menu

Thursday 13 September 2012

အိမ်ဘေးက မိုးနှံခြုံကလေး( ဒေါက်တာဇော်မြင့်နီ )

လယ်ယာမြေ၀န်းကျင်သည် မျှော်ကြည့်လျှင် လွင်တီးခေါင် မဟုတ်ဘဲ သစ်ပင်ခြုံပင်များဖြင့် စိမ်းစိုနေတတ်သည်။ သူတို့ကို အမှီပြုပြီး သဘာဝပိုးမွှားထိန်းချုပ်မှုကို ရရှိစေသည်။ ပိုးမွှားတွေ၊ ကျေးငှက်တွေ နားနေခိုလှုံနိုင်သည်။ ပြီးတော့ ရေကို ထိန်းသိမ်းပေးသည်။ သီးနှံတွေကို လေဒဏ်မှ ကာကွယ်ပေးပြီး လှပသည့် ရှုမျော်ခင်းများကို ဖြစ်စေသည်ဟု ဆိုသည်  .. . .

မိုးနှံခြုံကလေးကို စာတစ်စောင် ပေတစ်ဖွဲ့ ရေးရမည်ဟု မတွေးဖြစ်ခဲ့ပါ။ ခုတော့ ရေးစရာအကြောင်း လေးတွေရှိလာပြီ။မိုးနှံခြုံကလေးကို စာတစ်စောင် ပေတစ်ဖွဲ့ ရေးရမည်ဟု မတွေးဖြစ်ခဲ့ပါ။ ခုတော့ ရေးစရာအကြောင်း လေးတွေရှိလာပြီ။
မိမိတို့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးနှံခြုံဆိုလျင် လူတိုင်း ရင်းနှီးသည်။ မိမိငယ်ငယ် ကလေးဘ၀ကတည်းက မိုးနှံရွက်ကလေးတွေရဲ့ ဖက်ဖူးရောင်စိမ်းဝါနုလေးတွေကို နှစ်သက်ခဲ့သည်။ မိုးနှံခြုံကလေးတွေကို ဟိုမှာသည်မှာ အလွယ် တကူ တွေ့နိုင်သည်။ ရွာစည်းရိုးဘေးမှာ၊ လှည်းလမ်းဘေးမှာ၊ ယာဘေးမှာ၊ အိမ်ဘေးမှာ တွေ့ရတတ်သည်။ မိမိတို့ဒေသမှာ မိုးနှံဖူး၊ မိုးနှံရွက်နုလေးများကို တို့စား၊ သုပ်စားလေ့ရှိသည်။ ရင်တွင်းအေးစေသည်တဲ့။ နွေရာသီ အပူအားကြီးချိန်၊ ကလေး တွေအပူဖုများ မပေါက်စေရန် မိုးနှံရွက်နုပြုတ်တိုက်ရသည်ဟု ကြားဖူးသည်။
မိုးနှံသီးဖြူဖြူလေးတွေကို စားလျှင် ကျောက်မပေါက်နိုင်ဟု ကျေးလက်မှ ဦးကြီးများက ယုံကြည်ခဲ့ကြသည်။ မိမိက ချစ်စနိုးဖြင့် 'မန်းကြီး'ဟု ခေါ်သည့် မန်းတင့်မော်၏ ကဗျာလေးတစ်ပုဒ်ကို သတိရမိသည်။ ချင်းတွင်းမဂ္ဂဇင်းတွင် ပါဝင်ခဲ့သည့် မိုးနှံကဗျာကလေး ဖြစ်ပါသည်။
'အိမ်ထမင်းပွဲ
လက်ဆုံနွှဲ
ယှဉ်တွဲ တူပြိုင် မြိုင်သလေ့။
မိုးနှံဖူးသုပ်
ပဲနီပြုတ်
အဟုတ်တင်းတိမ် မြိန်သလေ့ . . .'တဲ့။
မန်းကြီးက ဒီမိုးနှံကဗျာကလေးကို မိမိတို့ အိမ်အရှေ့ဘက်ရှိ မိုးနှံခြုံကလေးကို ကြည့်ပြီး စပ်ပုံရသည်။ မုံရွာတက္ကသိုလ်အတွင်း မိမိနေခွင့်ရသည့် အိမ်နှင့် မန်းကြီးတို့ အိမ်အကြားမှာ ကျယ်ဝန်းလှသည့် ယာမြေကွက်ကြီးရှိသည်။ မန်း ကြီး၏ အိမ်အနောက်ဘက်မှ မိမိအိမ်ဘက်သို့ မျှော်ကြည့်လျှင် မိုးနှံခြုံကလေးကို တွေ့ရမှာဖြစ်သည်။ မန်းကြီးသည်ဝေးဝေးမှ မျှော်ကြည့်ရင်း၊ သူ့ဇနီးသုပ်ကျွေးသည့် မိုးနှံဖူးကိုစားရင်း မိုးနှံကဗျာလေး ရသွားပုံရသည်။
အဲဒီမိုးနှံခြုံကလေးသည် မိမိတို့ မီးဖိုချောင်နှင့် ၀ါးတစ်ပြန်ကျော်ကျော်ကလေးသာ ဝေးသည်။ မျက်နှာသစ်ရင်း၊ ရေနွေးကြမ်းသောက်ရင်း နံနက်နေရောင်အောက်မှာ လှနေသည့် မိုးနှံခြုံကလေးကို စောင့်ကြည့်ဖြစ်ခဲ့သည်။ နွေရောက်လျှင် 'မိုးနှံခြုံစပ်၊ ဆူးတွေကပ်၊ ဖူးသစ်ထပ်လို့ စိမ်းတတ်သည့်' မိုးနှံခြုံကလေးပင်တည်း။ မိုးနှံခြုံကလေးကို အမှတ်မထင် သတိထားမိရင်း နွေ၊ မိုး၊ ဆောင်း သုံးရာသီ ကျော်လွန်သွားခဲ့သည်။ အချိန်ကပြောသော ပုံပြင်ဟု ဆိုရမည်။ သည်မိုးနှံခြုံကလေးသည် ယာဘေး၊ အိမ်ဘေးမှ သာမန်ခြုံပုတ်ကလေးတစ်ခုဟု ထင်ထားခဲ့သည်မှာ တက်တက်စင်အောင် လွဲခဲ့ပြီ။ သည်ခြုံပုတ်ကလေးကို အမှီပြု၍ အသက်ရှင်နေထိုင်ကြရသော သက်ရှိတွေမှာ အများကြီးပင် ဖြစ်သည်။
ပြွတ်ငှက်ကလေးတွေ မိုးနှံခြုံမှာတွေ့ရတာ မထူးဆန်းပါ။ ဆက်ရက်ငှက်ကလေးတွေ၊ စာကလေးတွေလည်း နားလိုက်၊ ပျံလိုက်ပေါ့။ တစ်နေ့တော့ အမည်မသိသော ငှက်တစ်ကောင်ကို သည်မိုးနှံခြုံမှာ တွေ့လိုက်ရသည်။ ငှက်ကတစ်ကောင်တည်းပါ။ တစ်ကောင်တည်းဖြစ်ပေမယ့် အရောင်ကနှစ်ရောင်စပ်။ ရွှေအိုရောင်လည်း ပါရဲ့။ အနက်ရောင်လည်း ပါရဲ့။ အရွယ်က ခိုထက်ကြီးသည်။ အလျားလည်း ရှည်သည်။
ခုလို ၀ါဆို၊ ၀ါခေါင်မှာတော့ မောင်မင်းကြီးသားငှက်ကလေးက ဘာလုပ်နေမည်ထင်ပါသလဲ။ မနက်စောစော အလုပ်ရှုပ်နေတာ တွေ့ရတော့ စောင့်ကြည့်ရပြန်သည်။ မိုးနှံခြုံသို့ ပြန်လာလိုက်၊ ယာမြေကွက်ဆီ ပြန်သွားလိုက်၊ ခေါက်တုံ့ခေါက်ပြန်။ သေချာစောင့်ကြည့်တော့မှ ငှက်ငယ်က အသိုက်ဖွဲ့ဖို့ မြက်ခြောက်၊ သစ်ခြောက်ကောက်နေတာ သိရသည်။
ငှက်ကလေးက တစ်ကောင်တည်းလား၊ သူ့အသိုက်မှာ သူ့အဖော် ရောက်လာဦးမှာလား၊ ဥတွေ အုဦးမှာလား၊ သားတွေဖောက်ဦးမှာလား၊ သည်ငှက်ကလေးက ဘာငှက်လဲ စသည်ဖြင့် ကိုယ့်အတွေးနှင့် ကိုယ်တွေးမိ၊ မေးမိနေခဲ့သည်။ မိတ်ဆွေ 'မန်းကြီး'က သတ္တဗေဒ ပါမောက္ခကြီးဖြစ်သည်။ သူ့ကိုမေးကြည့်တော့မှ အံ့သြသွားသည်။'ဘုတ်ငှက်ကွ ဇော်ကြီးရ' တဲ့။
ဖြစ်မှဖြစ်ရလေ။ နာမည်ရင်းနှီးပြီး နာမည်နှင့် ငှက်မတွဲဖြစ်မိတဲ့ အဖြစ်။ ဘုတ်..တဲ့။ ဘုတ်နှင့်ပတ် သက်သော ကဗျာလေးတွေကိုတော့ မြန်မာဂန္တ၀င်ကဗျာတွေမှာ ရင်းနှီးခဲ့ဖူးသည်။ တောနှင့်တောင်ကို လွမ်းအောင်ဖန်တတ်သူ ဘုတ်ငှက်လေးတွေမို့ စာဆိုတော်တွေကလည်း သူတို့နှလုံးသားထဲမှာ နေရာပေးခဲ့ပုံရသည်။
'မလွမ်းသင့်သော်ကော
ခွန်းဆင့်ကယ် ညည်းကာ
ညည့်ဆည်းဆာမှာ
ရွှေဘုတ်ဝါ ပင်ညိုငြိမ့်ငယ်က
နေနိမ့်လို့ သူအီ
သီကရီလှမ်းပါရတယ်လေး'
ရွှေဘိုမြောက်လက်မှ ကျေးလက်စာဆိုတော် ဦးကြီး (၁၂၀၀ ခန့် -၁၂၆၀ခန့်) ၏ လေးချိုး၊ ဒွေးချိုးကဗျာများတွင် နေ၀င်ခါနီး လွမ်းအောင်အီတတ်သော ရွှေဘုတ်ဝါအကြောင်း တွေ့ရသည်။ ခုလိုဝါဆို၊ ၀ါခေါင်ခတ္တာပန်းပွင့်ချိန်တွင် ကောက် စိုက်မလေးများ နေမ၀င်ခင်ရွာအချိန် မီဝင်နိုင်ရန် ကသီကရီ ပြန်လာရသည့်ကြားထဲ ဘုတ်ငှက်ကလေးတွေက 'အိုးအီ၊ အိုးအီ'နှင့် ခွန်းဆင့်ကာ သီနေပါပြီကော။ ဘုတ်အီသံက လွမ်းစရာကောင်းဆဲ၊ ချိုးကူသံတွေက မိုးနှံခြုံဆီမှ ပျံ့လွင့်လာပြန်သည်။ လေပြည်လေအေး၊ နေခြည်နွေးနွေးနှင့် ချိုးကူသံလေးများသည် ချမ်းမြေ့သာယာဖွယ် သဘာဝအခင်းအကျင်းပင် ဖြစ်နေပါသည်။
မိုးနှံခြုံနှင့် ခပ်လှမ်းလှမ်းရှိ ဆူးဖြူပင်၊ ထနောင်းပင်အုပ်အုပ်မှာတော့ ဗျိုင်းတွေ တွေ့ရသည်။ ညနေ ညိုပြီဆိုလျင် အိပ်တန်းဝင် ဗျိုင်းငှက်တို့၏ အသံတွေက ကျိုးကျိုးကျွက်ကျွက် ညံနေလေ့ရှိသည်။ ကျွဲကျောင်းဗျိုင်းတွေကိုတော့ လွှတ် ကျောင်းထားသည့် နွားတွေအနီးမှာ တွေ့ရတတ်သည်။

လယ်ယာမြေ၀န်းကျင်သည် မျှော်ကြည့်လျှင် လွင်တီးခေါင် မဟုတ်ဘဲ သစ်ပင်ခြုံပင်များဖြင့် စိမ်းစိုနေတတ်သည်။ သူတို့ကို အမှီပြုပြီး သဘာဝပိုးမွှားထိန်းချုပ်မှုကို ရရှိစေသည်။ ပိုးမွှားတွေ၊ ကျေးငှက်တွေ နားနေခိုလှုံနိုင်သည်။ ပြီးတော့ ရေကို ထိန်းသိမ်းပေးသည်။ သီးနှံတွေကို လေဒဏ်မှ ကာကွယ်ပေးပြီး လှပသည့် ရှုမျော်ခင်းများကို ဖြစ်စေသည်ဟု ဆိုသည်  .. . .
လှပထူးခြားပြီး တစ်ခါတစ်ရံသာ တွေ့ရတတ်သည့် ငှက်ကလေးမှာမူ အမောက်ပါရှိပြီး ပန်းရောင်ဖန့်ဖန့် ဖြစ်သည်။ နှုတ်သီးမှာရှည်ပြီး အဖျားပိုင်းတွင် ခပ်ကွေးကွေးဖြစ်နေသည်။ တောင်ပီစူးဟူသတတ်။ ဘီးတောင်ပိုဟုလည်း ခေါ်သေးသတဲ့။     မိုးနှံခြုံကလေးကအစ မုံရွာတက္ကသိုလ်ဝင်းထဲမှာ ငှက်မျိုးစိတ်ပေါင်း (၆၀)ကျော် မှီခိုကျက်စားနေကြကြောင်း သုတေသနမှတ်တမ်းများအရ သိရသည်။ သိန်း၊ စွေ့၊ နဖား ကြူး၊ ရေငုံးအမျိုးမျိုး၊ တင်ကျီး၊ တောင်ပီစူး၊ ဇီးကွက်တို့သည် ဥပဒေဖြင့် ကာကွယ်ထားသော ငှက်များဖြစ်သည်ဟု ဆိုသည်။ ရွှေပြည်စိုး၊ ချိုး၊ ချိုးနီပု၊ ချိုးလင်းပြာ၊ ချိုး လည်ပြောက်၊ သပိတ်လွယ်၊ ဥသြနှင့် ငှက်တော်စသည့်ငှက်များမှာ ရာသီအလိုက် ကာကွယ်ထားသောငှက်များဟု သတ္တဗေဒဌာနမှ ဆရာမတစ်ဦးက ရှင်းပြဖူးသည်။
သည်ငှက်ကလေးတွေက အသီးအစေ့စားသူက စားသည်။ ပိုးမွှားစားသူက စားသည်။ တွားသွား အကောင်ငယ်လေးများကို စားသူက စားသည်။ ဆူးခြုံတောမှာ နေသူကနေသည်။ ကွင်းပြင်မြက်ခင်းစပ်မှာ ကျက်စားသူက ကျက်စားသည်။ တမာပင်၊ ထနောင်းပင်နှင့် ဆူးဖြူပင်မှာ ခိုသူက ခိုသည်။
သည်ငှက်ကလေးတွေက လှပမှု၊ ကြည်နူးမှုနှင့် ဆန်းကြယ်မှုများကို ဖြစ်စေသည်။ သစ်ပင်၊ ခြုံပင် မျိုးဆက်ပြန့်ပွားမှုကို ဖြစ်စေသည်။ ပန်းတွေကို ပွင့်စေသည်။ ၀တ်မှုန်တွေ ကူးစေသည်။ ငှက်ကလေးများ၏ ကျေးဇူးကြောင့်ထင်သည်။ မုံရွာ တက္ကသိုလ်ပရ၀ုဏ်မှာ အလေ့ကျသစ်ပင်တွေ များလှသည်။ တမာ၊ ထနောင်း၊ ဆူးဖြူနှင့် အဝေရာပင်တို့က နေရာအနှံ့ စိမ်းလန်းနေကြ သည်။ နောင်နှစ်များကြာလျှင် မုံရွာတက္ကသိုလ်သည် သစ်ပင်များပြားကြီးမားမှုကြောင့် နာမည်ကြီးလာနိုင် သည်ဟု တွေးမိသည်။ ဤသို့ ဂန္တ၀င်မြောက် သစ်ပင်၊ သစ်တောများ ဖြစ်ထွန်းမှုတွင် မိုးနှံခြုံကဲ့သို့ ခြုံကလေးများက အခြေခံဖြစ်ကြောင်း သတိထားသင့်လှပေသည်။
ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာသဖြင့် အထူးသတိပေးလိုသည်။ လယ်ယာမြေဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုးရေးများ  ပြုလုပ်နေသည့် ယခုအချိန်အခါတွင် လယ်ယာမြေ၀န်းကျင်ရှိ သစ်ပင်ခြုံပင်များကို စနစ်တကျ ကာကွယ်စောင့် ရှောက်ရေးပင်ဖြစ်သည်။ မြန်မာ့လယ်ယာမြေ၀န်းကျင်မှာ သစ်ပင်နှင့်ခြုံနှင့်၊ အင်းနှင့် အိုင်နှင့် ဖြစ်သည်။ ထိုသစ်ပင်ခြုံပင်များသည် ယာသမား၊ လယ်သမားတို့ဘ၀နှင့် ထွေးရောယှက်တင်ဖြစ်နေကြသည်။ ထိုထိုအပင်တို့သည် လယ်ယာလုပ် ငန်းခွင်တစ်လျှောက်လုံး လယ်သမားတို့၏ ကွန်းခိုမှေးစက်ရာဖြစ်သည်။
လယ်ယာမြေ၀န်းကျင်သည် မျှော်ကြည့်လျင် လွင်တီးခေါင် မဟုတ်ဘဲ သစ်ပင်ခြုံပင်များဖြင့် စိမ်းစိုနေတတ်သည်။ သူတို့ကို အမှီပြုပြီး သဘာဝပိုးမွှားထိန်းချုပ်မှုကို ရရှိစေသည်။ ပိုးမွှားတွေ၊ ကျေးငှက်တွေ နားနေခိုလှုံနိုင်သည်။ ပြီးတော့ ရေကို ထိန်းသိမ်းပေးသည်။ သီးနှံတွေကို လေဒဏ်မှ ကာကွယ်ပေးပြီး လှပသည့် ရှုမျှော်ခင်းများကိုဖြစ်စေသည် ဟုဆိုသည်။ သို့ကြောင့် ပင်လယ်ယာမြေ၀န်းကျင်ရှိ သစ်ပင်ခြုံပင်များကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့လိုကြောင်း နိုင်ငံတကာပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ခံယူထားကြသည်။ ဣင်းတို့ကို ကာကွယ်ရန် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားကြသည်။
လယ်ယာမြေ၀န်းကျင်တွင် သယ်ယူပို့ဆောင်မှု လွယ်ကူရေး၊ လယ်ကွက်ယာကွက်များ စနစ်တကျ ပုံဖေါ်နိုင်ရေးဟူသော ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရာတွင် လယ်ယာမြေ၀န်းကျင်ရှိ သစ်ပင်များ၊ ခြုံပင်များ အပျက်အစီး နည်းပါးစေရေး၊ ကာကွယ်စောင့်ရှောက်ရေးကို အာမခံသည့် ဥပဒေ၊ နည်းဥပဒေ များရှိထားသင့်ပေသည်။ လက်ရှိ သစ်ပင်ခြုံပင်များကို မထိခိုက်စေဘဲ ကိုယ်လုပ်ချင်သည့် ရည်ရွယ်ချက် ပေါက်မြောက်လျင် အကောင်းဆုံးပင် ဖြစ်သည်။ ဤသို့ဖြစ်အောင် ဥပဒေ၊ နည်းဥပဒေနှင့်သာ ကြပ်မတ်ကြရမည်ဖြစ်ပါသည်။
လမ်းဘေး၊ ယာဘေး၊ အိမ်ဘေးမှသစ်ပင်၊ ခြုံပင်ငယ်များသည် အသေးအဖွဲပင်ဖြစ်သော်လည်း မရှိမဖြစ် အရေးပါလျက်ရှိကြောင်း စေ့စေ့တွေးက ရေးရေးမြင်နိုင်သိနိုင်ပေသည်။ မည်မျှသေးငယ်သည့်သစ်ပင်ဖြစ်စေ၊ ခြုံပင်ဖြစ်စေ အရေးတယူ ထိန်းသိမ်းဖို့ လိုအပ်နေပြီဖြစ်ကြောင်း သတိပြုကြရမည်။ လိုအပ်သော နည်းဥပဒေများ ပြဋ္ဌာန်းကြရမည်ဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis