menu

Thursday 18 October 2012

မဟာဗျူဟာဆိုသည်မှာ မကြာခဏ မပြောင်းလဲအပ်သောအရာ( မောင်စံပေါ )




thn-10-17-7
(၁)
အပြောင်းအလဲဆိုတဲ့စကားလုံးကိုကြားရင် အမေရိကန်သမ္မတအိုဘားမားရဲ့မျက်နှာကို ပြေးပြီးမြင်ယောင်ကြမလားပဲ။ အပြောင်းအလဲဆိုတဲ့စကားလုံးကို ရွေးကောက်ပွဲအောင်နိုင်ရေးလက်နက်အဖြစ်သုံးပြီး အနိုင်ရခဲ့တာကလား။ အမေရိကန် သမိုင်းမှာ စာမျက်နှာအသစ်တောင်ရေးနိုင်ခဲ့တာဗျာ။
(၂)
အပြောင်းအလဲဆိုတာ လိုအပ်တဲ့အရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြောင်းကျိုးခိုင်လုံမှုနဲ့ သေချာကျန စဉ်းစားမှုရှိရပါမယ်။ လေးနက်မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာသုံးသပ်ဖို့လည်း အရေးကြီးပါတယ်။
ဆုံးရှုံးမှုတွေက ပြောင်းလဲဖို့ မလိုအပ်တဲ့အရာတွေကို ပြောင်းလဲပစ်ဖို့ သွေးဆောင်မယ်။ အောင်မြင်မှုတွေက ချောက်ကမ်းပါးနားရောက်နေတဲ့အခြေအနေကို မေ့လျော့စေပြီး လတ်တလောရလဒ်မှာသာယာစေမယ်။

(၃)
မဟာဗျူဟာအမှားတွေကို တစ်ချိန်လုံးအပြစ်တင်ပြီး မကြာခဏအပြောင်းအလဲလုပ်နေတတ်သူဟာ မဟာဗျူဟာဆိုတာ ဘာလဲ သဘောမပေါက်သူပါ။ မဟာဗျူဟာမရှိသူပါ။
(၄)
ပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုက သိသာထင်ရှားလာရင်တော့ ကိုယ့်ရဲ့အခြေခံတွေကို ပြောင်းလဲဖို့စဉ်းစားရတော့မှာပါ။ ပြုပြင်ပြောင်းလဲလွယ်မှုနဲ့ ပြတ်သားခိုင်မာမှုရဲ့ကြားမှာ ပါးနပ်လိမ္မာစွာ လျောက်လှမ်းရမယ်။ ကိုယ့်ရဲ့မဟာဗျူဟာမှာ ယုံကြည်မှုရှိရမယ်။ ဒီမဟာဗျူဟာကို ဖော်ဆောင် ဖို့ သတ္တိရှိရမယ်။ အပြောင်းအလဲတစ်ခုလုပ်ဖို့ လိုအပ်လာပြီဆိုတာကို မှန်ကန်စွာသတိမူနိုင်ဖို့အတွက် လုံလောက်တဲ့ လွတ်လပ်ပွင့်လင်းအနှောင်အဖွဲ့ကင်းတဲ့စိတ်ရှိရပါမယ်။
(၅)
အပြောင်းအလဲတစ်ခုလုပ်ဖို့ သေသေချာချာစဉ်းစားပြီးရင်တော့ ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အောင်မြင်မှုတွေကို ရှုံးနိမ့်မှုနီးပါးခွဲခြမ်းစိတ်ဖြာလက်ခံတတ်ကြတယ်။ အရာအားလုံးဟာ ပြေပြစ်ချောမောနေပြီဆိုရင် သတိထားပြီး မေးခွန်းထုတ်ဖို့အရေးကြီးလာပြီဖြစ် ပါတယ်။ ယုံကြည်မှုလွန်ကဲခြင်းဟာ အရာခပ်သိမ်းပြေပြစ်ချောမွေ့နေတယ်လို့ ခံစားရတဲ့အမှားတစ်ခုဆီကို ဦးတည်စေတယ်။
(၆)
ကားပေါ့နဲ့ ကာစပါးရော့ရဲ့ ကမ္ဘာ့စစ်တုရင်ချန်ပီယံသရဖူလုပွဲတွေဟာ ကမ္ဘာ့စစ်တုရင်သမိုင်းမှာ ထင်ရှား တဲ့မှတ်တိုင်တွေဖြစ်ပါတယ်။ သူတို့နှစ်ယောက် ပထမဦးဆုံးသရဖူလုတဲ့ပွဲကတော့ အဖြေမထွက်ခဲ့ပါဘူး။ ပထမဦးဆုံး ၆ ပွဲနိုင်သူ သရဖူယူစေဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကစားခဲ့ကြရာမှာ ပွဲကာလတာရှည်ခဲ့ပြီး ကားပေါ့က ငါးပွဲနိုင်၊ ကာစပါး ရော့က သုံးပွဲနိုင်နဲ့ စုစုပေါင်း ၄၈ ပွဲကစားအပြီးမှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဖလော်ရင်စီယိုကင်ပိုမေးနီးက ပွဲကိုပယ်ဖျက်ခဲ့ပါတယ်။ အဲဒီပွဲမှာ ကားပေါ့က တောက်လျောက်နိုင်ခဲ့ပြီး ဦးဆောင်နေခဲ့တာ။ အနိုင်ရဖို့ လက်တစ်ကမ်းအလိုဖြစ်တဲ့ ၅ ပွဲနိုင် အခြေအနေရောက်ပြီးမှ ကာစပါးရော့က နောက်ကလိုက်ရတာ။ ဒီပွဲက ကာစပါးရော့က သင်ခန်းစာတွေ အများကြီးပေးခဲ့တယ်။
၁၉၈၅ ခုနှစ်မှာ ကမ္ဘာ့စစ်တုရင် ချန်ပီယံသရဖူလုပွဲတစ်ရပ်ကို ပယ်ဖျက်ခဲ့တဲ့ပွဲအပြီးမှာ ခဏအနားပေးပြီး ဆက်ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ စည်းကမ်းအသစ်နဲ့ဖြစ်ပြီး စုစုပေါင်း ၂၄ ပွဲကစားရမှာဖြစ်တယ်။ လက်ရှိချန်ပီယံ ကားပေါ့အတွက် ၁၂ မှတ်ရဖို့လိုပြီး ကာစပါးရော့ကတော့ ၁၂ မှတ်ခွဲရမှ ချန်ပီယံဖြစ်မှာပါ။ ဆိုလိုတာက စိန်ခေါ်သူဟာ ကမ္ဘာ့ချန် ပီယံသရဖူရဖို့ လက်ရှိချန်ပီယံထက်သာကြောင်း ပြနိုင်ရမှာဖြစ်ပါတယ်။
အဲဒီပွဲကြီးမှာ ပြတ်သားတဲ့အဖြေမထွက်ဘဲ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပွဲစဉ်အမှတ် ၁၄ ကိုရောက်လာပါတယ်။ စိန်ခေါ်သူကာစပါးရော့က ၁၂  မှတ်ရနေတာဖြစ်ပြီး ကားပေါ့ ကို တစ်မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ ကာစပါးရော့အတွက် နောက်ဆုံးပွဲသရေကျရင်ကို ၁၂ မှတ်ခွဲနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်မှာ။ ကားပေါ့မှာလည်း အခွင့်အရေးရှိနေသေးတာက နိုင်လိုက်ရင် ၁၂ မှတ်ရပြီး ကမ္ဘာ့ချန်ပီယံအဖြစ် နောက်သုံးနှစ်ရပ်တည်ခွင့် ရမှာဖြစ်တယ်။
နောက်ဆုံးပွဲမှာ ကားပေါ့က အဖြူရုပ်ကိုင်ပြီး ကစားရပါတယ်။ အဖြူသမားက ပထမဦးဆုံးရွှေ့ကွက်ကို ရွှေ့ရတဲ့သူဖြစ်တဲ့အတွက် ကိုယ့်စိတ်ကြိုက်အဖွင့်ပိုင်းနည်းစနစ်ကို ရွေးချယ်ကစားနိုင်တာကြောင့် နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။
ပွဲစကတည်းက ကားပေါ့ဟာ တရစပ်ထိုးစစ်ဆင်တယ်။ ကာစပါးရော့ရဲ့ဘုရင်ကို ကားပေါ့တိုက်နေတဲ့ တိုက်စစ်က ကြောက်ခမန်းလိလိပါ ပဲ။ ကစားရင်းနဲ့ အရေးပါတဲ့အခြေ အနေအပြောင်းအလဲတစ်ခုကိုရောက်လာပါတယ်။ ကားပေါ့အတွက်ရွေးရမယ့် လမ်းနှစ်သွယ်ရှိခဲ့တယ်။ နယ်တွေကိုတွန်းမလား။ တခြားတည်ဆောက်မှုတွေလုပ်မလား။ ကားပေါ့က နယ်တွေကိုတွန်းပြီး ထိုးစစ်ဆင်ခဲ့တယ်။ အဲဒီမှာတင် ကားပေါ့ရဲ့ အခွင့်အရေးတွေ ပျောက်ဆုံးသွားခဲ့တာပါ။ ကားပေါ့ခမျာလည်း ခြေဖျားလက်ဖျားတွေအေးပြီး ဆက်ကစားရတာပေါ့ဗျာ။
ကာစပါးရော့အတွက်လည်း ရွေးရမယ့်လမ်းဆုံမှာ ရောက်ခဲ့တဲ့အချိန်ပါ။ တန်ပြန်ထိုးစစ်ဆင်မလား။ ခံစစ်ဆက်ကစားမလား။ တစ်ဖက်ကနေကြောက်ခမန်းလိလိ တိုက်စစ်ဆင်နေသူက ''ကမ္ဘာ့ချန်ပီယံ''၊ ကာစပါးရော့တစ်ယောက် သေသေချာချာစဉ်းစား ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ရဲရဲရင့်ရင့်အပြောင်းအလဲလုပ်ဆောင် အကောင်အထည်ဖော်ခဲ့တယ်။ ခံစစ်ကနေတန်ပြန်ထိုး စစ်ပြောင်းခဲ့တယ်။ ရလဒ်ကအနိုင်။
(၁၃)ရက်မှာ မွေးတဲ့ကာစပါးရော့ (၁၃)မှတ်ရပြီး (၁၃)ယောက်မြောက် ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပါတယ်။
(၇)
ကိုယ့်ရဲ့မူလအစီအစဉ်တွေမှာ ယုံကြည်မှုကင်းမဲ့ပြီး မလိုအပ်ဘဲ ပြောင်းလဲမှုလုပ်ခဲ့တဲ့ ကားပေါ့အတွက် ကမ္ဘာ့စစ်တုရင်ချန်ပီယံသရဖူ လက်လွတ်ခဲ့ရတဲ့ဆုံးရှုံးမှုကြီးဟာ အင်မတန်မှ အဖိုးမဖြတ်နိုင်သောအရာ ဖြစ်ခဲ့ရပါတယ်။ တည်ငြိမ်အေးဆေးတဲ့ အနေအထား ပါရဂူကားပေါ့တစ်ယောက် ကိုယ်နဲ့မလိုက်ဖက်တဲ့ အဖွင့်ပိုင်းစနစ်နဲ့ ရှုပ်ထွေးတဲ့ကစားပွဲ ရွေးချယ်ခဲ့တဲ့အမှားရဲ့ နောက်ဆက်တွဲဆုလာဘ်ကို မလိုချင်ပေမယ့် ရှောင်လွှဲမရဘဲ ခံစားခဲ့ရတယ်။
အဲဒီကမ္ဘာ့စစ်တုရင်ချန်ပီယံ သရဖူလုပွဲကြီးအပြီးမှာ ကိုယ့်ရဲ့အမှား ကို လက်ခံသဘောပေါက်နားလည်ပြီး အပြောင်းအလဲလုပ်ခဲ့တဲ့ ကားပေါ့တစ်ယောက် နောက်ပိုင်းကစားပွဲတွေမှာ အဖြူရုပ်ကိုင်ရတိုင်း ဘုရင်နယ်အဖွင့်စနစ်ကို လုံးဝမသုံးတော့သလောက်ဖြစ်ခဲ့ပြီး သူ့ရဲ့အနေအထား အဓိကကစားပုံနဲ့ ပိုလိုက်လျောညီထွေရှိတဲ့ အဖွင့်ပိုင်းစနစ်တွေ အများဆုံးအသုံးပြုခဲ့တယ်။
အပြောင်းအလဲလုပ်ရမှာကို မှန်ကန်စွာသဘောပေါက်လက်ခံခဲ့ပြီး လေးနက်စွာစဉ်းစား၊ ပြတ်သားစွာဆုံးဖြတ်၊ ရဲရဲရင့်ရင့် အကောင်အထည်ဖော်ခဲ့တဲ့ ကားပေါ့တစ်ယောက် ကမ္ဘာ့စစ်တုရင်လောကမှာ နှစ်ပေါင်းများစွာကြာအောင် ထိပ်တန်းမှာ နေရာယူသွားခဲ့ပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis