menu

Monday 1 October 2012

သို့သော် ... ခွဲခွာခဲ့ရပါသည်(ဘာရာဒွါဂျာ (မြန်မာပြည်))

        
 သမီးက လေဆိပ်တွင် ငိုသည်။  မျက်ရည်များက သူမ ပါးပြင်ပေါ်တွင် တလိမ့်လိမ့်။ နှစ်သိမ့်စကားဆိုလိုက်သော်လည်း ရင်ထဲတွင်မူ မချိတင်ကဲ ဖြစ်မိပါသည်။ မငိုပါနဲ့သမီးရယ်ဟု ပြောလိုက်သော စကားသည် ခပ်တိမ်တိမ်။ သမီး ရွေးချယ်လိုက်တဲ့ လမ်းကို ငါ့သမီး ဆုံးအောင် လျှောက်ရမှာပေါ့ .. မဟုတ်ဘူးလား ဟု ဆိုလိုက်သောအခါ ကျွန်မအား လှမ်းကြည့်လိုက်သော အကြည့်ကို ကျွန်မ မဝေခွဲတတ်ပါ။ တောင်းပန်းတိုးလျှိုးသော အကြည့်လား။ အပြစ်တင်ခြင်းအလျင်း မကင်းသော စကားမှန်း ကျွန်မသိပါသည်။ သို့သော် မှန်သောစကားကို ကျွန်မ ဆိုလိုက်ခြင်းဖြင့် သူမ အားတင်းသွားလေမလား၊ သို့တည်းမဟုတ် မခံချင်သော လူငယ်စိတ်ဖြင့် ပြီးဆုံးအောင် ဇွဲတင်းကာ လျှောက်လှမ်းလိုက်လေမလားဆိုသော အတွေးဖြင့် ပြောလိုက်သော ကျွန်မ ရင်မှဖြစ်သည့် ရည်ရွယ်ချက်စကား။ သမီး အိမ်ပြန်ချင်တယ် ဟု စင်ကာပူလေဆိပ်သို့ အရောက်တွင် မုန့်စားရင်း မျက်ရည်စက်လက်ဖြင့် စကားဆိုပြန်သော် .. ကျွန်မရင်ထဲ လှိုက်မောကာ မျက်ရည်များပင် လည်မိပါသည်။  သူမ .. ငါ့သမီး အိမ်နဲ့ဝေးရာကို ထွက်ခွာရသော အကြောင်းရင်းများက ဘာပါလိမ့်ဟု မတွေးချင်ပေမယ့် ဖြတ်ခနဲ အတွေးက ရောက်သည်။


သမီး ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့ကိုသတိရသည်။ ဂုဏ်ထူးဆိုလို့ မူးလို့ ရှုစရာပင်မရှိပါ။ သူ့ကြိုးစားအားထုတ်မှုက နည်းလို့ပေလား၊ မမျှော်လင့်သော ကြေကွဲစရာများက ထိုနှစ်မှာပင် ဖြစ်ခဲ့ပြန်သဖြင့် ထိုကြေကွဲမှု၊ ပူဆွေးမှုများကြောင့်ပေလား။ မသိ။ အောင်စာရင်းက မျှော်လင့်ထားသလို ဖြစ်မလာရှာ။ ဆရာဝန်ဖြစ်ချင်သောသမီးလေးပဲ။  မေမေ .. သမီး သူငယ်ချင်းတွေ နိုင်ငံခြားမှာ ကျောင်းသွားတက်ကုန်ကြပြီ၊ သမီးလည်း သွားချင်တယ်။ ဒီမှာတော့ သမီးဘာမှဖြစ်လာမှာ မဟုတ်ဘူး မေမေ……. ရင်ထဲတွင် မည်မျှလေးလံသွားသည်ကို ပြောပြမတတ်။ သက်မ သက်ပြင်းမှန်သမျှကို ရှိုက်ရင်း … ခေါင်းကို အသာညိတ်ပြလိုက်မိသည်။ နောက် သမီး ဆုံးဖြတ်ပြီးပြီလား ဟု မေးစဉ် မျက်နှာထားလေးက တက်ကြွရွှင်လန်းစွာဖြင့် ဘယ်သူငယ်ချင်းကတော့ဖြင့် ဘယ်နိုင်ငံကိုသွားပြီ မေမေ ဆိုသော စကားသံက တစီစီ။ စဉ်းစားပါဦးလား ဆိုတော့ မေမေထပ်ပြီး အချိန် မဆွဲပါနဲ့တဲ့လေ..။ ထိုစဉ်က သမီးအသက်က ၁၆နှစ်စွန်းစွန်း။

ကျွန်မတို့ငယ်စဉ်က အတွေးမျိုး သူတို့တွင် မရှိပါ။ ကျွန်မတို့တုန်းကတော့ ဆယ်တန်းအောင်လျှင် ကိုယ့်ကျောင်းမှာပင် လုပ်အားပေးလုပ်ကြ၊ အ သုံးလုံး သင်တန်းတွင် လှုပ်ရှားကြ၊ မှတ်မိပါသေးသည်။ ထိုစဉ်က တစ်နိုင်ငံလုံး သန်းခေါင်စာရင်းစစ်တမ်းကောက်ကြချိန်မို့ ထိုလှုပ်ရှားမှုတွင် ပါဝင်ကြသူများကလည်း တက်တက်ကြွကြွပင်။ အမှတ်စာရင်းများထွက်လျှင် တက္ကသိုလ်တက်ဖို့ လှုပ်ရှားကြ။ အသက်မွေးဝမ်းကျောင်းပညာတက်နိုင်က တက်ကြသည်။ ဆရာဝန်ဖြစ်ချင်ကြသည်။ အင်ဂျင်နီယာ ကြီးဖြစ်ချင်ကြသည်။ စာပေးစာယူတက်ကာ ရုံးစာရေးလေးလုပ်ရင်း ဘွဲ့ရ အောင် ကြိုးစားကြသည်။ လက်နှိပ်စက်သင်တန်းကို ဆယ်တန်းအောင်ပြီးလျှင် ယခု ကွန်ပြူတာသင်တန်း တက်သလို မဖြစ်မနေ နီးပါးတက်ကြသည်။ တက္ကသိုလ်ကို အေးအေးဆေးဆေးတက်ပြီး ကျွန်မတို့ ကတော့ ပျော်လိုက်ကြသည်မှာ ယခုထက်ထိ အလွမ်းရယ် မပြေနိုင်ပါ။ ကျွန်မ ဆယ်တန်း အောင်စဉ်က မြန်မာစာအဓိကလျှောက်စဉ်က ဘာကိုများ စဉ်းစားခဲ့ပါသလဲ။ စိတ်ဝင်စားမှု တစ်ခုတည်းကို အခြေခံကာ လျှောက်ခဲ့သည်ပဲ။ ဘွဲ့ရပြီးသည့်နောက်လည်း အိုးမကွာအိမ်မကွာ၊ မျက်စိမငယ် နားမငယ်  တက္ကသိုလ်မှာပင် ဆရာမလုပ်ကာ ပျော်နေခဲ့သည်ပဲ။

ခုတော့ …….. မိဘရင်ခွင်အောက်က ဇွတ်ချည်း ရုန်းထွက်ကာ တိုင်းတစ်ပါးတွင် ပညာသင်ကြ၊ အလုပ်လုပ်ကြနှင့်။ တပည့်တပန်းများသူမို့ တိုင်းတစ်ပါးရောက် တပည့်များ၏ အိမ်ပြန်ချင်သော ဝေဒနာကို ခန့်မှန်းနိုင်ပါသည်။ ပညာတတ်ကြီးဖြစ်လျှင် ပြန်လာမည်ဟူသော ခွဲခွာစဉ်က သူတို့လေးတွေပြောသော စကားများက လုပ်ငန်းခွင် ပါးရှားမှု၊ အလုပ်လုပ်သလောက် အကျိုးခံစားခွင့် နည်းပါးမှု စသည့် ခေါင်းစဉ်များအောက်တွင် မှေးမှိန် ပျောက်ကွယ်သွားပေပြီ။ ဗမာက မြန်မာပြည်တွင်သာ ပျော်သည်ပဲ။ ဗမာက ဗမာ့အစားအစာကိုသာ တမ်းတသည်ပဲ။ ဂျင်းဘောင်းဘီကို ၀တ်ရင်းကပင် ထဘီလေးကို တမ်းတကြမည်။ ဟမ်ဘာဂါကို ကိုက်ရင်း မုန့်ဟင်းခါးပူပူလေးကို မက်မောကြမည်။ အိမ်အပြန် ထမင်းပွဲနှင့် စောင့်ကြိုနေမည့် အမေ့ကိုရော………။ ပြသနာတွေကို လေးလေးနက်နက် စဉ်းစားပေးမည့် အဖေ့ကိုရော …………။

ဘ၀ကို ကျွန်မတို့ခေတ်က ရိုးရိုးလေးဖြတ်သန်းလေ့ရှိကြသည်။ အဖေတစ်ဦးတည်းဝင်ငွေနှင့် မိသားစုသာမက ရပ်ဝေးက ဆွေမျိုးတွေကိုပါ အိမ်ပေါ်တင်၊ ကျောင်းထားနိုင်ကြသည်။ ယခုတော့ ၀င်ငွေနှင့် အသုံးစရိတ်က မမျှ။ ဆရာဝန်ဖြစ်တော့လည်း ဆေးရုံမှာ အလုပ်လုပ်နိုင်ဖို့စောင့်နေသူများက တစ်ပုံတစ်ပင်။ အစိုးရ၀န်ထမ်းလုပ်သည့် လူငယ်ဟူ၍ ကျွန်မ မမြင်သည်မှာ ကြာပင်ကြာလှပြီ။ ပီအိပ်ခ်ျဒီ ဘွဲ့ရ တပည့်များပင် ကျူရှင်ပြရင်း နည်းပြရာထူးကို လျှောက်ရင်း အသက်တွေသာ လွန်ကုန်ကြသည်။ အလုပ်က မရ။ လုပ်ငန်းကြီးတစ်ရပ်ကို မတည်ရင်းနှီးဖို့ကလည်း မလွယ်ကူ။ မောလာသော ရင်ကို အပန်းဖြေစရာကလည်း နတ္ထိ။

သြော် ……… ကျွန်မတို့ခေတ်က ငါးတန်းရောက်မှ အေ၊ ဘီ၊ စီ၊ ဒီ စခဲ့ရသော်လည်း ပျော်ပါသည်။  ကွန်ပြူတာမရှိ၊ တီဗွီမရှိ၊ ရေဒီယိုနှင့်ဇာတ်လမ်းပမာနားဆင်ရင်း မောင်နှမတစ်တွေ ပျော်ခဲ့ကြပါသည်။ အမေ့အိမ်သည် ယိုင်နဲ့နဲ့လေး ဖြစ်ပါစေဦးတော့ ပျော်နေခဲ့ကြသည်ပဲ။ စိတ်ဖိစီးမှုဆိုသော ဝေါဟာရသည် ကျွန်မတို့ အဘိဓါန်တွင် မရှိ၊ စိတ်ဓါတ်ကျသည်ဟူသော စကားလုံးသည် ရောဂါတစ်ခုဖြစ်သည်ဆိုသည်ကိုပင် နားမလည်။ ယခုတော့ သမီးက စိတ်ဓါတ်ကျလို့ ဆေးကုရသည်။ စိတ်ဖိစီးမှုတွေများလို့ ဆရာဝန်ထံသွားရသည်။ သို့သော် ပြန်လာပါတော့ သမီးရယ် ဟုပြောမထွက်။ သူမပြန်လာလျှင် ဘာလုပ်ခိုင်းရမှန်း ကျွန်မပင် မမှန်းဆတတ်ပါ။

တိုးတက်သော ခေတ်ကို ယိုးမယ်မဖွဲ့ချင်ပါ။ လွန်ခဲ့သောနှစ်များက မရွေ့ဘဲ ကျန်ရစ်ခဲ့သော ခြေလှမ်းများကိုလည်း အပြစ်မတင်ချင်တော့ပါ။ သို့သော် ခြေလှမ်းများစရွေ့ပြီ ဆိုလျှင်တော့ တိုင်းတစ်ပါးသို့ ဘာ့ကြောင့်များ ထွက်ခွာကြရလဲ ဆိုသည့် ပြဿနာကိုတော့ ဦးဆုံးစဉ်းစားကြရမည်သာ။

ပြောင်းလဲမှုတွေ စတင်ပြီဟုဆိုလျှင် တစ်ခုသာ ပြောချင်ပါသည်။ လူငယ်လေးတွေ သူတို့အိမ်မှာ လုံခြုံစေချင်ပါသည်။ လူငယ်လေးတွေ သူတို့အိမ်ကို ယုံကြည်မှု ရှိစေချင်ပါသည်။ လူငယ်လေးတွေ ဘ၀ကို သပ်ရပ်စေချင်ပါသည်။ ထိုဆန္ဒသည် မိဘတိုင်း၏ရင်ထဲတွင် ကိန်းအောင်းနေသည်မှာ မလွဲပင်။ မည်သူမျှ အမေ့အိမ်ကို မခွဲခွာချင်ပါ။ သို့သော် ခွဲခွာကြရရှာပါသည်။ နောင်မျိုးဆက်သစ်များ အမေ့အိမ်တွင် နေရင်း ဘ၀ကို ယုံကြည်စိတ်ချမှုအပြည့်နှင့် ကြိုးစားနိုင်လျှင် ………။


Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis