menu

Wednesday 26 September 2012

ဝက်မှေးရွာသူ မအေးနက်နှင့် တွေ့ဆုံခြင်း

Photo: ဝက်မှေးရွာသူ မအေးနက်နှင့် တွေ့ဆုံခြင်း

Written by  ကိုသက်(မုံရွာ)

“သမ္မတကြီးက စီမံကိန်း ရပ်ခိုင်းမယ် ဆိုရင် လယ်သိမ်းခံ ဒေသခံတွေ အားလုံး ကျွန်မအပါအဝင် သမ္မတကြီးကို ထိုင်ပြီးတော့ ရှိခိုးမယ်”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒ ထုတ်ဖော်မှုများတွင် ဦးဆောင် ပါဝင်ခဲ့ကြပြီး၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး မှအပြန် နန်ချွန်ဆိပ်ကမ်းမှ ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ စက်တင် ဘာလ ၁၄ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သော ကြေးနီ စီမံကိန်း အနီးမှ ဝက်မှေး ကျေးရွာသူ မအေးနက်အား တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နှုတ် ဖော်ပြပါသည်။

Voice : ဖမ်းဆီး ခံခဲ့ရတဲ့ အချိန်မှာကြမ်းတမ်းစွာ ဆက်ဆံ ခံခဲ့ရတာ တွေရှိတယ်လို့ကြားပါတယ် မုံရွာမြို့နယ်မှူးကို တရားပြန်စွဲမယ်လို့ သိရပါတယ် ဘယ်အတိုင်းအတာ အထိ ပြင်ဆင်ထားပြီးပြီလဲ။
MAN : ဘယ်အတိုင်းအတာ ထိလဲ ဆိုတော့အကုန်လုံး နဲ့တော့ တိုင်ပင် ထားတယ်၊အစ်မတို့မှာ တစ်ယောက်က လဲ ထဘီကျွတ် တယ်၊တစ်ယောက်ကလဲ အကုန်လုံးကို ကျွတ်ကျလောက်အောင် လုပ်ခဲ့တဲ့ အတွက်၊ မြန်မာ အမျိုးသမီးတွေ အနေနဲ့ အရှက်တရားနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် တရားဆွဲပါမယ်၊ ညီမသုံးယောက်လုံးတော့ လောလောဆယ် တိုင်ပင် ထားပါတယ်။

Voice : တရားစွဲမယ် ဆိုရင် ဘယ်လို စွဲချက်နဲ့ ပြန်စွဲမလဲ။
MAN : ကျွန်မတို့က ဥပဒေ အကြောင်း နားလည်တဲ့ ပညာရှင်တွေကို ရဲစခန်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ပြောပြမယ်၊ သူတို့က ဘယ်လို ဥပဒေနဲ့ တရားစွဲရင် ရတယ်ဆိုတာ သူတို့ ပြောပြမှ သိမှာပါ၊ သူတို့ အကြံပေး တဲ့အတိုင်း တရားစွဲမှာပါ။

Voice : သုံးယောက်ထဲ ကျန်ခဲ့တဲ့ အချိန်မှာ ရဲစခန်းထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေလေး ပြောပြပေးပါလား။
MAN : ကျွန်မတို့က နှစ်ယောက်ထဲ အရင် ဆွဲထုတ် ခံရတာပါ။ ကျွန်မနဲ့သွဲ့သွဲ့ဝင်းကိုပေါ့။ ဖြူဖြူဝင်းက မပါဘူး၊ဖြူဖြူဝင်း က ကျွန်မတို့ကို ဖက်ထားတယ် အတူတူ လာတာခြင်း အတူတူ နှစ်ယောက်ထဲ ခွဲထုတ်တာကို လက်မခံဘူး ဆိုပြီးဖက် ထားတယ်၊ အဲဒီအချိန်မှာ အရပ်ဝတ်နဲ့ အမျိုးသမီးတစ်ယောက်က ဂုတ်တွေကို အတင်းကုတ် လက်မောင်းတွေကို အတင်း ဆောင့်ဆွဲတယ်၊ မြို့နယ်မှူး ကလဲ အခုထိ မဖယ်ကြသေးဘူးလား၊ ဆွဲမရမ်း ကြသေးဘူးလား ဆိုပြီး အစ်မတို့ ကို ဆွဲရမ်းတယ်၊ သွဲ့သွဲ့ဝင်းကို အရင် ဆွဲထုတ်သွားတယ် ထဘီက ဆွဲထုတ်ထားတဲ့ အချိန်မှာ ကျွတ်ကျတယ် ထဘီကလဲ ဆွဲသား ဆိုတော့၊ အစ်မကိုတော့ ရဲအရာရှိ တစ်ယောက်နဲ့ ရဲမေသုံးယောက်က ဆွဲထုတ်တယ်။ ဆွဲလာတဲ့ အချိန်မှာ ကျွန်မထဘီ ကျွတ်သွားတယ်၊ နေပါဦး။ ထဘီဝတ် ပါရစေဦး။ ကားပေါ်ကို အေးအေးဆေးဆေး တက်မှာပါ ခင်ဗျားတို့ ပို့တဲ့ဆီကို အေးအေးဆေးဆေး လိုက်မှာပါ ထွက်မပြေးပါဘူးလို့ အော်ပြီး စိတ်တိုလာတာနဲ့ ရမ်းလိုက်တာ ကျွန်မလဲ ထဘီကျွတ် သွားတယ်၊ ဖမ်းခံရတဲ့ ညမှာဘဲ ကျွန်မနဲ့ မသွဲ့သွဲ့ဝင်းကို အချုပ်ခန်းကနေ ထောင်ဘက်ကို ပြောင်းခဲ့တာပါ။

Voice : ဘာအမှုနဲ့ ဖမ်းဆီး ခံခဲ့ရတာလဲ သိချင်ပါတယ်။
MAN : ပြောပြတယ် ပုဒ်မတွေ တပ်ထားတာ၊ ဘာအမှုနဲ့ကျွန်မတို့ကို ဖမ်းတာလဲလို့ မေးတယ်၊ သာသနာ ညှိုးနွမ်းမှုတဲ့။ နောက် ညစ်ညမ်း ဆဲဆိုမှု ပြီးတော့ အကျိုးစီးပွား ဖျက်ဆီးမှုတဲ့ ဆန္ဒ ဖော်ထုတ်တုန်းက ကုမ္ပဏီထဲကို အတင်းတံခါး ဖွင့်ဝင်တဲ့ အမှုတွေလဲ ပါမယ် ထင်တယ်၊

Voice : အခု ပြန်လွတ်လာတာက ဘယ်လိုမျိုး ပြန်လွတ်လာတာလဲ။ ဝန်ခံကတိ လက်မှတ် ထိုးပြီးတော့လား။ အာမခံနဲ့လား။
MAN : ထောင်ကနေ အထွက်မှာ လက်မှတ်တော့ လေးစောင် ထိုးခဲ့ရတယ်။ စာထဲမှာ ဖတ်ကြည့်လိုက်တော့ ဝန်ခံကတိ ရယ်လို့တော့ မပါဘူး၊ ညှိနှိုင်းပေးတဲ့ ၈၈ကျောင်းသား ကိုဂျေမီတို့က ၂၄ရက်နေ့မှ အမှုက ရုပ်သိမ်းမယ် လို့တော့ ပြောတယ်။

Voice : ဖမ်းဆီးခံခဲ့ရတဲ့ အချိန်မှာ အမှတ်ရဆုံး အကြောင်းအရာ တစ်ခုကို ပြောရမယ်ဆိုရင် ဘယ်လိုအကြောင်း အရာကို ပြောဖြစ်မလဲ။
MAN : အမှတ်အရဆုံး ပြောရမယ်ဆိုရင် ထောင်ထဲမှာ နေရတာတော့ သက်သောင့်သက်သာ ရှိခဲ့ပါတယ်၊ ဒါပေမယ့် ရဲစခန်းက အချုပ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ သေသာသွားမယ် ဘယ်တော့မှမမေ့ဘူး၊ ကျွန်မတို့ကို ကြမ်းတမ်းစွာ ဆက်ဆံခဲ့တဲ့ လူတွေကိုလဲ မျက်စိထဲမှာ ပြန်မြင်နေဆဲပါ၊ မြို့နယ်မှူး ကိုတော့ လုံးဝ မကျေနပ်ဘူး အဲဒါတော့ အမှတ်အရဆုံးပဲ။

Voice : လက်ပန်းတောင်းတောင် အရေးနဲ့ ပတ်သတ်ပြီး သမ္မတကြီးဆီကိုသာ တောင်းဆိုခွင့် ရှိခဲ့မယ်ဆိုရင် ဘယ်လို အချက်မျိုးကို တောင်းဆိုဖြစ်မလဲ။
MAN : အဲဒီလို အခြေအနေသာ ဖြစ်ခဲ့ရင် သမ္မတကြီးကို အကူအညီ တောင်းချင်တယ်၊ သနားညှာတာတဲ့ အနေနဲ့ ဒီလက်ပန်းတောင်းတောင်ကြီးကို မဖြိုဖို့ တောင်းဆိုမယ်၊ ဒီတောင်ကြီးကို ဖြိုလိုက်ရင် ဒေသခံ ရွာသူရွာသားတွေ ဒုက္ခရောက်ကြမှာပါ၊ အကယ်၍သာ သမ္မတကြီးက စီမံကိန်း ရပ်ခိုင်းမယ် ဆိုရင် လယ်သိမ်းခံ ဒေသခံတွေ အားလုံး ကျွန်မ အပါအဝင် သမ္မတကြီးကို ထိုင်ပြီးတော့ ရှိခိုးမယ်။

Voice : လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ ရှေ့ဆက် ဘာတွေ ဆောင်ရွက်သွားဖို့ ရှိသေးလဲ။
MAN : ကျွန်မတို့ကတော့ ၈၈ ကျောင်းသား အပါအဝင် ကျွန်မတို့ကို ကူညီပေးမယ့် အဖွဲ့အစည်း အားလုံးနဲ့ တိုင် ပင်ပါမယ်၊ ဒီလက်ပန်းတောင်းတောင်ကြီးကတော့ ရပ်တန့်မှ ဖြစ်မယ်၊ မိဘတွေက မွေးထားတယ် ဆိုပေမယ့် ဒီတောင်ကြီးကို မှီခို စားသောက်နေရတာ၊ ဒီလက်ပန်းတောင်းတောင် စီမံကိန်းကြီးကို ရပ်တန့်စေချင်တယ်၊ ကျွန်မတို့ လယ်ယာမြေတွေပေါ်မြေဇာတွေ လာပုံရင်တော့ အခုပုံ ရင် အခုသွားတားမှာဘဲ၊ မပုံသေးရင်တော့ မသွားဘူး အသက်နဲ့ဘဲ လဲရလဲရ ကျွန်မတို့က ကာကွယ်သွားမှာပဲ။

Voice : ဖမ်းဆီးခံခဲ့ရတဲ့ အချိန်မှာရော ပြန်လည်လွတ်မြောက် လာမယ်လို့ မျှော်လင့်ခဲ့လား။
MAN : ပြန်လွှတ်ပေးလိမ့်မယ်လို့ကို မထင်ဘူး၊ အလွန်ဆုံး၂နှစ်လောက် ကျလိမ့်မယ်လို့ကို ထင်ထားတာ၊ ထောင် ကျခဲ့မယ် ဆိုရင်လဲ ပြန်ထွက်လာတာနဲ့ ဒီလက်ပန်းတောင်းတောင် စီမံကိန်းရပ်ဖို့ ဆက်လုပ်မှာဘဲ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့က မဟုတ်တာ မမှန်တာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ကျွန်မမတို့ ဘိုးစဉ်ဘောင်ဆက်မှာလဲ ထောင်ကျခဲ့ဘူးတယ် ဆို တာ မရှိခဲ့ဘူး၊ ထောင်ကျသွားမယ်ဆိုရင်လဲ ကျွန်မတို့က ကျေနပ်တယ်၊ ဒီလို ဖြစ်လိုက်တဲ့အတွက် အနယ်နယ် အရပ်က ရှိတဲ့ အဖွဲ့အစည်း အသီးသီးက ကူညီကြတဲ့အတွက် ကျေးဇူးလဲ တင်ပါတယ်၊ကျေလဲ ကျေနပ် တယ်။ ထောင်ကျတာ။

Voice : ပြန်လည် လွတ်မြောက်ဖို့တောင်းဆိုခဲ့တဲ့ ဗ.က.သ ကျောင်းသားတွေ ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တဲ့ ၈၈ကျောင်း သားများ အဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်တို့ရဲ့ လုပ်ဆောင်ချက်တွေကိုရော ဘယ်လိုမြင်လဲ။
MAN : သူတို့က ကျွန်မတို့ အပေါ်မှာ သံယောဇဉ် ကြီးတယ်၊ ကောင်းလည်း ကောင်းကြပါတယ်။ အစစအရာရာ လိုလေသေးမရှိ ရွာသူရွာသားတွေ အပေါ်မှာလဲ လုပ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးလဲတင်တယ်။ ညတိုင်းဆိုလဲ ကူညီခဲ့တဲ့ သူတွေကို မှန်းဆပြီး ရှိခိုးပြီးမှ အိပ်ပါတယ်၊ ဒီလက်ပန်းတောင်းတောင် အရေးကိစ္စမှာ ကူညီနိုင်မယ့် သူတွေလို့လဲ ကျွန်မတို့က ယုံကြည်ပါတယ်။

Voice : ပြန်လည်လွတ်မြောက် ပြီးတဲ့ နောက်ရက်မှာ မုံရွာဘက်ကမ်းကို တစ်ခေါက်ပြန်လာတယ်လို့ ကြားရတယ် ဘာကြောင့် ပြန်လာခဲ့တာလဲ။
MAN : အဲဒါကတော့ ကျွန်မတို့ အထဲမှာ အဖမ်းခံနေရတဲ့ အချိန်မှာ ရဲစခန်းရှေ့က ဘုန်းကြီးကျောင်း ဖြစ်တဲ့ မြို့မဂတ် ကျောင်းက ဆရာတော်က ရွာသူရွာသားတွေ၊ ကျောင်းသားတွေ အကုန်လုံးကို တည်းခိုခွင့် ပေးခဲ့တဲ့အတွက် ကျောင်းထိုင် ဆရာတော်ကို ကျေးဇူးတင်တဲ့အတွက် သွားပြီး ဝတ်ပြုခဲ့တာပါ။

Voice : စက်တင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ အပေါ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မုံရွာမြို့ခံတွေ က ဒီကိစ္စကို အထူး စိတ်ဝင်စားခဲ့ကြတဲ့ လူတွေကိုရော ဘာပြောချင်လဲ။
MAN : ပြန်လွတ်လာရွာကို အပြန်လမ်းမှာ နှုတ်ဆက်ကြတဲ့ လူတွေကို တွေ့တော့ အတိုင်းထက် အလွန် ဝမ်းသာမိပါတယ်၊ ပြန်လည် လွတ်မြောက်လာတဲ့ အချိန်မှာ ရွာက ဆွေမျိုးတွေကို ပြန်တွေ့ခွင့်ရတဲ့အတွက် စိတ်ချမ်းသာတယ်၊ လာနှုတ်ဆက်တဲ့သူတွေ အများစုက လက်ပန်းတောင်းတောင် အရေး ဆက်လုပ်မှာလားလို့ မေးကြတယ်၊ အထဲ မှာ ဖမ်းဆီးခံထားရတဲ့ အချိန်ကထဲက ဆက်လုပ်မယ်လို့ဆုံးဖြတ်ချက် ချပြီးသားပါ၊ အခုလွတ်မြောက်လာတော့လဲ လက်ပန်းတောင်းတောင် အရေး ဆက်လက် လုပ်ဆောင် သွားမှာပါ။

မှတ်ချက် - ဝက်မှေးရွာသူ သုံးဦး ကြမ်း တမ်းစွာ ဆက်ဆံ ခံခဲ့ရသည့်ကိစ္စနှင့် ပတ် သက်၍ The Voice Weekly က စက် တင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းတွင် မုံရွာ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းသို့ အတည်ပြု မေးမြန်းခဲ့ရာ ယင်းကိစ္စကို ၎င်းအနေဖြင့် ဖြေကြားပိုင်ခွင့် မရှိကြောင်း၊ မြို့နယ်မှူးနှင့် တွေ့ဆုံ မေးမြန်းရန်သာ ပြန်လည် ဖြေကြားခဲ့သည်။ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးကို တွေ့ဆုံ မေးမြန်းခွင့်ရရှိ ရန်အတွက် လက်ကိုင်ဖုန်းသို့ အကြိမ် ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကို လက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

News from : The Voice Weekly
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)

  The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis