menu

Sunday 26 August 2012

DVB မကွေးသတင်းထောက်နှင့် ကျောင်းသားမိဘတစ်ဦးတို့အား မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရ



DVB သတင်းဌာနမှ မကွေးသတင်းထောက် ဦးဇော်ဖေ(ခေါ်) ဦးသူရသက်တင်၊ အသက်(၄၀)နှစ်နှင့် တောင်တွင်းကြီးမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင် (ခေါ်) ဦးမြင့်လှိုင် အသက် (၄၁)တို့ နှစ်ဦးအား မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူးက ပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပုဒမ ၃၅၃ တာဝန်ဝတ္တရား နှောက်ယှက်မှုတို့ဖြင့် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က မကွေးမြို့ အမှတ်(၁)ရဲ တပ်ဖွဲ့ စခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဆိုပါသတင်းထောက်နှင့် ကျောင်းသားမိဘ ဦးလှိုင်လှိုင်တို့မှာ ဂျပန်နိုင်ငံ KIZUNA ပရောဂျက်အတွက် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အတွင်း ကျောင်းသားများ လေ့လာရေးခရီး စေလွှတ်ရန်အတွက် ကျောင်းသားများ အရည်အချင်းသတ် မှတ်ရွေးချယ်မှုနှင့် ပတ်သက်၍ မေးမြန်းရန် ပညာရေးမှူးရုံးသို့ သြဂုတ် လ ၂၄ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က သွားရောက်ခဲ့ကြကြောင်း
တိုင်းပညာရေးမှူးရုံးအပေါ် ထပ်ရုံးခန်းအတွင်းရှိ စာရေးမ ဒေါ်မြင့်မြင့်ဌေးအား ဦးလှိုင်လှိုင်မှ အ ထက်ပါ အကြောင်းအရာများ မေးမြန်းသောအခါ စာရေးမမှ သူဖြေကြား၍ မရနိုင်ကြောင်းပြော၍ ထိုင်ခုံမှထပြီး အောက်ထပ်သို့ ဆင်းပြေးခဲ့ကြောင်း၊ ထိုစဉ် DVB သတင်းထောက်မှ Movie ကင်မရာနှင့် နောက်မှလိုက်၍ မှတ်တမ်းတင်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးခန်းနှင့် တိုင်းပညာရေးမှူးရုံးခန်းနှင့် လက်ထောက်တိုင်းပညာရေးမှူးတို့၏ ရုံးခန်းတို့ကိုလည်း မှတ်တမ်းတင်ရိုက်ကူးခဲ့ကြောင်း၊ ထို့နောက် မိမိနေအိမ်သို့ ပြန်လာခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်မှ အမှုဖွင့်ထားသည်ဟု သိရှိရသောကြောင့် ရဲစခန်းသို့ သွားရောက်ခဲ့ကြောင်း DVB သတင်းထောက်မှ ပြောကြားသည်။

''ကျွန်တော်တို့က ကျောင်းသားရွေးချယ်မှုနှင့် ပတ်သက်ပြီး အချက်အလက်တွေ မေးချင်လို့ပါလို့ ဖုန်းဆက်တော့ စာရေးမ ဒေါ်မြင့်မြင့်ဌေးက ဖုန်းချသွားလို့ ရုံးကိုသွားမေးခဲ့တာပါ။ တိုင်းပညာရေးမှူးကြီး ခရီးထွက်နေလို့ သူလည်းပြောပြလို့ မရပါဘူးလို့ ပြောပြီး ထွက်ပြေးသွားတော့ ကျွန်တော်က ကင်မရာကိုထုတ်ပြီး နောက်ကနေ မှတ်တမ်းလိုက်ရိုက်ခဲ့တာပါ''ဟု DVB သတင်းထောက်က ပြောကြားသည်။ အဆိုပါကိစ္စအား မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းပညာရေးမှူးမှ တရားလိုပြု၍ အမှုဖွင့်ထားသည်ဟုသာ သိရပြီး ထိုဒုတိယတိုင်းပညာရေးမှူး၏ အမည်နှင့် အမှုတွဲနံပါတ်တို့အား မကွေးမြို့အမှတ်(၁) ရဲတပ်ဖွဲ့စခန်းမှ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း၊ DVB သတင်းထောက်၏ Sony အမျိုးအစား Movie ကင်မရာ 4 Gb Memory Stick နှင့် သတင်းထောက်ကတ်တို့အား ထိုရဲစခန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားကြောင်း၊ ဦးသူရသက်တင်နှင့် ဦးလှိုင်လှိုင်တို့အား သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်က အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ DVB သတင်းထောက် ဦးဇော်ဖေ (ခေါ်) ဦးသူရသက်တင်မှ ၂၀၁၀ ပြည့်နှစ် မေလအတွင်းက နတ်မောက်မြို့နယ် သမုန်းပင်ကျေးရွာတွင် သောက်သုံးရေရှားပါးမှုကို မှတ်တမ်းတင်ရိုက်ကူးသောကြောင့် ပုဒ်မ ၃၂(က) လိုင်စင်မဲ့ ဗီဒီယိုရိုက် ကူးမှုဖြင့် သရက်ထောင်တွင် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရသည်။ ငါးမိုင် ရဲဘက်စခန်းမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလက လွတ်မြောက်လာခဲ့ ကြောင်း သိရသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ မကွေးမြို့ အမှတ်(၁)ရဲစခန်းသို့ သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်က လူကိုယ်တိုင် သွားရောက်မေးမြန်းခဲ့သော်လည်း အမှုတွဲနံပါတ်နှင့် ဥပဒေပုဒ်မတို့ကို ပြောကြားခြင်းမရှိခဲ့ဘဲ သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က ဖုန်းဆက်မေးမြန်းခဲ့သော်လည်း စခန်းမှူးကြီး အပြင်သွားနေကြောင်း တယ်လီဖုန်းကိုင်သူမှာလည်း ထိုကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်းသာ ဖြေဆိုခဲ့ပါသည်။
“အခုကိစ္စမတိုင်မီမှာ ပခုက္ကူ ရေကြီးတာကို ဓာတ်ပုံရိုက်လို့ သတင်းထောက်ဆီက Memory ကတ် သိမ်းတာ၊ မိုးကြီးလို့ သစ်ပင်လဲတာကို ဓာတ်ပုံရိုက်လို့ဆိုပြီး ရဲစခန်းမှာ နှစ်ရက်ထိန်းသိမ်းခံရတာတွေကို ကျွန်တော်တို့ နယ်သတင်းထောက်တွေ ကြုံခဲ့ရတယ်။ အခုလည်းဖြစ်ပြန်ပြီ။ မကွေးတိုင်းဒေသကြီးရဲ့ အခုလိုဖြစ်စဉ်တွေက ဒီမိုကရေစီအပြောင်းအလဲ ကာလအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မကွေးတိုင်းဒေသကြီးဟာ သတင်းထောက်တွေ အတွက် အန္တရာယ်များတဲ့ ဒေသတစ်ခုဖြစ်နေပါ ပြီ” ဟု Weekly Eleven Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုးမှ ပြောကြားခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis