံးမှု အများဆုံးရှိခဲ့သော ငါးမျက်နှာစေတီတော်ကြီးနှင့် ပက်သက်၍ ကောလဟာလသတင်းများ ထွက်ပေါ်နေမှုအပေါ် ဂေါပက အဖွဲ့က ရှင်းလင်း ပြောကြား

Photo: ဟင်္သာတမြို့တွင် မီးလောင်ဆုံးရှုံးမှု အများဆုံးရှိခဲ့သော ငါးမျက်နှာစေတီတော်ကြီးနှင့် ပက်သက်၍ ကောလဟာလသတင်းများ ထွက်ပေါ်နေမှုအပေါ် ဂေါပက အဖွဲ့က ရှင်းလင်း ပြောကြား

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ပဉ္စမုခမာရဇိန် ငါးမျက်နှာ
စေတီတော်မြတ်ကြီး၏ ဂေါပက ရုံးခန်းတွင် ဇန်နဝါရီလ(၂၃)ရက်နေ့က
ယင်းစေတီတော်ကြီး၏ အရှေ့မြောက်ဘက် တန်ဆောင်တော်ကြီး မီးဘေးသင့်ခဲ့သော
၂၀၀၈ ခုနှစ် ဖြစ်စဉ်များအား ရှင်းလင်း ပြောကြားမှု ပြုလုပ်ခဲ့သည်။
“ကျွန်တော်က ဘုရားကြီးမှာ ညစဉ် အာစိဏကံ ကုသိုလ် အဖြစ် ပုတီးစိပ်
တရားထိုင်တယ်။ အဲဒီ အချိန်က ကျွန်တော်က ဘာမှ လုပ်လို့ မရတဲ့ အရံ ဂေါပက
အဖွဲ့ဝင်ပါ။ မီးလောင်တဲ့ အဲဒီ ၂၀၀၈ ခုနှစ် သင်္ကြန် အကြိုနေ့ ည(၈း၃၀)
ပတ်ဝန်းကျင်လောက်မှာ ရင်ပြင်တော်ပေါ်မှာ ပုတီးစိပ်ပြီး ကျွန်တော်က အစောင့်
မိသားစုနဲ့ တနင်္ဂနွေထောင့်က ခုံတန်းလျှားမှာ စကားပြောနေတာပါ။ အဲဒီမှာ
တစ်မြို့လုံးက မီးပျက်နေပြီး အလင်းရောင်တွေ့တာနဲ့ အစောင့် မိသားစု ထဲက
ဘုတ်ဘုတ် ဆိုတဲ့ ကလေးမကို သွားကြည့်ခိုင်းလိုက်တယ်။ အဲဒီ ကလေးမက
မီးလောင်တာ ဆိုပြီး ပြန်ပြေးလာပြောတော့ ကျွန်တော်က အော်ခိုင်းတယ်။
အဲဒီတုန်းက ဂေါပကအဖွဲ့က စာရေးကြီး ကိုလည်း ခေါ်ခိုင်းတယ်။ စာရေးကြီးလည်း
ဆင်းသွားပြီး မီးလောင်နေတာ၊ မီးတွေ လို့ အော်ကြတာ။ အဲဒီမှာ ကျွန်တော်က
ဘာဆက်လုပ်ရမလဲ ဆိုပြီး မီးသတ်ကို အကြောင်းကြားရမယ် ဆိုတဲ့ အသိဝင်လာတယ်။
ဒါနဲ့ပဲ ဘုရားရဲ့ ငါးကန်းဘက်မှာ ထားခဲ့တဲ့ ဆိုင်ကယ်ဆီကို သွားပြီး
မီးသတ်ကို အကြောင်းကြားခဲ့တာ”ဟု ကိုယ်တွေ့ ကြုံခဲ့သူ လက်ရှိဂေါပက အဖွဲ့၏
အတွင်းရေးမှူးက ရှင်းပြသည်။
အဆိုပါ ၂၀၀၈ ခုနှစ် တန်ဆောင်းတော်ကြီး မီးဘေးသင့်ချိန်တွင် လက်ရှိဂေါပက
အဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်သော ကာလ မဟုတ်ဘဲ ၂၀၁၁ ခုနှစ်
ဇူလိုင်လ(၂၃)ရက်နေ့တွင် အများ မဲဆန္ဒဖြင့် ပြန်လည် ရွေးချယ်ကာ
အသစ်ခန့်အပ်တာဝန်ပေးခဲ့ပြီး သြဂုတ်လ (၅)ရက်နေ့တွင် တာဝန်လွှဲပြောင်း
လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီ မီးလောင်းနေတယ်လို့ ဘုတ်ဘုတ်က ပြေးပြောတော့ ကျွန်တော် က
ရင်ပြင်တော် အပေါ်က လှမ်းကြည့် လိုက်တာ။ အဲဒီမှာ ဆိုင်ခန်း (၃)ခန်း
မီးစွဲနေတာ တွေ့ရတယ်။ ရာဇာဓါတ်ပုံဆိုင်၊ နိဗ္ဗာန်ပစ္စည်းရောင်းတဲ့ဆိုင်ရယ်၊
နောက် ကိုနီကာ ဓါတ်ပုံဆိုင်ရယ် အဲဒီ (၃) ဆိုင်က မီးတောက် အပေါ် တက်နေတာ
တွေ့ရတယ်။ ဘယ်က စပြီး လောင်တယ် ဆိုတာလဲ မသိပါဘူး။ အရေးယူမှု အပိုင်းက
သက်ဆိုင်ရာအဖွဲ့တွေ၊ အုပ်ချုပ်ရေး၊ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ကပဲ
စစ်ဆေးဖော်ထုတ်တာပါ။ ဂေါပက အနေနဲ့က မသက်ဆိုင်ပါဘူး။ လက်ရှိ
ဂေါပကအဖွဲ့ကလည်း အသစ် ပြန်လည် ဖွဲ့စည်းတဲ့ ဂေါပက ဖြစ်ပါတယ်။ အဖြစ်မှန်ကို
အများ ပြည်သူအနေနဲ့ အမြင်ရှင်း စေချင် လို့ပါ”ဟု ဂေါပက အဖွဲ့
အတွင်းရေးမှူး ဦးမြရွှေက ပြောကြားသည်။
ယင်း မီးလောင်ကျွမ်းခဲ့မှုတွင် တရားခံအား သက်ဆိုင်ရာမှ စစ်ဆေး ဖော်ထုတ်
အရေးယူခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ရာ ပြစ်ဒဏ်ချမှတ်ခံရသူမှ မှားယွင်းစွာ
ပြစ်ဒဏ် ချမှတ်ခံရကြောင်း ပြန်လည် တင်ပြတိုင်ကြားမှုများရှိခဲ့၍ ၂၀၀၈
ခုနှစ်က အရှေ့မြောက်တန်ဆောင်းကြီး မီးလောင်းကျွမ်းခဲ့စဉ်နှင့်
လက်ရှိဂေါပက အဖွဲ့၏ တာဝန်နှင့် စေတီတော်ကြီး အား အများ ပြည်သူ
ကြည်ညိုသဒ္ဓါပွားများနိုင်ရန် ဆက်လက်လုပ်ဆောင်လျှက်ရှိသော
လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကိုခန့်(ဥပဒေ)

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

The Hot News 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis