menu

Sunday 25 March 2012

ဂျူးလေးဦးနှင့် ပြင်သစ်စစ်သားသုံးဦးအား သတ်ဖြတ်ခဲ့သော သေနတ်သမားကို ကွန်မန်ဒိုများက ၃၁ နာရီကျော်ကြာ ၀ိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် အသေဖမ်းမိ




မိုဟာမက်မီရက်ဟ်နေသော တိုက်ခန်းတစ်ဝိုက် ရဲများက စောင့်ကြပ်နေစဉ်
ပြင်သစ်စစ်သား သုံးဦး၊ ဂျူးလူမျိုး ကျောင်းဆရာတစ်ဦးနှင့် ကလေးသုံးဦးအား သတ်ဖြတ်ခဲ့မှုဖြင့် အလိုရှိနေသည့် သေနတ်သမားတစ်ဦးကို ပြင်သစ်ရဲများက ၃၁ နာရီကျော်ကြာ ၀ိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် မတ် ၂၂ ရက် နံနက်တွင် အသေဖမ်းမိခဲ့ကြောင်း  တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီရက်ဟ်ကို အသေဖမ်းမိပြီးနောက် ပြင်သစ်သမ္မတ နီကိုလတ်စ်ဆာကော်ဇီက မီရက်ဟ်ကို အသက်ရှင်လျက် တရားခွင်တင်နိုင်ရေးအတွက် လုပ်နိုင်သမျ အားလုံးလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘယ်လိုဖမ်းမိခဲ့သလဲ
အယ်လ်ကေးဒါးအဖွဲ့က လေ့ကျင့်သင်ကြားပေးခဲ့သည်ဆိုသော အသက် ၂၃ နှစ်ရှိမိုဟာမက်မီရက်ဟ် ၏ခေါင်းကို ပြင်သစ်ကွန်မန်ဒိုများက  သေနတ်ဖြင့်ပစ်ခဲ့ပြီးနောက် အသေ ဖမ်းမိခဲ့ခြင်းဖြစ်သည်။မီရက်ဟ်သည် ၎င်းပုန်းနေရာတိုက်ခန်းရှိ ရေချိုးခန်းမှ ထွက်ပေါ်လာပြီး ဖမ်းဆီးရန်ကြိုး ပမ်းလာသော ရဲများထံ သေနတ်ဖြင့် အချက် ၃၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ပါရီအစိုးရရှေ့နေ ဖရန့်ဆွာမိုလင်စ်က ပြောကြားခဲ့သည်။ မီရက်ဟ်သည် ပြတင်းပေါက်မှနေ၍ လေသာဆောင်သို့ ခုန်ထွက်စဉ် သေနတ်ဖြင့် ပစ်ခတ်နေဆဲဖြစ်ပြီး ၎င်းကို မြေကြီးပေါ်တွင် သေဆုံးလျက် တွေ့ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်းသေဆုံးချိန်တွင် ၎င်း၏သေနတ်ထဲ၌ ကျည်နှစ်တောင့်သာ ကျန်တော့ကြောင်း မိုလင်စ်က ပြောကြားခဲ့သည်။ ၎င်းကိုဖမ်းရန် ကြိုးပမ်းစဉ် ရဲနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Claude Gueant  က ပြောကြားခဲ့သည်။


မီရက်ဟ်သည် ရဲများထံ လက်နက်ချအဖမ်းခံမည်ဟု ယခင်ကပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဖမ်းရန်ကြိုးပမ်းသူ မည်သူ့ကိုမဆို ခုခံပစ်သတ်သွားမည်ဟု Gueant က ပြောကြားခဲ့သည်။ ရဲများကလည်း ၎င်းကိုအရှင်ဖမ်းပြီး တရားခွင်တင်ရန် ကြိုးပမ်းခဲ့သည်။
ပြစ်မှုနောက်ခံ

ပြင်သစ်တွင် အစ္စလာမ်မစ်ဘာသာဝင် အမျိုးသမီးများ ၀တ်ဆင်သော ဘွရ်ခါဝတ်ဆင်ခြင်းကို ပိတ်ပင်မှု၊ ပြင်သစ်တပ်များကို အာဖဂန်သို့ စေလွှတ်မှု၊ ပါလက်စတိုင်းတို့ကို နှိပ်ကွပ်မှုစသည့် အကြောင်းပြချက်များကြောင့် မီရက်ဟ်သည် ယင်းရာဇ၀တ်မှုများကို ကျူးလွန်ခြင်း ဖြစ်ဖွယ်ရှိ သည်ဟု တာဝန်ရှိသူများက သုံးသပ်ခဲ့သည်။ မီရက်ဟ် အသတ်ခံရပြီးနောက် ၎င်း၏ တိုက်ခိုက်မှုဖြစ်စဉ်များ၊ ကျည်ဆန်များ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများအား ရိုက်ကူးထားသည့် ဗီဒီယိုများကို ရဲများက တွေ့ရှိခဲ့သည်ဟု မိုလင်စ်က ပြောကြားခဲ့သည်။ တူးလော့စ်မြို့တွင် ပြင်သစ်စစ်သားတစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက် မီရက်ဟ်က ''ခင်ဗျားကျွန်တော်တို့ ညီအစ်ကိုတွေကို သတ်တယ်။ ဒါကြောင့် ခင်ဗျားကို ကျွန်တော်သတ်တယ်'' ဟု ပြောကြားချက်အား ဗီဒီယိုတွင် ရိုက်ကူးထားသည်။ အခြား ဗီဒီယိုတစ်ခုတွင် Montauban မြို့၌ ပြင်သစ်စစ်သားနှစ်ဦးကို ပစ်သတ်ခဲ့မှုအား ရိုက်ကူးထားသည်။ ယင်းဗီဒီယိုများကို အွန်လိုင်းတွင် တင်ခဲ့သော်လည်း မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့တင်ခဲ့သည်ကို ရဲများက မသိခဲ့ကြောင်း မိုလင်စ်က ပြောကြားခဲ့သည်။
ဘယ်လိုခြေရာခံမိသလဲ
မီရက်ဟ်ကို အစ်ကိုဖြစ်သူ၏ ကွန်ပျူတာ  IP address မှတစ်ဆင့် ခြေရာခံမိခဲ့ခြင်း ဖြစ်သည်။ မီရက်ဟ်လက်ချက်ဖြင့် ပထမဆုံး သေဆုံးခဲ့ရသော စစ်သား  Imad Ibn Ziaten  က ၎င်း၏ ယာမာဟာဆိုင်ကယ် (စကူတာ) တစ်စီး ရောင်းရန်ရှိသည်ဟု ကြော်ငြာခဲ့ရာ တူးလော့စ်မြို့မှ လူတစ်ဦးက ၀ယ်မည်ဖြစ်ကြောင်း၊ အရောင်းအ၀ယ်လုပ်ရန်အတွက် မီရက်ဟ်၏ အစ်ကိုကွန်ပျူတာမှတစ်ဆင့် မတ်လ ၁၁ ရက်သို့ ချိန်းဆိုခဲ့ကြောင်း၊ ယင်းချိန်းဆိုသည့်နေ့တွင် ယင်းစစ်သား ပစ်သတ်ခံရကြောင်း၊ နောက် လေးရက်အကြာ မတ်လ ၁၅ ရက်တွင် ပြင် သစ်စစ်သားနှစ်ဦး ထပ်မံပစ်သတ်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။ နောက်လေးရက်အကြာ မတ်လ ၁၉ ရက်၌ ပုဂ္ဂလိက ဂျူးစာသင်ကျောင်းတွင် ပစ်ခတ်မှု၌လည်း ဆိုင်ကယ်ဦးထုပ် ဆောင်းထားသူတစ်ဦးက ဆရာတစ်ဦးနှင့် ကလေးသုံးဦးကို ပစ်သတ်သွားခဲ့ ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis