menu

Wednesday 26 September 2012

ဆိုဗီယက်ခေတ်သင်္ဘောကို ပြုပြင်မွမ်းမံထားသော တရုတ်ပထမဆုံး လေယာဉ်တင်သင်္ဘော တာဝန်စတင်ထမ်းဆောင်




တရုတ်ပထမဆုံး လေယာဉ်တင်သင်္ဘောကို တာ့လျန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို စက်တင်ဘာလ ၅ ရက်က တွေ့ရစဉ် Photo: AFP
ဆိုဗီယက်ခေတ်သင်္ဘော Var-yag ကို ပြန်လည် ပြုပြင်မွမ်းမံထားသော တရုတ်ပထမဆုံး လေယာဉ်တင် သင်္ဘောကို စက်တင်ဘာလ ၂၃ ရက်တွင် တရုတ်ရေတပ်သို့ လွှဲပေးခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်တွင် တာဝန်စတင်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ သို့သော် ယင်းသင်္ဘောပေါ်တွင် လေယာဉ်အပြည့်အစုံဖြင့် တပ်စွဲပြီး တိုက်ပွဲအသင့်ဝင်နိုင်ရေးမှာ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့တွင် ရေပိုင်နက် အငြင်းပွားမှုပြဿနာ မြင့်တက်နေစဉ်မီတာ ၃၀၀ (ပေ ၉၉၀) ရှိလေယာဉ်တင် သင်္ဘောလွှဲပေးခြင်း အခမ်းအနားကို တရုတ်အရှေ့မြောက်ပိုင်းရှိ တာ့လျန်ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဂလိုဘယ်တိုင်းမ်က ဖော်ပြခဲ့သည်။
ဆိုဗီယက်ခေတ်ဟောင်း သင်္ဘောကို ၀ယ်ယူပြီး ပြုပြင်မွမ်းမံနေကြောင်း တရုတ်က ၂၀၁၁ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ယင်းသင်္ဘောမှာ လေ့ကျင့်ရေးနှင့် သုတေသနတို့အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကာ အိမ်နီးချင်းတို့အတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် Number 16 ဟု သာသိရသော ယင်းသင်္ဘောရေချ စမ်းသပ်မှုများစွာကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လနောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ ဒေသတွင်း အင်အားကြီးဂျပန်နှင့် အမေရိကန်အပါအ၀င် တရုတ်အိမ်နီးချင်းများက ယင်းလေယာဉ်တင်သင်္ဘောကို တရုတ်ကအဘယ်ကြောင့် လိုအပ်သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

Varyag သင်္ဘောကို ကနဦး တည်ဆောက်မှုမှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန် ၁၉၉၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တရုတ်သည် ၁၉၉၈ ခုနှစ်တွင် ယူကရိန်းထံမှ ယင်းသင်္ဘောကို ၀ယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က သင်္ဘောတွင် အင်ဂျင်၊ မီးပေးစနစ်၊ ပန်ကာမပါခဲ့ပေ။ ယင်းသင်္ဘောကို တာ့လျန်တွင် ၂၀၀၂ ခုနှစ်၌ ပြင်ဆင်မွမ်းမံမှု စတင်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံး စစ်တပ်ဖြစ်သော တရုတ်ပြည်သူ့တပ်မတော်မှာ ၎င်း၏ ကာကွယ်ရေးစီမံကိန်းများကို လျို့ဝှက်ထားလေ့ရှိပြီး ၂၀၁၂ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၀၆ ဘီလျံအထိ ရှိခဲ့သည်။
မေလတွင် ပင်တဂွန်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ပေကျင်းသည် အဆင့်မြင့် လေတပ်ကာကွယ်ရေးစနစ်၊ ရေငုပ်သင်္ဘောများ၊ ဂြိုဟ်တုဖျက်ဆီးရေး လက်နက်များ၊ သင်္ဘောဖျက်ဒုံးကျည်များ စီမံကိန်းများအတွက် ငွေများ ပုံအောသုံးစွဲနေကြောင်း ဖော်ပြခဲ့သည်။ တရုတ်ကာကွယ်ရေး အမှန်တကယ်အသုံးစရိတ်မှာ ဒေါ်လာ ၁၂၀ ဘီလျံမှ ၁၈၀ ဘီလျံအကြားရှိကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis