menu

Thursday 18 October 2012

ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့်မိတ္ထီလာနယ်မြေများ၌ မြှုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစားလေယာဉ်အစီး ၆၀ အား ပြန်လည်ရှာဖွေတူးဖော်မည်

  ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလ
ာနယ်မြေများ၌ မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေတူးဖော်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယင်းသို့ ပြန်လည်ရှာဖွေတူးဖော်နိုင်ရန် အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက်နှင့် ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ Mr. David J Cundall တို့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် လေယာဉ်၊ လေယာဉ်နှင့်ဆက်စပ်သည့် ပစ္စည်းကိရိယာတန်ဆာပလာများ ပြန်လည်တူးဖော်၍ ပြုပြင်တပ်ဆင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယကမ္ဘာစစ်ကာလဖြစ်သည့် ၁၉၃၅ မှ ၁၉၄၅ အတွင်း မဟာမိတ်တပ်ဖွဲ့များ မြန်မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာစဉ်က မြန်မာနိုင်ငံနေရာဒေသအများအပြားတွင် စစ်အရံပစ္စည်းများဖြစ်သည့် လေယာဉ်များအပါအ၀င် ယင်းနှင့် ဆက်စပ်ပစ္စည်းများကို မြုပ်နှံခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်းက မြုပ်နှံခဲ့သည့် လေယာဉ်များအနက် မြစ်ကြီးနားဒေသတွင် ၁၈ စီး၊ မင်္ဂလာဒုံနယ်မြေတွင် ၃၆ စီး၊ မိတ္ထီလာနယ်မြေ(သဲတော)တွင် ခြောက်စီး လေယာဉ်စုစုပေါင်း ၆၀ စီးအား ရှာဖွေတွေ့ရှိမည်ဟု ယုံကြည်သဖြင့် အမေရိကန်နိုင်ငံမှ (TSI) နှင့် မြန်မာနိုင်ငံမှ ရွှေတောင်ပေါ်ကုမ္ပဏီတို့ ပူးပေါင်း၍ နစ်မြုပ်နေသော လေယာဉ်များအား ပြန်လည်တူးဖော်ရှာဖွေခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှတစ်ဆင့် အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတူးဖော်ရန် သဘောတူစာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်းဆောင်ရွက်မှုကာလ ၂နှစ် သတ်မှတ်ဆောင်ရွက်ရန် သတ်မှတ်ထားပြီး၊ ပိုင်ဆိုင်မှုခွဲဝေခြင်း အချိုးအနေဖြင့် မြန်မာနိုင်ငံအစိုးရမှ ၅၀ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ ၃၀ရာခိုင်နှုန်း နှင့် ရွှေတောင်ပေါ်ကုမ္ပဏီမှ ၂၀ရာခိုင်နှုန်းခွဲဝေယူရန် သဘောတူထားကြောင်း သိရသည်။

ယင်းကဲ့သို့ သဘောတူထားသော်လည်း တူးဖော်ရာတွင် အခြားသောပစ္စည်း(သို့)ဆက်စပ် အသုံးဆောင်ပစ္စည်း၊ လေယာဉ်နှင့် မသက်ဆိုင်သော ပစ္စည်းများ တူးဖော်တွေ့ရှိပါက နိုင်ငံတော်အစိုးရ၏ ပိုင်ဆိုင်မှုသာဖြစ်စေရန်နှင့် ၁၉၅၇ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေအရ လိုက်နာဆောင်ရွက်ရန် သဘောတူထားကြောင်းလည်း သိရှိရပါသည်။

''လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တူးဖော်တဲ့အခါ လေယာဉ်တွေ တွေ့ရှိလာခဲ့ရင် ပိုင်ဆိုင်မှုခွဲဝေခြင်းနဲ့ မသက်ဆိုင်ရဘဲ လေယာဉ် ၁ စီးကို နိုင်ငံတော်အစိုးရကို သီးခြားပေးလှူရမှာဖြစ်ပြီး ကျန် တဲ့ လေယာဉ်အရေအတွက်ပေါ်မှာသာ ပိုင်ဆိုင်မှုခွဲဝေဖို့ သဘောတူထားပြီး ဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ယင်းသို့ လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတူးဖော်ရခြင်းနှင့် ပတ်သက်၍ ရွှေတောင်ပေါ်ကုမ္ပဏီလီမီတက်မှ ဦးထူးထူးဇော်က''ဒုတိကကမ္ဘာစစ်အတွင်းက လေယာဉ်တွေဖြစ်တဲ့အတွက် ပြန်ပြီးတူးဖော်တွေ့ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဗြိတိန်နိုင်ငံက ပြည်သူ ပြည်သားတွေတင်မကဘဲ ကမ္ဘာပေါ်မှာ ရှိတဲ့ ပြည်သူပြည်သားတွေ အားလုံး ကြည့်ရှုနိုင်ဖို့အတွက် ပြန်လည်ရှာဖွေတူးဖော်ဖို့ စီစဉ်ခဲ့တာပါ'' ဟု အောက်တိုဘာလ ၁၇ရက်နေ့က ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို ပြန်လည်တူးဖော် ရှာဖွေနိုင်ရန် ၂၀၀၀ပြည့်နှစ်၌ အစ္စရေးနိုင်ငံမှလည်းကောင်း၊ ၂၀၀၄ခုနှစ်တွင် စင်ကာပူနိုင်ငံမှလည်းကောင်း မြန်မာနိုင်ငံအစိုးရနှင့် လုပ်ငန်းစာချုပ်များချုပ်ဆိုကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပိုင်နယ်မြေအတွင်းနှင့် အနီးဝန်းကျင်တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ကျွမ်းကျင်မှုနှင့် နည်းပညာလိုအပ်ချက်များအရ သံထည်ပစ္စည်းအချို့ ရှာဖွေတွေ့ရှိခဲ့သည်မှလွဲ၍ လေယာဉ်နှင့်သက်ဆိုင်သည့် ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်း မရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis