menu

Wednesday 26 September 2012

ကချင်နှင့် ရခိုင်အရေးတွင် နှုတ်ဆိတ်နေခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်း

Photo: ကချင်နှင့် ရခိုင်အရေးတွင် နှုတ်ဆိတ်နေခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်း

ငြိမ်းငြိမ်းနိုင်
ရန်ကုန်၊စက်တင်ဘာ-၂၄

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် နှုတ်ဆိတ်နေခြင်းအား
ဝေဖန်မကျေနပ်မှုများနှင့် ပတ်သက်၍ အချင်းချင်းပဋိပက္ခ ပိုကြီးထွားမသွားစေရန် မည်သည့်ဘက်ကိုမှ ပြင်းပြင်းထန်ထန် မပြောခဲ့ခြင်းဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမေရိကန်ခရီးစဉ်အတွင်း ထုတ်ဖော်ပြောကြားလိုက်သည်။

နယူးယောက်မြို့၊ ကွင်းတက္ကသိုလ်တွင် စက်တင်ဘာ ၂၂ ရက်က မြန်မာတိုင်းရင်းသားမိသားစု ၃,၀၀၀ ကျော်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားသော မိန့်ခွန်းတွင် ဤသို့ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။    “တစ်ဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတစ်ဖက်က ကျေနပ်မှာမဟုတ်ဘူး။ မကျေနပ်တာ ကျွန်မကို မကျေနပ်တာပြောတာ မဟုတ်ဘူးနော်။ ဟိုဘက်ကို မကျေနပ်မှာ။ ပြီးတော့ အချင်းချင်းပဋိပက္ခတွေက ပိုပြီးတော့ကြီးသွားမယ်။ ကျွန်မကနေပြီးတော့ ပြင်းပြင်းထန်ထန်မပြောလို့ မကျေနပ်ရင် မကျေနပ်ပါစေ။ ရပါတယ်။ ဒါပေမဲ့ ဒီပဋိပက္ခတွေ ပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စတွေကိုတော့ ကျွန်မ မလုပ်နိုင်ဘူး”ဟု ပြတ်ပြတ်သားသား ပြောကြားသွားခြင်း ဖြစ်သည်။

ထို့အပြင် သူမကဆက်လက်၍ “အခြေခံအားဖြင့် ကျွန်မကနေ ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုရင်တော့ ကျွန်မအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပြောပါရစေ။ ဘယ်လူ့အခွင့်အရေးပဲဖြစ်ဖြစ်၊ ဘယ်သူ့အခွင့်အရေးပဲဖြစ်ဖြစ် ဘယ်သူ့ရဲ့ အခြေခံ
လူ့အခွင့်အရေးပဲဖြစ်ဖြစ် အဲဒီလို ချိုးဖောက်မှုတွေကိုတော့ ကျွန်မ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”ဟု ဆိုသည်။

ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပဋိပက္ခများနှင့် ပတ်သက်၍ ပြောကြားသွားခြင်းအပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်က လူ့အခွင့်အရေး ချိုးဖောက်မှုများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားချက်ကို ကြိုဆိုကြောင်း ပြောကြားသည်။

“ကျွန်တ်ာတို့ ကချင်ပြည်နယ်မှာ လက်နက်ကိုင်အချင်းချင်း တိုက်တာကတော့ ပြဿနာမဟုတ်ဘူး။ ပြည်သူတွေမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာက ပိုအရေးကြီးနေတာ။ ဒေါ်စုက ဒီကိစ္စကို တကယ်ပဲ စိတ်ပါဝင်စားစွာနဲ့ ပြောခဲ့တာဆိုရင်တော့ သူ့အနေနဲ့ လူ့အခွင့်အရေးကိစ္စကို နိုင်ငံတကာအဆင့် ကိုင်တွယ်ဆောင်ရွက်သွားမယ်ဆိုရင် အများကြီး အဆင်ပြေသွားမှာပါ။ အခု တရားဥပဒေကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်နေတော့။ အဲလိုပြောပြီးမှ ဒေါ်စု ဒီကိစ္စကို မကိုင်တွယ်မှာကိုပဲ စိုးရိမ်ပါတယ်”ဟု ဒေါက်တာဆမ်ဇွန်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ရပ်တည်ပြောဆိုသွားခြင်းကိုက ကချင်လူထုအတွက် ခွန်အားဖြစ်စေကြောင်း ၎င်းကပင် ထပ်လောင်းပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တင်းမာနေသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် နှစ်ဖက်ငြိမ်းချမ်းရေး စကားဝိုင်းများကြားကပင် သောင်းနှင့်ချီသော ဒုက္ခသည်များ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒေသခံသေဆုံးမှုများနှင့် နှစ်ဖက်တပ်မတော်သား သေဆုံးမှုများလည်း ရှိနေသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း ဇွန်လအတွင်းက စတင်ခဲ့သော ပဋိပက္ခပြဿနာများမှ နောက်ဆက်တွဲအဖြစ် ပြည်နယ်တွင်း ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီများကြား အတူတကွ ဆက်လက် ပူးတွဲနေထိုင်ရေးအတွက် ပြဿနာများ ရှိနေဆဲဖြစ်သည်။

ယင်းပြည်တွင်း ပဋိပက္ခများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသများသို့လည်း သွားရောက်ခဲ့ကာ ဆွေးနွေးပြောဆိုမှုများစွာ ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီးက ၎င်း၏ခံယူချက်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားသည်။

“အရင်တုန်းကတော့ အစိုးရနဲ့ဖြစ်တဲ့ပြဿနာ အစိုးရမှာပဲ တာဝန်ရှိတယ်ဆိုတဲ့ အခြေအနေမျိုးပေါ့။ အခုတော့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ပတ်သက်သူအားလုံး၊ တာဝန်ရှိတဲ့သူအားလုံး၊ နောက်ကိုယ့်ကိုယ်ကိုယ် တာဝန်ရှိသူဟု ခံယူထားသူအားလုံး ပူးပေါင်းပါဝင်ဖို့ လိုတာပေါ့။ ဒါမှလည်း ရေရှည်တည်ငြိမ်ရေး တည်ဆောက်နိုင်မှာ”ဟု ဦးကိုကိုကြီးကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်နှင့် ပတ်သက်ပြီး ၎င်းအမြင်ကို မေးမြန်းရာ “ဒီကိစ္စက တော်တော်လေး အကဲဆတ်တဲ့ ကိစ္စဆိုတော့ သတိထားပြီး ကိုင်တွယ်နေပုံ ရပါတယ်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်မှာ ဒေါ်စုအနေနဲ့ ထည့်သွင်းစဉ်းစားစရာ ကိစ္စတွေ အများကြီးနေမှာပါ။ လိုအပ်တဲ့
အချိန်ကျရင်တော့ တိကျတဲ့ သဘောထား ဖြေရှင်းချက်တွေကို ပါဝင်ဆောင်ရွက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင် တိုင်းရင်းသားပါတီများက ၎င်းနှင့် ၎င်း၏ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား အစဉ်တစ်စိုက် ထောက်ခံအားပေးခဲ့ပြီး အတူတကွ ရပ်တည်ပေးခဲ့ကြောင်း လေးလေးနက်နက် ထုတ်ဖော်ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကာလက ၂၀၁၂ ဖေဖော်ဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ်အဖြစ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်အပြီး ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ဒုက္ခသည်စခန်း တစ်ခုကိုမျှ သွားရောက်ခဲ့ခြင်း မရှိသည့်အတွက် ကချင်ပြည်သူတို့က ဒေါ်အောင်ဆန်းစုကြည်အပေါ် နားလည်ရခက်သည့် ခံစားချက်ရှိခဲ့ကြကြောင်း ဒေါက်တာဆမ်ဇွန်ကပြောသည်။

“ဒေါ်စုအနေနဲ့ အလှူငွေထည့်ဝင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ပိုက်ဆံပံ့ပိုးတာထက် သူရောက်ခိုက် ဒုက္ခသည်တွေကို တစ်နေရာလောက်ဖြစ်ဖြစ် လာကြည့်စေချင်ကြတာပါ။ သူ့ကို အပြစ်လည်း ပြောလို့မရပါဘူး။ ဒါပေမဲ့ သူသွားကြည်ခဲ့ရင် လူထုအတွက် ခွန်အားရှိတာပေါ့”ဟု ၎င်းကဆက်ပြောပြသည်။

News from :  7Day News Journal
Post by : အေးချမ်းမွန်
( excellence.myanmar@gmail.com)

  7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis