menu

Monday 1 October 2012

ဘဝနေနည်း အနုပညာ(မောင်မိုးဦး)

Photo: ဘဝနေနည်း အနုပညာ

“လူတို့ ဝန်းကျင်မှာ Grow up ဖြစ်လာ ပေမဲ့ ရင့်ကျက် (Mature) တဲ့ လူကြီး (Adult) မဖြစ်သေးတဲ့ လူတွေ အများကြီးရှိတယ်” ခင်စောတင့် ဆရာမကြီး “ဒေါ်ခင်စောတင့်” ၏ စာအုပ်တစ်အုပ်ထဲမှ ဝါကျလေးတစ် ကြောင်းဖြစ်သည်။ ထိုဝါကျလေးကို အလွတ်ကျက်ထားပြီး ကိုယ်တိုင်လည်း လိုက်နာနိုင်အောင်ကြိုးစားသည်။
သူငယ် ချင်းများကိုလည်း လိုက်နာစေချင်သည်။ လူသားတွေအားလုံးကို သံပတ်ပေးသော စကားဟုလည်း ကျွန်တော်နားလည်ထား သည်။ လူဆိုသည်မှာ ငယ်ရာမှ တဖြည်း ဖြည်းကြီးလာသော သတ္တဝါဖြစ်သည်။ ဦးခေါင်းဖြူဖွေးလာခြင်းသည် ကြီးရင့်ခြင်း အစစ်မဟုတ်၊ မေတ္တာထားခြင်း၊ သစ္စာရှိ ခြင်း၊ တာဝန်ယူခြင်း၊ နားလည်မှုပေးခြင်း၊ အကောင်းမြင်ခြင်း၊ သီလရှိခြင်းနှင့် တရား ရှိခြင်း စသည်တို့ ပြည့်စုံမှသာ ကြီးရင့်ခြင်း အစစ်ဖြစ်သည်ဟု ကျွန်တော်သဘော ပေါက်ထားသည်။
ထို့ကြောင့် အသက် အရွယ်နှင့် လိုက်ဖက်သော အသိတရား မရှိသူများနှင့်တွေ့လျှင် စိတ်အနှောင့် အယှက်ဖြစ်ရသည်။ သူတို့ကို ကြည့်ပြီး သင်ခန်းစာယူရသည်။ သို့သော် အသိ တရားရှိသူများနှင့် ရင်ဆိုင်ရသောအခါ ပီတိဖြစ်ရသည်၊ အတုယူရသည်။
ကျွန်တော်၏ “ဘဝ နေနည်း အနုပညာ” ဟုလည်း ပြောလို့ ရသည်။ လူတစ်ယောက်၏ တန်ဖိုးသည် သူပိုင်ဆိုင်သည့် ကိန်းဂဏန်း မဟုတ်ပေ။ သူပိုင်ဆိုင်သည့် ကိုယ့်ကျင့်တရား ပင်ဖြစ်သည်။ ထိုအခါ ချမ်းသာ၊ ဆင်းရဲ၊ ကြီးသည်၊ ငယ်သည်က အဓိက မဟုတ်တော့ပေ။ အသိတရားနှင့် ရင့်ကျက်မှုကသာ အဓိက ဖြစ်သွားလေ တော့သည်။
ထိုအခါ “ဆရာ မကြီး ကြည်အေး”၏ စကားတစ်ခွန်းကို သတိရသွားမိသည်။ “ဖြောင့်မှန်သူသည် လောကရေးရာတွင် ကျရှုံးနိမ့်တတ်သည်။ သို့သော် တစ်သက်လုံးလိပ်ပြာလုံနေတော့ သည်” ဆိုသော စကားလေးလိုပင် ကျွန်တော် တို့ ဖြောင့်မှန်ဖို့လည်း လိုအပ်သည်။
မကြာခင်က လိုင်းကားပေါ်မှာ မြင် လိုက်ရသော မြင်ကွင်းလေးတစ်ခုဖြစ်၏။ မည်သည့်လိုင်းကားမဆို ကားပေါ်တွင် သံဃာတော်များအတွက် သီးသန့်ထိုင်ခုံ ရှိသဖြင့် ကျွန်တော်က ထိုအစီအစဉ်လေး ကို သဘောကျသည်။ အဘယ်ကြောင့် ဆိုသော် အလုပ်သွားရင်း ကုသိုလ်ယူခွင့် ရသောကြောင့်ဖြစ်သည်။
ထိုနေ့က သံဃာ တော်ထိုင်ခုံတွင် အမျိုးသမီးတစ်ယောက် ထိုင်နေသဖြင့် စပယ်ယာက သံဃာတော် အတွက် နေရာထပေးဖို့ပြောသည်။ ထို အခါ အမျိုးသမီးက “ထိုနေရာရအောင် ပတ်စီးခဲ့ရသောကြောင့် ထမပေးနိုင်”ဟုဆိုလာခဲ့၏။ ထိုအမျိုးသမီးသည် မြန်မာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အံ့ဩစရာ ကောင်းသည်မှာ ထိုအမျိုးသမီး၏ဦးခေါင်း တွင် ဆံပင်ဖြူများရှိနေသည်ကို တွေ့လိုက် ရခြင်းပင်ဖြစ်သည်။ ထို့ပြင် အသက် ကလည်း ရွှေရတုကာလကို စွန်းလောက်ပြီ ဖြစ်၏။
 
ထို့ကြောင့် ကျွန်တော့်ထက် အသက် ကြီးသော်လည်း ထိုအမျိုးသမီးကို ရိုသေ လေးစားဖို့ ကျွန်တော်ဘက်က ဆန္ဒမရှိခြင်း အတွက် နောင်တမရခဲ့ပေ။ နောက်ထပ် အတွေ့အကြုံလေးမှာ ကာလတစ်ခုကဖြစ်သည်။ တစ်ရက် ကျွန်တော်နှင့် ခင်မင်နေသော အမျိုးသမီး ကြီးတစ်ယောက်ထံသို့ လူမှုရေးကိစ္စတစ်ခု အတွက် စာတစ်စောင်ရေးပြီး သူငယ်ချင်း တစ်ယောက်နှင့် ပေးလိုက်၏။ စာကိုလည်း “အစ်မ ခင်ဗျား”ဟု အစချီကာရေးလိုက် သည်။
ထိုနေ့ညနေပိုင်း သူငယ်ချင်း ပြန်ရောက်လာသောအခါ ထိုအမျိုးသမီး က ကျွန်တော့်ကို တော်တော်စိတ်ဆိုးသွား ကြောင်း သိလိုက်ရ၏။ သူစိတ်ဆိုးရသည့် အကြောင်းအရာကလည်း အံ့ဩစရာ ကောင်းလှသည်။ ကျွန်တော်ရေးလိုက် သည့် “အစ်မ ခင်ဗျား”ဆိုသည့် အသုံး အနှုန်းတွင် ကျွန်တော်၏ လက်ရေး မရှင်း လင်းမှုကြောင့် “အရေးစသတ်အစ်”ဆို သည့် အဓိပ္ပာယ်ကို သူက “သဝေထိုး”ဟုသတ်မှတ်ကာ သူ့ကို “အမေ”ဟု သုံးနှုန်း ရမလား၊ သူက အမေခေါ်ရလောက် အောင် အသက်မကြီးသေးကြောင်း၊ ထို့ကြောင့် ကျွန်တော့်ကို စိတ်ဆိုးနေ ကြောင်း သိလိုက်ရခြင်းပင်ဖြစ်သည်။
တကယ်တော့ ကျွန်တော်သူ့ကို “အမေ”ဟု မသုံးနှုန်းခဲ့ပါ။ ကျွန်တော့်၏ လက်ရေးကြောင့် သူက ဘာသာပြန်လွဲ သွားပြီး “အမေ“ ဖြစ်သွားရခြင်းအပေါ် သူ ဘာကြောင့် စိတ်ဆိုးရသနည်း၊ ကျွန်တော် နားမလည်ခဲ့ပါ။ တကယ်လို့ ကျွန်တော်က “အမေ”ဟု သုံးနှုန်းခဲ့သည့်တိုင် မကျေမနပ် ဖြစ်စရာလိုမည်မထင်ပေ။ အသက်]၅၀” ကျော် ဆံပင်ဖြူနေသည့် အမျိုးသမီး တစ်ယောက်သည် “အမေအရွယ်”ဖြစ်နိုင် သောကြောင့်ဖြစ်၏။
ထို့ပြင် “အမေ”ဆိုသည်မှာ အနန္တော အနန္တ ငါးပါးထဲတွင် တစ်ပါးအပါအဝင် ဖြစ်နေသောကြောင့် အမေဖြစ်ရခြင်း အတွက် ကြည်နူးဂုဏ်ယူသင့်သည်။ သားသမီးတွေမည်မျှများများ အားလုံးကို မေတ္တာစေတနာထားပြီး လုပ်ကိုင်ပြုစု လမ်းညွှန်းတည့်မတ် အနစ်နာခံသူမှာ အမေဖြစ်သလို မိသားစုအပေါ် ခွင့်လွှတ် စိတ်နှင့် အကောင်းမြင်သူမှာ “လူကြီး” ဆိုသည့် “အမေ”ပင်ဖြစ်သည်။
တကယ် တော့ “အမေဆိုသည်မှာ အကြင်နာ မေတ္တာများကို ထုတ်လုပ်ပေးသော စက်ရုံတစ်ခုဆိုလျှင် အနစ်နာခံခြင်းနှင့် ပေးဆပ် ခြင်းများက ထိုစက်ရုံ၏ ကုန်ကြမ်းများဖြစ် သည်”ဟု ကျွန်တော်တွေးကြည့်နေမိသည်။ အမေ့မေတ္တာကို လေးစား တန်ဖိုး ထားပြီး အမေ့မေတ္တာနှင့်ပတ်သက်သော ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး ပြိုင်ပွဲများ၊ “အမေ နေ့”အခမ်းအနားလေးများ ကျင်းပနေ သော အခုလိုအချိန်မျိုးတွင် စာလုံးပေါင်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ “အမေ” ဆိုသည့် နေရာရောက်သွားသည့်အတွက် စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာလိုမည်ဟု ကျွန်တော်မထင်ပေ။
အမေဆိုသည်မှာ လူသားတွေအားလုံးအတွက် ကျေးဇူးရှင် များဖြစ်နေသောကြောင့်ဖြစ်သည်။ ဇရာဆိုသည်မှာ မည်သည့်နောက် ဆုံးပေါ် လက်နက်နှင့်မျှ ကာကွယ်လို့ မရ နိုင်ပေ။ မွေးကင်းစကလေးတစ်ယောက် သည်ပင် တစ်ရက်ပြီး၊ တစ်ရက်ဇရာ၏ လွှမ်းမိုးမှုကို ခံရစမြဲသာဖြစ်၏။ ဦးခေါင်း ဖြူဖွေးလာခြင်းသည် ကြီးရင့်ခြင်း အစစ် မဟုတ်၊ မေတ္တာထားခြင်း၊ သစ္စာရှိခြင်း၊ တာဝန်ယူခြင်း၊ နားလည်မှုပေးခြင်း၊ အကောင်းမြင်ခြင်း၊ သီလရှိခြင်း၊ ရင့်ကျက် ခြင်း စသည်ကို ပြည့်စုံမှသာ ကြီးရင့်ခြင်း အစစ်အမှန်ဖြစ်ပေမည်။ ကျွန်တော်တို့ မည်ကဲ့သို့ ဆံပင်ဖြူ ကြမည်နည်း။ စဉ်းစားဖို့ အထူးလိုအပ်လှပေသည်။

မောင်မိုးဦး

News from : အခွင့်အလမ်း
Post by အေးချမ်းမွန်
“လူတို့ ဝန်းကျင်မှာ Grow up ဖြစ်လာ ပေမဲ့ ရင့်ကျက် (Mature) တဲ့ လူကြီး (Adult) မဖြစ်သေးတဲ့ လူတွေ အများကြီးရှိတယ်” ခင်စောတင့် ဆရာမကြီး “ဒေါ်ခင်စောတင့်” ၏ စာအုပ်တစ်အုပ်ထဲမှ ဝါကျလေးတစ် ကြောင်းဖြစ်သည်။ ထိုဝါကျလေးကို အလွတ်ကျက်ထား
ပြီး ကိုယ်တိုင်လည်း လိုက်နာနိုင်အောင်ကြိုးစားသည်။

အခွင့်အလမ်းဂျာနယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis