menu

Sunday 25 March 2012

ပေးနေရဆဲ ၊ ယူနေဆဲပဲ(လှတင့်ဆွေ (ပိန်းဇလုပ်))


““မည်သည့်နိုင်ငံရေးသမားမျှ၊ ငွေနှင့် ပေးဝယ်၍မရလောက်အောင်မမိုက်ပေ၊ နိုင်ငံရေးသမားဆိုသည်မှာ ၀န်ထမ်းအား လုံးကိုဆိုလိုသည်”” ဟူသောအဆိုတစ်ရပ် ကို ဖတ်ဖူး၊ မှတ်ဖူး၊ ကြားဖူးခဲ့သည်။ အဆို  ၏ အဓိပ္ပာယ်မှာဝန်ထမ်းများကိုလာဘ် ပေးပြီး၊ ငွေနှင့်ပေးဝယ်လျင်ဝယ်၍ရသည့် ဆိုသောဆိုရိုးစကားဖြစ်ပေသည်။
လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်  ပြီး ကျွန်တော်တို့နိုင်ငံမှာခေတ်အဆက် ဆက်ကလည်းရေးသားခဲ့ကြပါတယ်။ ရုပ် ရှင်၊ ဇာတ်သဘင်နဲ့ အငြိမ့်များမှာလည်း လူရွှင်တော်များက ဟာသပျက်လုံးများနဲ့ ထောက်ပြ၊ ရင်ဖွင့်ပြခဲ့ကြပါတယ်။ တစ် ခေတ်တစ်ခါက သံချပ်များစပ်ဆိုပြီးလည်း တိုင်းပြည်သို့ တင်ပြခဲ့ကြဖူးပါသည်။ ဒီကိစ္စ ဆိုးကြီးကို ပြည်သူတွေလည်းသိတယ်။ ၀န်ထမ်းတွေလည်းသိတယ်။ တာဝန်ရှိသူ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတော်အကြီးအကဲ  များလည်းသိကြပါတယ်။ သိပင်သိငြား သော်လည်း အစိုးရအဆက်ဆက်မတိုက် ဖျက်နိုင်ခဲ့ပါဘူး။ မကွယ်ပျောက်သွားခဲ့ပါ ဘူး။ ယခုအထိလည်းရှိနေဆဲပါ။

ပေးရတဲ့သူများကလည်း သူ့လုပ်ငန်း လေးချောချောမွေ့မွေ့နဲ့အမြန်ရစေတို့၊ ခွင့်ပြုပေးတဲ့လူကြီးကြည်ကြည်ဖြူဖြူနဲ့ မညိုငြင်သို့၊ နောက်ဆက်လုပ်ရမည့်လုပ် ငန်းများ ဆက်လက်ပြေပြစ်ချောမွေ့ဖို့၊ တိုက်ရိုက်သော်လည်းကောင်း တပည့်များ  ကတဆင့်သော်လည်းကောင်း၊ ပွဲစားများ  ကတဆင့်သော်လည်းကောင်းပေးလိုက်ရ တာပါပဲ၊ ပေးလိုက်ရလို့ လုပ်ငန်းများချော ချောမွေ့မွေ့ဖြစ်သွားရင်ပဲကြည်နူးပြီး ကျေနပ်မိသလိုပါ။ (တော်တော်သဘော ထားကြီးပြီး၊ စိတ်ထားနူးညံ့သိမ်မွေ့ပြီး သည်းခံခြင်းတရားရှိတာပဲလား။ အလွန်းတာ  လား၊ ကြောက်တတ်လွန်းတာလားဆိုတာ  တော့ခွဲခြားဖို့လိုပါလိမ့်မယ်) ယူတဲ့သူများ အနေနဲ့ကလည်း အမျိုးမျိုးကြုံတွေ့ရဖူး ပါတယ်။ တချို့ကလည်းအာနားလောက် အောင်ပေးပြီး အခွင့်အရေးများအဆမ တန်ပြန်တောင်းတတ်တဲ့ လူမျိုးများနဲ့ လည်း ကြုံရတတ်ပါရဲ့။ တချို့ကလည်း လုပ်ငန်းရဲ့တန်ဖိုး အတိမ်အနက်ကိုမသတ်  မှတ်ပဲ၊ ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေ  လုပ်ပေးလိုက်တဲ့ လူကြီးမျိုးလည်းရှိတတ် ပါတယ်။ တချို့ကျတော့လုပ်ငန်းအကြီး အငယ်အလိုက်ယူပြီးလုပ်ပေးပါတယ်။ တချို့ကျတော့ ပြဿနာဖြစ်နေသူ ၂ ဖက်  အကြားနှစ်ဖက်ခွယူပြီး နောက်ဆုံးတော့ ပိုပေးတဲ့ဖက်ကိုပါသွားတတ်ပါတယ်။
နောက်တစ်ချက်က ခေတ်အဆက် ဆက်လွဲပြောင်း၊ လက်ခံမလိုပဲ ပုံစံတစ် ကျလိုဖြစ်နေတဲ့၊ အရိုးစွဲနေတဲ့ အကျင့် စာရိတ္ထကောင်းကြောင်းရဲစခန်းထောက်ခံ ချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး (ယခင် ရယက/ ရ၀တ) ထောက်ခံချက်အလုပ် သမားရှာဖွေရေးရုံးမှ အလုပ်သမားမှတ်ပုံ တင်ထောက်ခံချက်တို့ကို ရေးခ၊ လက်မှတ်  ထိုးခဆိုပြီးပေးနေဆဲပါ။ ဆိုလိုချင်တာက အလုပ်သမားနေတာက မကွေးတိုင်းထဲက ဒီအလုပ်သမားအကြောင်းကိုဘာ အကျင့် စာရိတ္ထ၊ ဘာကိုယ် ရေးရာဇ၀င် (ကိုယ် ရေးအချက်အလက်)မှမသိပဲ ရွှေပြည်သာ လို၊ လှိုင်သာယာလိုစသဖြင့် စက်မှုရုံရှိတဲ့ မြို့နယ်တွေက ဌာနဆိုင်ရာတွေကရမ်းသမ်း၊ ထောက်ခံပြီးငွေယူနေလို့ပါပဲ၊ စက် ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေကိုရောက်တော့ လည်း ထိထိရောက်ရောက်စိစစ်ခြင်းမရှိ ပဲ၊ ထောက်ခံစာပါပြီးရောဆိုပြီး ချောင် ထိုးထားလိုက်တာပါပဲ။ နောက်ပြီးခေတ် အဆက်ဆက် လွှဲပြောင်းလက်ဆင့်ကမ်း ခဲ့တဲ့ ဧည့်စာရင်းတိုင်ခ၊ နယ်မြေကျော်လွန် ခွင့်ထောက်ခံစာ၊ မြေကွက်ဂရံလုပ်ဖို့ ထောက်ခံစာစတဲ့ ထောက်ခံစာအမျိုးမျိုး အတွက်ကလည်း ပေးနေရဆဲပါပဲ။
7 day News  ဂျာနယ်အတွဲ ၁၁ အမှတ် ၂ မှာပါတဲ့ ကာတွန်းအကိန်းရဲ့ ကာတွန်းပေးကလည်းပြုံးချင်စရာပါ။ ““လာဘ်ပေးရန်မလိုပါ”” ဆိုတဲ့ဆိုင်းဘုတ် ရှေ့မှာ ဆရာလုပ်သူက  ““မင်းပေးလို့ငါ့ ယူတာ””တဲ့ တပည့်လုပ်သူက မတ်တတ် ရပ်ပြီး ““ဆရာတောင်းလို့ကျွန်တော်ပေးရ တာ”” တဲ့ တံခါးဝမှာရပ်နေတဲ့လူနှစ်ယောက်  က ““အဲဒါပေါ့ မုန့်လုံးစက္ကူကပ်ဆိုတာ”” ဆိုပြီးသရော်ထားပါတယ်။
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က လက်ရှိအစိုးရတာဝန်ထမ်းဆောင်မှုတစ် နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၁၀) ပါပြဋ္ဌာန်း ချက်နှင့်အညီ မတ်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေးသို့ပြောကြားသည့် မိန့်ခွန်း မှ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီးပြော  သွားတာကို ထုတ်နုတ်တင်ပြလိုပါတယ်။
““ခေတ်အဆက်ဆက် အမြစ်တွယ် နေတဲ့ အဂတိလိုက်စားမှုဆိုတဲ့ အမျိုးသား ရေးစိန်ခေါ်မှုကြီးဟာ ခေတ်စနစ်နဲ့ အတူ ပေါက်ဖွားရှင်သန်လာခဲ့တာအတွက် ခေတ် ပြောင်း၊ စနစ်ပြောင်းမှာ စိတ်ဓာတ်၊ ခံယူ ချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင့် သက်သာ ချောင်ချိရေး၊ ပြန်လည်စောင့်ကြည့်ရေး၊ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်  ထုံးလုပ်နည်း၊ အသိအမြင် မြှင့်တင်ရေး အစရှိတဲ့ ဘက်စုံချဉ်းကပ်မှုနည်းလမ်းတွေ နဲ့ ပညာပေးခြင်း၊ စည်းရုံးခြင်း၊ အသိ ပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်း များကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့် အထိ အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖွဲ့ စည်းတည်ဆောင်ရာမှာ ခေတ်အဆက် ဆက်စူးဝင်နေတဲ့ ဆူးချွန်တွေကို ဖယ်ရှား ပစ်ဖို့ ခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြောင်းလဲတည်ဆောက်ရတာဖြစ်ပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်းလုပ်ငန်းစဉ် ပီပြင်ခိုင်မာလာတာနဲ့ အမျှအဂတိလိုက်စား မှုတွေသိသိသာသာလျော့နည်းပပျောက်သွား စေမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖွဲ့စည်းတည်ဆောက်မှုကို အချိန် ယူပြီးဆောင်ရွက်နေတာဖြစ်ပါတယ်””။
မိန်ခွန်းပါဒီအချက်ကို ၀န်ထမ်းအား လုံး၊ အဆင့်ဆင့်သောအုပ်ချုပ်ရေးမှူး အားလုံးတို့ သိရှိလိုက်နာရမှာဖြစ်ပါတယ်။ ဒီဆူးကြီးက ၀န်ထမ်းတွေကြားမှာ ပြည်သူ တွေကြားမှာ ကာလတော်တော်ကြာကြာ နှစ်များစွာကထဲက ဆူးစင်နစ်နေတဲ့ဆူး ကြီးဖြစ်ပါတယ်။ တော်တော်ကိုဆွဲနှုတ်ယူ ရမှာပါ။
တစ်ဆက်တည်းတင်ပြလိုတာက ပြည်သူလွတ်တော်အစည်းအဝေး (၁၂)  ရက်မြောက်နေ့မှာ ပဲခူးတိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ် (၁၀)မှ ဦးမြင့်ထွန်း၏ ““အစိုးရဌာနများနှင့် နိုင်ငံ့တာဝန်ထမ်းများ ကို ပြည်သူကပိုမိုယုံကြည်အား ကိုးမှုရှိ  လာစေရန် ပြည်ပနိုင်ငံအချို့၏ ကောင်း သောစနစ်များကို အတုယူဆောင်ရွက်ပြီး သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော စနစ်အတွက် အထောက်အကူဖြစ်စေရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း”” အဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် (၂)မှ ဦးညွှန့်တင်၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန်္ဒနယ်အမှတ် (၆) မှ ဒေါက်တာ တင်ရွှေ၊ ရခိုင်ပြည်နယ်မဲဆန္ဒ နယ်အမှတ် (၇) မှ ဦးဌေးဝင်း (ခ) ဦးဇာယာဒ်ရော်မံ၊ ကချင်ပြည်နယ် မဲဆန္ဒ နယ် (၆)မှ ဦးဖေသောင်း၊ ကချင်ပြည်နယ်  မဲဆန္ဒနယ်အမှတ် (၇)မှ ဦးစံပြည့်၊ မွန် ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးဇော်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်ခင်ဝိုင်းကြည် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါက်တာမြင့်ကြည်၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးလှဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဒေါက်တာမြတ် ဉာဏစိုးတို့ကဆွေးနွေးရာတွင် ““လာဘ်ပေး၊  လာဘ်ယူမှုများကြောင့် ကုန်ဈေးနှုန်းများ ကြီး မြင့်ခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ပြည်သူများ၏ကိုယ်ကျင့်တရားပျက်ပြား စေခြင်း၊ လူ့ဘ၀တိုးတက်မြင့်မားရန် မှန်ကန်သောကြိုးစားအားထုတ်မှု မပြုလုပ်  ကြခြင်း၊ တစ်နည်းအားဖြင့် လူ့အရည် အသွေးကျဆင်းစေခြင်း၊ စသည့်ဆိုးကျိုး များ ကိုဖြစ်ပေါ်စေပါကြောင်း၊ ၀န်ထမ်း ကိစ်္စနှင့် စပ်လျဉ်း၍ တစ်ယောက်အားနှင့် “မ”၍ ရသည့်ကိစ္စကို ၂ယောက် ၃ ယောက်မ “မ” စေဘဲ တစ်ယောက်နှင့် သာ “မ” ရမည်ဖြစ်ပါကြောင်း၊ လက်ရှိ ၀န်ထမ်းအားကို လျှော့ချရမည်ဟု အဖြေ မှန်ထွက်ပါကြောင်း၊ လျှောချခံရသည့်-၀န်ထမ်းများကိုလည်း ပင်စင်အပြည့်အ၀ ခံစားနိုင်ရန်၊ အခြားလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် အလုပ်အကိုင်အခွင့်အလမ်း  များကို နိုင်ငံတော်မှ စီမံဖန်တီးပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သည် အခွန် အကောက်ရငွေနှင့် အစိုးရယန္တရားကို လည်ပတ်ရသည်ဖြစ်၍ အခွန်ကောက်ခံ မှုစနစ်သည်လည်း မြန်မြန်ဆန်ဆန်ဖြစ် သင့်ပါကြောင်း၊ နိုင်ငံတော်၏အခွန်ယို ပေါက်၊ တာပေါက်များကို ပိတ်နိုင်လျှင်  နိုင်ငံတော်ရငွေများ ပိုမိုရရှိလာမည်ဖြစ် ပြီး၊ ၎င်းငွေများကို ထုတ်သင့်သည့် လစာ နှင့် အကျိုးခံစားခွင့်များ ပေးအပ်နိုင်မည် ဖြစ်ပါကြောင်း၊ ပွင့်လင်းထင်သာမြင်သာ ရှိမှု ပိုမိုရရှိလာသည်နှင့် အမျှလာဘ်ပေး လာဘ်ယူမှုများ ပိုမိုလျော့နည်းပပျောက် သွားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွင်းရှိ ပညာရှင်များ၊ ပြည်တွင်းပြည် ပလုပ်ငန်းအတွေ့အကြုံရှိသူများ ပါဝင်ဖွဲ့ စည်းသည့် လာဘ်ပေးလာဘ်ယူမှုပပျောက်  ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်စေရန် လိုအပ်လျက်ရှိနေ ကြောင်းနှင့် ကုစားမည့်နည်း လမ်းများ ရှာကြံသည့်အခါတွင် တိုးတက်သည့်နိုင်ငံ များကို စနစ်ကောင်းများကိုလည်း ထည့် သွင်းရေးဆွဲသင့်ပါကြောင်း””ဖြင့် ဆွေးနွေး ကြသည်။
ထိုတင်ပြချက်ကလည်း ပြည်သူများ  ၏ခံစားချက်၊ သဘောထားနှင့် ကိုက်ညီ ပါတယ်။ ဒါကြောင့် အဲဒီတင်ပြချက်ကို ကြိုဆိုထောက်ခံပါတယ်ဗျာ။
သို့သော်လည်းပဲ၊ ဒါပေမဲ့လက်တွေ့ မှာက ကိုယ်တွေ့ဖြစ်ရပ်ကလေးတစ်ခုပါ ဒီလိုပါဗျာ။
ကျွန်တော်ကနယ်မှာရှိတဲ့ မြေကွက် တစ်ကွက်ရောင်းရန်အတွက် ၀ယ်မည့်သူ ကထိုနယ်မှာရှိတဲ့သူ့လူယုံကိုကျွန်တော် အနေနဲ့ Special power လွှဲပေးရမှာဖြစ် ပါတယ်။ ဒါအတွက် ၀ယ်တဲ့သူရဲ့ရှေ့နေ အပါအ၀င်ကျွန်တော်တိှု့ Special power လွှဲရမည့် ရန်ကင်း (ကံဘဲ့) မှာရှိတဲ့ ရုံးကို သွားခဲ့ရပါတယ်။ မှတ်မှတ်ရရ ၂၃.၃. ၂၀၁၂ -ရက်နေ့ပါ။ ယခင်အဲဒီတုန်းက ဗိုလ် အောင်ကျော်လမ်းမှာရှိတယ်လို့ဆိုပါ တယ်။ ကျွန်တော်တို့ အလှည့်မရောက်မီ ကျွန်တော်တို့ရဲ့ ရှေ့နေက ကျွန်တော်လွှဲ ပေး ရမည့်လူရဲ့အမည်ကို ကျွန်တော်ကို ပြောပါတယ်။ ဘာဖြစ်လို့ပါလည်းလို့မေး တော့ ရှေ့ကအဖွဲ့တွေမှာ လက်ခံရမည့် သူရဲ့အမည်မသိလို့ အထဲကတာဝန်ယူ လက်မှတ်ထိုးပေးမည့်သူစိတ်တိုနေမယ် လို့ဆိုပါတယ်။ ကျွန်တော်လည်းကျွန်တော်  လွှဲပေးရမည့်သူရဲ့အမည်ကို မမေ့ဆောင် ရွတ်ရင်းကိုယ့်အလှည့်ကျလို့ရုံးခန်းထဲကို ၀င်သွားပါတယ်။ ထိုအတည်ပြုလက်မှတ် ရေးထိုးပေးမည့်သူက ဘာမှမပြောလို့ ကျွန်တော်လည်းထိုင်မယ်နော်ဆိုပြီး ၀င် ထိုင်လိုက်ပါတယ်။ အဲဒီလူရဲ့မျက်နှာက ပြုံးခြင်းရယ်ခြင်းမရှိပါဘူး။ ကျွန်တော့်ကို ပြောသောတစ်ခွန်းတည်းသောစကားက ““ဦးအနေနဲ့ လွှဲဖို့သဘောတူပါသလားတဲ့ ကျွန်တော်ကလည်း “သဘောတူပါတယ်” လို့ဖြေလိုက်ပါတယ်။ အဲဒီရုံးကမင်းအရာ ရှိက စာရွက်ပေါ်မှ ၄၊၅ ချက်လောက် အမှန်ခြစ်ခြစ်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ကျွန်တော်တို့ဝယ် ယူသူဘက်ကရှေ့နေက စာအိတ်အကြီး တစ်လုံးကို အဲဒီရုံးမင်းအရာရှိရဲ့ နောက်  ညာဘက် တစောင်းမှာရှိတဲ့ ဖိုင်တင်စင်တစ် ခုရဲ့ ဒုတိယအဆင့်မှာသွားတင်လိုက်ပါ တယ်။ အဲဒီရှေ့နေကအဲဒီစာအိတ်ကြီး သွားတင်တဲ့အချိန်က ဇာတ်တိုက်ထား သလိုပါပဲ ရုံးမင်းအရာရှိစစ်ဆေးပြီး လက် မှတ်ထိုးပြီးချိန်နဲ့ ကွက်တိပါပဲ၊ ပေးနေကျ လုပ်ငန်းကိုကျွမ်းကျင် (ယဉ်ပါး) နေတဲ့ သဘောပါပဲ၊ ရှေ့နေသွားထားတဲ့စာအိတ် အောက်မှာလည်း အလားတူစွာ အိပ်မျိုး အလုံး ၂၀/၃၀ လောက်တွေ့ရပါတယ်။ ထိုကဲ့သို့ General power, special power လွှဲသည့်သူတိုင်းက ပေးနေရပါ တယ်လို့ဆိုကြပါတယ်။ ဘယ်လောက်လဲ လို့ စပ်စုကြည့်တဲ့ အခါကျတော့ တစ်ခါ လွှဲပေးရင်၃ပုလင်းမှ ၅ ပုလင်းအထိလို့ ဆိုကြပါတယ်။ တစ်ရက်တစ်ရက်လွှဲနေသူ အရေအတွက်တော့အတိတကျမသိပါဘူး။ အဲဒီနေ့ညနေပိုင်းတစ်ပိုင်းထဲကို အဖွဲ့ ၅၀ လောက်ရှိပါတယ်။ ကျွန်တော်လည်း လုပ်ငန်းအောင်မြင်စွာပြီးဆုံးလို့ လက်ဗွေ နှိပ်ပြီးပြန်လာခဲ့ကြောင်းပါ။
ဒီလာဘ်ပေးလာဘ်ယူကိစ္စကြီးတွေ ကို နိုင်ငံတော်သမ္မတကြီးလည်းသိထားပြီး  သားပါ။ လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများလည်း သိထားပြီးသားပါ။ အဲဒီဆူး  ကိုဘယ်လိုဆွဲနှုတ်မှာလည်း၊ ဆွဲနှုတ်ပြီး ကျန်ခဲ့တဲ့ဒဏ်ရာကို ဘယ်လိုကုစားကြ မလဲဆိုတာကိုတော့ နိုင်ငံတော်ရဲ့အပိုင်း ပါပဲ။
ဒီနေ့အချိန်ကာလထိတော့ ပေးတဲ့ သူတွေကလည်းပေးနေရဆဲပါပဲ။ ယူတဲ့ သူတွေကလည်း ယူနေဆဲပါပဲ။ ကာတွန်း  ထဲကလို မုန့်လုံးစက္ကူကပ်လျက်ပါပဲ။
ဒါကြောင့် လုပ်ပိုင်ခွင့်ရှိသူများကို တော့ ပေးနေရဆဲဖြစ်ပြီး၊ ထိုသူများက တော့ ယူနေဆဲမို့ ““ပေးနေရဆဲ ယူနေဆဲပဲ”” လို့ ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုတင်ပြ လိုက်ပါရစေ။
 HOT NEWS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis