menu

Sunday 26 August 2012

အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ် မြန်မာပြည် ဆွေးနွေးပွဲတွင် ကိုမင်းကိုနိုင် ပါဝင်ဆွေးနွေး




ကိုမင်းကိုနိုင် ဆွေးနွေးပြောကြားနေစဉ်
အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆွေးနွေးပွဲကို သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ပါဝင်ဟော ပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကိုမင်းကိုနိုင်မှ ''တိုင်းပြည်ကို တိုးတက်အောင် တည်ဆောက်မယ်ဆိုရင် ပြည်သူတွေ ပါမှရမယ်ဆိုတာကို သက်ဆိုင်ရာ အာဏာသုံးရပ်က ပုဂ္ဂိုလ်တွေ သိထားရမှာဖြစ်သလို ကျွန်တော်တို့ ပြည်သူတွေကလည်း သိထားရမှာပါ။ ပြည်သူတွေဆိုတာ နောက်လှည့်ကြည့်ရင် ကျောကုန်းပဲရှိတယ်ဆိုတဲ့ အခြေအနေတွေပဲ ကြုံခဲ့ရပါတယ်။ အရပ်သားတက္ကသိုလ် ဘွဲ့ရတွေ တိုင်းပြည်ကိုဘယ်တော့မှ အုပ်ချုပ်လို့ မရတော့ဘူးလား။ ပြည်သူတွေရဲ့ စုပေါင်းမှု အားကောင်းမယ်ဆိုရင် ဘယ်လိုလက်နက်ကိုင်ယူ နီဖောင်းဝတ်တဲ့လူမျိုးကိုမဆို ပြန်လှည့်ကြည့်နိုင်တဲ့ အနေအထားမျိုး ရောက်မှာပါ။ ဒီလိုမျိုးဖြစ်ဖို့ဆိုရင် အရပ်ဖက် အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုအပ်တယ်ဆိုတာ အားလုံးဝိုင်း ၀န်းစဉ်းစားပေးစေချင်ပါတယ်'' ဟု ပြောပြခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို ဇမ္ဗူသီရိလူငယ်များ ပရဟိတအဖွဲ့မှ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ၇ ကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းနှင့် အပတ်စဉ် စနေနေ့တိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိလူငယ်များ ပရဟိတအဖွဲ့မှ ကိုဘော်ဘီက ''အပြောင်းအလဲတွေ လုပ်ဆောင်တဲ့အခါမှာ တစ်ဦးတစ်ဖွဲ့တည်း လုပ်ဆောင်လို့ မရပါဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုမိုထိရောက် အောင်မြင်မှာပါ။ နောင်ဆို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ ရှိပါတယ်''ဟု ပြောပြခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ကိုမင်းကိုနိုင်က ''နိုင်ငံရေးမူဝါဒအမှားတွေ၊ ဆုံးဖြတ်ချက်ချတဲ့သူတွေရဲ့ အမှားတွေကြောင့် နိုင်ငံရဲ့အခြေအနေဟာ အခုလိုဖြစ်ရတာပါ။ မှားမှန်းသိရင် ရဲရဲထပြောရဲတဲ့ ပညာတတ် လူ့အဖွဲ့အစည်းဖြစ်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ကြရမှာပါ။ ပညာကို ဦးထိပ်ထားတဲ့ လူ့အဖွဲ့အစည်းကသာလျှင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မှာပါ။ လူပုဂ္ဂိုလ်စွဲ မုန်းတီးမှုမျိုး မထားရှိသင့်ပါဘူး။ ဒါပေမယ့် သမိုင်းကိုရေးရင်တော့ အမှန်အတိုင်း တည့်တည့်ရေးရဲရပါမယ်။ သမိုင်းမှန်သမျှကို ပြည်သူတွေပဲ ရေးခဲ့တာပါ။ ပြည်သူတွေ လက်မခံရင် ကြက်ဆူပင်တောင် စိုက်လို့မရပါဘူး ''ဟု ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် လူငယ်များအနေဖြင့် အတွေးအခေါ်နှင့် စာရိတ္တကို ကျောခိုင်းမသွားကြဘဲ ဥာဏ်အမြော်အမြင်တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားအစ ကျေလက်နေပြည်သူများအဆုံး နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်နိုင်ရန် အရပ်ဖက်အဖွဲ့အစည်းများ အားကောင်းရန်လိုအပ်ကြောင်းနှင့် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲတဲ့အခါ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် အကျိုးဆက် အကောင်းအဆိုးတွေကို ချင့်ချိန်စဉ်းစားလုပ်ဆောင်ကြရန် လိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis