menu

Wednesday 26 September 2012

တို့နိုင်ငံ တည်ဆောက်ချင်လွန်းလို့( ဒေါက်တာခင်မောင်ညို )




saupload_harry_dent_demographic_spending_life_cycle
"ဆရာ။ ကျွန်တော်တို့ ဘာလို့ ဆင်းရဲနေကြတာလဲ"
ကျွန်တော်က ဓာတုဗေဒဆရာ ပါ။ ခုတော့ စာရေးတာပေါ့လေ။ အရင်က အဆောင်မှူးလည်းလုပ် တော့ ကျောင်းသားတွေနဲ့ အထိအတွေ့ များတယ်။ ကျွန်တော်က သူတို့ဗဟုသုတ ရှိစေဖို့ နိုင်ငံတကာ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးကို ပြောပြလေ့ ရှိတယ်။ "တို့တစ်တွေဘာလုပ်သင့်တယ်" ဆိုပြီး သူတို့ကို ကျွန်တော် မပြောတတ်ပါ။ သူတို့ဆီမှာ ဘာတွေလုပ်နေတာလဲဆိုတာကိုသာ ပြောပြတတ်ပါတယ်။

မောင်ဝင်းက တနင်္သာရီတိုင်း ပုလောမြို့ကပါ။ သူ ရန်ကုန်ရောက် တော့ ကျွန်တော့်ဆီဝင်လာပြီး စကားပြော တတ်ပါတယ်။ ဒီတစ်ခါတော့ သူမကျေမနပ်နဲ့ မေးတာပါ။ "ဆရာ ကျွန်တော်တို့ ဘာလို့ဆင်းရဲနေကြ တာလဲ"၊ သူ ထိုင်းဘက်က ပြန်ရောက်လာတော့ သူ ဒီစကားကို မေးတော့တာပေါ့။ ကျွန်တော်သူ့ကို ပြောပါ တယ်။ "တို့တစ်တွေအားလုံးလည်း အဲဒီအဖြေရှာနေကြတာပေါ့"


ကျွန်တော်က ဆင်းရဲတွင်းက ထွက်နိုင်ဖို့ နိုင်ငံတော်သမ္မတကြီးက ဦးဆောင်ပြောနေတာကို သူ့ကိုပြောပြပါတယ်။ တကယ်တော့ နိုင်ငံတိုင်းမှာ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတွေရှိတယ်။ ဒါကြောင့် ကမ္ဘာမှာဆင်းရဲတဲ့သူ ချမ်းသာသူဆိုပြီးရှိတယ်။ ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်ရင် အချမ်းသာဆုံးလူ ၅၀၀ ရဲ့ဝင်ငွေ ဟာ ဆင်းရဲသူလူပေါင်း ၄၁၆ သန်း ထက်ပိုနေတယ်တဲ့။
"တကယ်တော့ ကမ္ဘာ့အချမ်းသာဆုံး လူတစ်ယောက်ရဲ့တစ်နေ့ဝင်ငွေဟာ အဆင်းရဲဆုံးလူသန်း ၁၀၀ ရဲ့ဝင်ငွေထက်ပိုနေတယ်လို့ဆိုတယ်" သူ စဉ်းစားနေတယ်။
"တို့တစ်တွေ စာရင်းဇယားတွေ သိဖို့အရေးကြီးတယ်"
"ဘယ်လို စာရင်းဇယားမျိုး လည်း ဆရာ"
"ပထမကတော့ လူဦးရေပေါ့"
"ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ စာရင်းဇယား သန်းခေါင်စာရင်း ကောက်ဖို့ ပြင်ဆင်နေပါတယ်ဆရာ။ ဆရာမ တစ်သိန်းနှစ်သောင်းဟာ ဒီ သန်းခေါင်စာရင်းကောက်ခံရေးမှာ လုပ်အားပေးမယ်လို့ သတင်းစာထဲမှာ တွေ့ရတယ် ဆရာ"

"ဟုတ်ပါတယ်။ ပထမ ဒီဆရာ ဆရာမတွေကို သန်းခေါင်စာရင်းရဲ့ အရေးကြီးပုံကို ပထမရှင်းပြရမယ်။ သန်းခေါင်စာရင်းဟာ ဘာကြောင့် အရေးကြီးလဲဆိုတာကို သူတို့သေ သေချာချာ သဘောပေါက်ဖို့တော့လိုတယ်။ ဒါမှမဟုတ်ရင် ထန်းပင်ဆာ ဗေးပဲဖြစ်သွားနိုင်တယ်"

"ဟားဟား ထန်းပင်ဆာဗေး ကို ကျွန်တော်တို့ငယ်ငယ်ကတည်းက ကြားဖူးပါတယ်။ လယ်ဘယ်နှစ် ဧက ဘယ်လောက်ထွက်မယ်ဆိုတာ သေသေချာချာ မတွက်ချက် မတိုင်းတာဘဲ ထန်းပင်ပေါ်ကနေကြည့်ပြီး ခန့်မှန်းပြောတာမျိုးလုပ်ခဲ့ကြတဲ့ ခေတ်ဆိုတာ တကယ်ရှိပါတယ်။ ဒါနဲ့ ဆရာ၊ သန်းခေါင်စာရင်းဟာ ဘာလို့ဒီလောက်အရေးပါလဲ"

"မင်းအဖေနဲ့အမေဟာ သား သမီးတွေမွေးထားပြီး ယောက်ျားလေး ဘယ်နှစ်ယောက် မိန်းကလေး ဘယ်နှစ်ယောက် ကျောင်းနေတာ ဘယ်နှစ်ယောက်ဆိုတာ မသိရင် သူတို့အတွက် ဘာတွေလုပ်ပေးလို့ ရမှာလဲ"
မောင်ဝင်းစဉ်းစားတယ်။

"ဘယ်သူက ဘယ်နှစ်တန်း၊ ဘယ်သူက ကျူရှင်တက်ဖို့လိုတယ်ကအစ ကိုယ့်မိသားစုအကြောင်း ကိုယ်သိရတယ်"
"မိသားစုတွေမှာ ဒါတော့ သိကြတာပေါ့ဆရာ"
"အေး၊ တိုင်းပြည်တစ်ပြည်လုံး မှာလည်းဒါကိုသိဖို့လိုတယ်။ နောက်တော့ တို့က ကွန်ပျူတာခေတ်ရောက်နေတယ်။ အရာရာကို Digitize လုပ် နေတဲ့ခေတ်ရောက်နေတယ်။ မင်းသိတယ်မဟုတ်လား"
"သိပါတယ် ဆရာ။ Multimedia ဆိုတာ ကျောင်းတွေမှာလည်း သင်ပါတယ်။ စာတွေ အရုပ်တွေ အသံတွေ စတဲ့သတင်းအချက်အလက်တွေ အားလုံးကို ကိန်းဂဏန်းတွေနဲ့ ပြောင်းထားတာပါ"။
"အေး အဲဒီ Digitize လုပ်ထားတာတွေကို အုပ်စုတွေခွဲလို့ရတယ်။ တူတာတွေစုလို့ရတယ်။ ဂရပ်တွေဆွဲ လေ့လာလို့ရတာတွေ အများကြီးပဲ။ ဆရာ့ဆန္ဒကတော့ ဒီသန်းခေါင်စာရင်းကို တိတိကျကျဖြစ်ပြီး တတ်နိုင်သ၍ အသုံးဝင်အောင် ဆောင်ရွက်ဖို့ လိုတယ်လို့ထင်တယ်"
"ဆရာ ဘာတွေစဉ်းစားထားတာရှိလဲ"

"ကျားမ၊ အသက်(AgeGroup)၊ ၀င်ငွေ စတာတွေကို ခွဲတာကို လုပ်ကြမယ်လို့ထင်တယ်။ ဒီလိုလုပ်တဲ့အခါမှာ နာမည်တွေကို အင်္ဂလိပ်လိုပါ ရေးရင် ကောင်းမယ်လို့ထင်တယ်။ ဒီတော့မှ ကွန်ပျူတာမှာ မှန်မှန်ကန်ကန် ထည့်သွင်းလို့ရမှာပါ။ ဒီအတွက် အမည်နဲ့ မိဘအမည်ကို တွဲပြီး စာရင်းထည့်ရင် ကွန်ပျူတာထဲမှာ မှတ်ရတာလွယ်မယ်"
"ဟုတ်ကဲ့ဆရာ အလုပ်တော့ရှုပ်မယ်။ ဒါတွေကို တစ်ပြေးညီဖြစ်အောင် လုပ်လို့ရမလားပဲ"

"ဥပမာလေးတွေပြရမှာပေါ့။ မောင်လှမြင့်၊ အဖ ဦးဝင်းမြင့်၊ အမိ ဒေါ်စန်းစန်းခင် ဆိုရင် စာရင်းမှာ လှမြင့်-၀င်းမြင့်-စန်းစန်းခင်ဆိုပြီး ဇယားထိပ်မှာ လေးထောင့်ကွက်ချထားပေး အဲဒီမှာ ရေးရင်ရပါတယ်။ ကျားမကိုလည်းဘေးမှာ ရေးလို့ရတယ်။ မြန်မာပြည်မှာ မောင်လှမြင့် ဆိုသူတွေ တစ်သန်းလောက် ရှိနိုင်ပေမယ့် လှမြင့်-၀င်းမြင့်-စန်းစန်းခင် ဆိုတာတော့ တစ်ယောက်နှစ်ယောက်ထက်ပိုဖို့ ခဲယဉ်းတယ်"
"ရှုပ်တော့ ရှုပ်မယ်နော်"

"ခုရှုပ်မှ နောင်ရှင်း ဆိုသလိုပေါ့ ကွာ။ တို့ဆီမှာ မိသားစုနာမည်တွေ မရှိတော့ Identity  ပျောက်နေသလို ဖြစ်တယ်။ လူတွေဟာ သူတို့ရဲ့ Identity ကို ဖော်ချင်ကြတယ်။ ဘေးကလူလည်း အားကျတယ်။ ဆရာက ပုသိမ်သားတွေပြောတာကို သိပ်သဘောကျတယ်။ တို့တစ်တွေဟာ ဆယ့်လေး(၁၄)မျဉ်းစောင်းကွတဲ့"
"ဆယ့်လေး(၁၄)မျဉ်းစောင်း ဆိုတာ ဘာလဲဆရာ"
"(၁၄/)ကို ပြောတာပါ။ ဧရာဝတီတိုင်းက မှတ်ပုံတင်ဟာ (၁၄/)နဲ့ စတယ်လေ။ ရန်ကုန်တိုင်းက (၁၂/) ပေါ့။ သူတို့ဂုဏ်ယူတာကတော့ သူတို့ချစ်တဲ့ သမ္မတကြီးဟာ (၁၄/) မှတ်ပုံတင်ကိုင်ထားတဲ့ ဧရာဝတီတိုင်းသား ဆိုတာပါပဲ။ ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ လူတစ်ယောက်ရဲ့ Identity ကို ဖော်ကျူးတာမဟုတ်လား။ မိမိရဲ့ Identity ကို ထိန်းထားခြင်းဖြင့် ပတ်ဝန်းကျင်ကို အတုယူစရာ ဖြစ်စေတာပဲလေ"
"ဒီတော့ဆရာ Identity  ကို အသေအချာဖော်ပြထားရင် ဒီလူဟာ လူကောင်းလား လူဆိုးလားဆိုတာကို သားစဉ်မြေးဆက် အမွေခံတာမျိုး ဖြစ်တာပေါ့ မဟုတ်လား"

"ဟုတ်ပါတယ်။ ကောင်းမွေ ဆိုးမွေကို ခံရတာပေါ့။ ဒါ့အပြင် စာရင်းဇယားတွေလုပ်ရတာ အင်မတန်လွယ်သွားပြီး ဒီလူဟာ အဖေ အမေနာမည်ပါ တူသူတွေရှားတယ်။ အမေရိကန်မှာဆိုရင် မွေးနေ့ Date of Birth ပါတွဲပေးလိုက်တယ်။ ဒီတော့ ဒီလူရဲ့ Identity ဟာ အတော်လေး တိကျသေချာသွားတယ်။ သူ ဘာလုပ်ခဲ့သလဲ။ ဘာတွေလုပ်လဲဆိုတာကို တော်တော်လေး တိတိကျကျ သိနိုင်တယ်"
"သူ့မှာ ဆိတ်ကွယ်ပုန်းလျှိုး လုပ်ချင်လို့ မရတော့ဘူးပေါ့"

"ဒီလိုလည်း မဟုတ်ဘူး။ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဘာမှဝင်မစွက်ဘူး။ ဥပဒေချိုးဖောက်တာတို့ ပြည်သူကို အနှောင့်အယှက် ပေးတာမျိုးတွေမှာသာ သူ့အတွက် ပြဿနာရှိတာပါ။ အရေးကြီးတာက တိုင်းပြည်အနေနဲ့ သူ့ရဲ့နိုင်ငံသားတွေရဲ့စာရင်းကို အတိအကျသိဖို့ပဲ ဖြစ်တယ်။ ဒီလူရဲ့မှတ်တမ်းကို Demographic စာရင်းဇယားမှာ အလွယ်တကူ ရှာနိုင်တယ်လေ။ ဒီဘက်ခေတ် ကွန်ပျူတာစနစ်ဟာ အင်မတန်ကောင်းတယ်။ စောစောကပြောသလို လှမြင့်- ၀င်းမြင့်-စန်းစန်းခင်ဆိုတဲ့ အတွဲကို "အင်္ဂလိပ်လို စာရင်းသွင်းထားရင်" ကွန်ပျူတာမှာ ရိုက်လိုက်ရုံနဲ့ သူ့အကြောင်းတွေ ထွက်လာလို့ရပါတယ်။ ဒီကြားထဲမှာ သားသမီးမွေးတာတို့ သေဆုံးတာတို့ကိုလည်း စာရင်းထဲထည့်တာ ဘာမှမခက်တော့ဘူး"

"ဆရာပြောသလိုဆိုရင် စာရင်းဇယားလုပ်ဖို့ အရေးပါတယ်။ ဒီစာရင်းဇယားကို အလွယ်တကူ ပြန်ရှာဖို့ နည်းလမ်းလိုတယ်ပေါ့ ဟုတ်လား ဆရာ"
"ဟုတ်တယ်။ အနောက်တိုင်းမှာလည်း ဒီပြဿနာ အရင်ကရှိတယ်။ ဥပမာ George  ဆိုရင် ရွာထဲမှာ အများကြီးရှိတယ်။ ဒီတော့ ခွဲရခက်တယ်။ ချောင်းနားနေတဲ့ George ကို George By Water လို့ခေါ်ကြတယ်။ တောအုပ်နေတဲ့ Geroge ကို George Underwood လို့ခေါ်ကြ တယ်။ လက်သမားလုပ်တဲ့ George ကို George Carpenter လို့ခေါ်ကြ တယ်။ ဒါနဲ့ပဲ Sur Name စနစ် စတင်ခဲ့တယ်။ ဒါကို Family Name ဆိုပြီး မိသားစုအဆက်ဆက် သုံးကြတယ်။ အခေါင်းလုပ်တဲ့ဆီက ဆင်းရင် Coffin ပေါ့။ ပြာခွက်လုပ်သူက ဆင်းရင် Ashton လို့ခေါ်လာတယ်။

"ဒါဟာ ဒီနေ့အဆင်ပြေနေတဲ့ စနစ်ပေါ့နော်"
"ဟုတ်တယ်။ ယိုးဒယားက ဒီစနစ်ကို ၁၉၆၀ ခုနှစ်လောက်ကနေ စပြီးသုံးတယ်။ ကိုယ်ကြိုက်တဲ့ နာမည်ကို Family Name ဆိုပြီး မှတ်ပုံတင် ခွင့်ပြုတယ်။ တကယ်တော့ နာမည်ဆိုတာ ပညတ်ပဲလေ။ ဖိုးသက်ရှည် ဆိုပြီး အသက် ၂၀ မှာ သေတာတွေရှိပါတယ်"။

"ပညတ်သွားရာ ဓာတ်သက်ပါတယ်လို့လည်း ဆိုတယ်မဟုတ်လား ဆရာ"
"အေးလေ။ အဲဒါကိုယုံရင်တော့ နာမည်လှလှလေးတွေပေးပေါ့။ Sur Name  ဒါမှမဟုတ် Family Name တစ်ခုခုတော့ လုပ်ဖို့လိုတယ်"
"ဆရာပြောသလို အဖေနဲ့အမေ နာမည်အတွဲလည်း ကောင်းတယ်"

"ကောင်းတော့ ကောင်းပါ တယ်။ နောက်မျိုးဆက်မှာ အဆက်ပြတ်သွားမှာ မဟုတ်လား"
"ဟုတ်တယ်နော် ဆရာ။ ဒီနာမည်ကို သားစဉ်မြေးဆက်သုံးဖို့အတွက် စနစ်တစ်ခုတော့ချသင့်တယ် ထင်တယ်"
"ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်"

"ဟုတ်တယ်ဆရာ၊ ခုလောက်ကစလို့လည်း နောက်မကျသေးပါဘူး"
"နောက်ကျတယ်ဆိုတာ မရှိဘူးလေ။ Better late than never ဆိုတဲ့ စကားရှိတယ်။ ဘယ်တော့မှ မလုပ်တာနဲ့စာရင် နောက်ကျတယ်ဆိုတာ ဟာ မဆိုးပါဘူး"
"ဒါဆိုရင် ကျွန်တော်တို့တစ်တွေ ဆင်းရဲတွင်းက လွတ်မြောက်ပြီလား ဆရာ"
မောင်ဝင်းအမေးကို ကျွန်တော် ဘယ်လိုဖြေရမလဲ။ ကျွန်တော် ပြုံးလိုက်ပါတယ်။

"ဒါက အစပဲရှိသေးတယ် မောင်ဝင်း၊ ဒါပေမယ့် သူက အရေးကြီးတဲ့အခြေခံအချက်ပဲ"
"အစကအရေးကြီးတာပဲနော်"
"အစကောင်းမှ အနှောင်းသေ ချာတဲ့"
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis