menu

Sunday 26 August 2012

မြစ်ချောင်းတွေ လက်မခံတော့တဲ့ . . . မိုးရေ( ဇော်ဝင်းချစ်(တောင်ငူ))

မိုးက မရွာလိုက်နှင့် ရွာလိုက်တာနဲ့ ရေကတက်လာပြီ၊ ရက်ကလေး နည်းနည်းရလာသည်နှင့် ရေကကြီးတော့သည်။   ချောင်းကပဲ ပိတ်နေတာလား၊ မြစ်ကပဲ ရေမစီးတော့တာလား၊ မြစ်ကြမ်းပြင်တွေကပဲ မတန်မဆမြင့်တက်နေသလား၊ ရေက ကြီးချင်တိုင်း ကြီးနေသည်ကတော့ ငြင်းဖွယ်ရာမရှိ  . . .

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေတက်ကာ တောင်ငူမြို့အတွင်း ရေ၀င်၍ ၀ါးဖောင်ဖွဲ့ သွားလာနေသည်ကို သြဂုတ်လ ဒုတိယပတ်က တွေ့ရစဉ်
...မိုးရေတက်ရေ တဖွေးဖွေး၊ ကွင်းကျယ်အဝေးဝေး ... လယ်စောင့် တဲလေးခြေတံရှည် မိုးကုပ်အောက်မှာနေ ... ကြာနီတစ်ပွင့်၊ ဖြူတစ်ပွင့်၊ တဲနှင့် ပနံတင့်တယ်လို့ ကျောင်းစာတွေ အော်ကျက်ရင်းနဲ့ ... မိအေးနဲ့တို့ အဖော်တွေ ... ကျောင်းကအပြန်လယ် ကွက်ထဲ မိုးထဲ ရေထဲ ပျော်လည်း ပျော်ကြတယ် ... လွယ်အိတ်ကလေးနဲ့ မလွတ်တလွတ်လွယ် ... မိအေးရယ် ငါ့ကိုပေးခဲ့ လွယ်အိတ်ကလေးကို ၀ိုင်းလို့လွယ်...
လွမ်းစရာ ကောင်းလှပါသည်၊ အောက်မေ့ဖွယ် ကောင်းလှပါသည်။ မြန်မာ့တောဓလေ့ကို သာယာလှပစွာ ပုံဖော်ထားတဲ့ ငယ်ငယ်တုန်းက ကြားဖူးနေကြ သီချင်းလေး၊ ဘာကြောင့်တော့မသိ၊ မကြားဖြစ်တာတော့ အတော်ကြာပြီ။
မဖွင့်ချင်ကြတော့တာလား၊ မဆိုချင်ကြတော့တာလား၊ ပြီးတော့ ဒီသီချင်းကို ပေါ်ပေါက်စေခဲ့တဲ့ ကဗျာဆရာကြီး မင်းသုဝဏ်ကရော ယနေ့ခေတ် ဖြစ်ပျက်နေတာကို မြင်ခဲ့ရင်ကော ဘယ်လိုရေးမလဲ၊ အခုတော့ ကျောင်းကအပြန် လယ်ကွက်ထဲဆင်းဖို့ နေနေသာသာ လမ်းမပေါ်မှာ တောင်ရေတွေကျော်နေလို့ ပျော် လည်း မပျော်နိုင်ကြတော့ပါဘူး၊ မိုးရွာရင် ရေတွေကြီး ရေတွေလျံ ဖြစ်လာတော့ ဘယ်နေ့ အိမ်ပေါ်ရေတက်လာမလဲဆိုပြီး အိပ်ကောင်းခြင်းလည်း မအိပ်ရနဲ့ ကလေးသူငယ်တွေကတော့ ကျောင်းစာတွေလည်း အော်ကျက်နိုင်တော့မယ် မထင်ပါဘူး။
ဟုတ်ပါသည်၊ အခုတော့မိုးတမရွာလိုက်နှင့် ရွာလိုက်တာနဲ့ ရေက တက်လာပြီ၊ ရက်ကလေး နည်းနည်းရလာသည်နှင့် ရေကကြီးတော့သည်။  ချောင်းကပဲ ပိတ်နေတာလား၊ မြစ်ကပဲ ရေမစီးတော့တာလား၊ မြစ်ကြမ်း ပြင်တွေကပဲ မတန်မဆ မြင့်တက်နေသလား၊ ရေကကြီးချင်တိုင်းကြီးနေသည်ကတော့ ငြင်းဖွယ်ရာမရှိ။ ငယ်ငယ်တုန်းကတော့ မိုးရွာရင်ပျော်သည်။ အိမ်ခြံထဲရေ၀င်ရင် ပျော်သည်။ အိမ်ခြံထဲရေ၀င်ရင် အိမ်ပေါ်ကနေ စက္ကူလှေကလေးတွေလုပ်ပြီး ရေထဲပစ်ချရင်း ပျော်ခဲ့ကြသည်။ ရေထဲမှာ ဘောလုံးကန်ရင်း ပျော်ခဲ့ကြသည်။ အခု တော့ ဒီလိုမဟုတ်တော့ပါ၊ မိုးတွင်းဆိုရင်အိမ်ခြံထဲရေ၀င်မှာ ကြောက်နေရသည်။ ရေ၀င်ရုံတင်ဆိုအကြောင်း မဟုတ်ဝင်ပြီးရင် ပြန်မကျတော့။ ပိုဆိုးတာက စက္ကူလှေလုပ်ပြီး ကစားလို့မရတော့ သစ်သားလှေတွေဝါးဖောင်တွေလုပ်ပြီး သွားဖို့လာဖို့ ပြင်ဆင်ကြရသည်။
မိုးတွင်းကာလမို့၊ မိုးရွာလို့ မြစ်ရေချောင်းရေကြီးတာ ဘာဆန်းတုန်းလို့တော့ ပြောကြပေလိမ့်မည်။ အခုတော့ မြစ်ရေ ချောင်းရေက၀င်ပြီဆိုရင် တော်တော်နဲ့ပြန်မကျတာက ပြဿနာ ဖြစ်နေသည်။ အဲဒီလိုရက်ရှည် ရေ၀င်တော့လူတွေလည်း နေစရာမရှိ၊ သီးနှံဆိုရင်လည်း ရေကြိုက် ပါတယ် အသက်ပြင်းပါတယ်ဆိုတဲ့ မြက်မျိုးနွယ်ဝင်စပါးလည်း မခံနိုင်တော့၊ ပုပ်ပြီးရိပြီး သေကုန်သည်၊ နုန်းမြေပိတဲ့ဒဏ်တွေခံပြီး ပျက်စီးဆုံးရှုံးရသည်။
... ပညာတွေနင့်မှာစုံ ရာထူးဂုဏ်ငွေဂုဏ်တွေနဲ့ အရာရှိမကြီး ဒေါ်မိမိအေးရယ်...ရွာဆီကို ပြန်လေမလား . . . သြော်နင်ရွာကို မေ့ပေမယ့် မိုးရေတက်ရေဖွေးလို့ရယ်...
ဒီသီချင်းလေးကို ရသမြောက်စေခဲ့တဲ့ ကဗျာဆရာကြီးမင်းသုဝဏ်က ရွာကမိအေးကို မြို့တက်ပညာသင်ကြားရင်း အရာရှိမကြီးဖြစ်စေခဲ့တာကို စိတ်ကူးထဲမှာ မြင်ယောင်အားကျစေခဲ့ပေမယ့်...
ပြီးခဲ့တဲ့ လအနည်းငယ်လောက်က ရန်ကုန်က ဟိုတယ်တစ်ခုမှာတည်းနေတော့ ဟိုတယ်သန့်ရှင်းရေးလုပ်တဲ့ ပုသိမ်ကလာတာပါဆိုတဲ့ ကျေးလက်တောရွာသူလေးတစ်ယောက်နဲ့ စကားပြောခဲ့ဖူးတာကိုတော့ပြန်၍ ကြားယောင်မိပါသည်။
''ရွာမှာက ဘာမှလုပ်စားလို့မှ မရတော့တာ၊ ပဲဈေး စပါးဈေး မကောင်းရတဲ့အထဲ ရာသီဥတုကလည်း အရင်လို မဟုတ်တော့ဘူး၊ ကျွန်မတို့မှာ လယ်နှစ်ဧကလောက်ရှိတာ သီးနှံတွေ ခဏခဏပျက်လို့ ၀မ်းစာတောင် အနိုင်နိုင်ရယ်၊ မိုးတွင်းရောက်ရင် ကျွန်မ တို့ရွာက လယ်တွေအမြဲတမ်းလိုလို ရေဖွေးဖွေးတွေမြင်နေရတာပါပဲ၊ ဘယ်ကလာတဲ့ရေတွေမှန်းလဲ မသိပါဘူး၊ လယ်တွေထဲကရေတွေ မြန်မြန်ကျဖို့အရေး ကျွန်မတို့မိသားစုတွေ တတ်သမျှဂါထာတွေ အကုန်ရွတ်ခဲ့ရတယ်လေ၊ မထူးခဲ့ပါဘူး၊ အချိန်တန်တော့၊ လယ်ကပျက်ပြီး ကျန်ခဲ့တာပဲ၊ ဒါကြောင့် လယ်သမား သားသမီးဖြစ်ရတဲ့ဘ၀ကို စိတ်တောင်နာချင်တယ်၊ အခုဒီမှာလုပ်နေတာ ဟိုတယ်သန့်ရှင်းရေးဆိုပေမယ့် တစ်လကျပ် ၅၀၀၀၀ ရတယ်၊ နေစရာနဲ့ စားစရာကတော့ ဟိုတယ်က ပေးတယ်၊ ကိုယ့်အတွက် မဖြစ်မနေ အသုံးစရိတ်ကို ချွေတာသုံးပြီးမှကျပ် ၃၀၀၀၀ လောက်ပဲ ကျန်တယ်ဆိုပေမယ့် ကျန်သလောက်တော့ အိမ်ကို ပြန်ပို့နိုင်သေးတော့ တော်သေးတာပေါ့''လို့ မချိတင်ကဲ ပြောပြတာကိုလည်း စိတ်မကောင်းစွာ ကြားခဲ့ရပါတယ်။

မိုးက မရွာလိုက်နှင့် ရွာလိုက်တာနဲ့ ရေကတက်လာပြီ၊ ရက်ကလေး နည်းနည်းရလာသည်နှင့် ရေကကြီးတော့သည်။   ချောင်းကပဲ ပိတ်နေတာလား၊ မြစ်ကပဲ ရေမစီးတော့တာလား၊ မြစ်ကြမ်းပြင်တွေကပဲ မတန်မဆမြင့်တက်နေသလား၊ ရေက ကြီးချင်တိုင်း ကြီးနေသည်ကတော့ ငြင်းဖွယ်ရာမရှိ  . . .
''ရွာကတော့ ရန်ကုန်ကဟိုတယ်မှာ လုပ်တယ်ဆို တော့ တစ်မျိုးတစ်မည်ထင်ကြတာပဲ၊  ဒါပေမယ့်လည်း မတတ်နိုင်ပါဘူး ကိုယ့်လိပ်ပြာကိုယ်ယုံတယ်လေ၊ ရွာမှာက လယ်မကောင်းရင် ဘာမှမလုပ်တတ်တော့ဘူး၊ မောင်ငယ်ညီမငယ်တွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေးက ရှိသေးတယ်၊ အကြီးဆုံးဖြစ်တဲ့ ကျွန်မက မိဘတွေကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနိုင်အောင် လုပ်ရမှာပေါ့၊ မသေချာမရေရာတဲ့ လယ်အလုပ်ကိုလည်း မလုပ်ချင်တော့ဘူး ရွာကိုလည်း မပြန်ချင်တော့ဘူးလေ''လို့ ဟိုတယ်အခန်း သန့်ရှင်းရေးလုပ်ရင်း ပြောပြသွားတော့သူ့အတွက် စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဆင်းရဲတာ ဘာမှမဆန်းပေမဲ့ ဒီလိုမိန်းကလေးမျိုးတွေ ဘယ်နှယောက်လောက် တစ်နယ်တစ်ကျေး၊ ရေခြား မြေခြား နိုင်ငံခြားတွေမှာ ဘယ်လိုနည်းမျိုးတွေနဲ့ ရုန်းကန်နေကြရပြီလဲ၊ မြန်မာလူမျိုး မြန်မာလုပ်ငန်းရှင်တွေရဲ့ လက်အောက်မှာတောင် ဒီလိုလုပ်နေရရင် နိုင်ငံခြား၊ လူမျိုး ခြားလုပ်ငန်းရှင်တွေရဲ့ လက်အောက်မှာဆိုရင် ဘယ်လိုတွေများ လုပ်ကိုင်နေရပြီလဲ။ သူတို့ရဲ့နောက်ကွယ်မှာ သူတို့ရဲ့ မိသားစုတွေ ဘယ်လိုတွေများ အခက်အခဲ ဖြစ်နေကြလို့လဲ၊ ကျေးလက်တောရွာက နုနုငယ်ငယ် မိန်းကလေးတစ်ယောက် အိမ်ကထွက်ပြီး မိဘအရိပ်နဲ့ ကင်းဝေးရာ တစ်နယ်တစ်ကျေးမှာ ဟိုတယ်တွေမှာ သန့်ရှင်းရေးလုပ်ရင်း ဘ၀တိုက်ပွဲဝင်နေရသည်က ကျေးလက်နေ ပြည်သူတွေဆင်းရဲပြီး အတိဒုက္ခ ရောက်နေတဲ့ဘ၀ကို ပြေးကြည့်စရာလိုတော့မယ် မထင်ပါဘူး။
ရွာကနေမြို့တက် ပညာသွားသင်ပြီး အရာရှိဖြစ်ခဲ့တာက သီချင်းထဲက မိအေးပါ၊ ဟိုတယ်ကတော သူမလေးကတော့ သဘာဝဘေးဒဏ်တွေကြောင့် မလှပတဲ့ဘ၀တွေကို ရှောင်ရှားနိုင်မယ်ထင်လို့ မြို့တက်ပြီး ဟိုတယ်အခန်းက အိမ်သာတွေကို သန့်ရှင်းရေး လုပ်နေခဲ့တာပါ။ သူ ပြောသွားတဲ့ အသက်က ၁၉ နှစ်ဆိုတော့ သြော် ... မိဘအရိပ်ခိုပြီး တက္ကသိုလ်မှာ စာသင်နေရမယ့်အရွယ်ပါလားလို့တော့ ကိုယ်ချင်းစာ ကရုဏာသက်လိုက်မိပါတယ်။
မိုးရွာတာ အပြစ်တင်ချင်တာတော့ မဟုတ်၊ ခါတိုင်းနှစ်တွေနဲ့မတူ ရာသီသီဥတု ပြောင်းလဲနေတာတွေ၊ မြစ်ရေကြီးနေတာတွေက ဘာကြောင့်လဲ...ဘာဖြစ်လို့လဲ...ဆိုတာကိုအဖြေရှာဖို့တော့ လိုနေပြီ၊ မေးခွန်းထုတ်ဖို့တော့ လိုနေပြီဆိုတော့...  
သဘာဝဂေဟစနစ်တွေဖြစ်တဲ့ သစ်တောပြုန်းတီးခြင်းနဲ့ မြစ်ချောင်းတွေတစ်လျှောက် နေရာတိုင်းမှာ လက်ညှိုးထိုးမလွဲလုပ်ကိုင်လာတဲ့ ကျောက်ထုတ်၊ သဲထုတ်နဲ့ ရွှေရှာ သောလုပ်ငန်းတွေကြောင့် မြစ်ကော၊ ချောင်းကောဖြစ်လာတာတွေကိုပဲ အပြစ်တင်ရတော့မည် ထင်သည်။ဆုတ်ယုတ်ခြင်းတွေမှာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ပျက်စီးတာတွေ သိသာထင်ရှားလာသည်။ ဆိတ်ပါများတော့ အနာဖြစ်ဆိုတဲ့အတိုင်း ကမ်းပါးတွေပြို၊ ကျွန်းတွေထွန်း၊ သဲသောင်တွေဖြစ်ထွန်းပြီး မြစ်တွေချောင်းတွေ ကောလာရသည်။ မြစ်ကြောင်းတွေ ပြောင်းလဲပိတ်ဆို့ လာရသည်။ သစ်တောပြုန်းတီးမှုကြောင့် ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ မြေဆီလွှာတွေက နုန်းပို့ချမှုတွေဖြစ်လာတော့ မြစ်ကြမ်းပြင်တွေ မြင့်တက်လာရသည်။ အာရှတိုက်ကိုဦးတည်လာတဲ့ ကမ္ဘာကြီးပူနွေးလာခြင်းတွေက နာဂစ်နဲ့ ဂီရိလို ကံကြမ္မာဆိုးတွေ မြန်မာနိုင်ငံကို သယ်ဆောင်လာတယ်၊ သဘာဝတောတောင်ပျက်စီးခြင်း၊ မြစ်ရေခန်း ခြောက်ခြင်းတွေက ဖောက်ပြန်တဲ့ ရာသီဥတုတွေဖြစ်လာတော့ နေရာကွက်ပြီး မိုးခေါင်ခြင်း၊ နေရာကွက်ပြီး မိုးကြီးခြင်းစတဲ့ မမျှတမလှပတဲ့ ရာသီဥတုတွေ ဖြစ်လာရသည်။
ဒီနှစ် မြန်မာနိုင်ငံ အထက်ပိုင်းဒေသအချို့ နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခွင်ကိုသာ နေရာကွက်ပြီး မိုးရွာသွန်းခဲ့လို့ မြစ်ရေကြီးခဲ့ပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတွေမှာ မိုးရေမရလို့ စိုက်ခင်းတွေ ရေတင်စိုက်ကြရတယ်၊ မိုးခေါင်ရေရှားတွေဖြစ်လို့ မိုးခေါ်လွန်ဆွဲပွဲတွေ လုပ်ခဲ့ရတယ် ဘာမှတော့ ထူးပုံမပေါ်၊ မိုးမရလို့ သီးနှံတွေ အထွက်နှုန်းကျတယ်ဆိုတဲ့ အသံတော့ ကြားလိုက်ရတာပါပဲ။ လက်တွေ့မှာတော့ မြစ်ကြီးလေးသွယ်နဲ့ မြစ်ငယ်တွေက ဖြစ်ရုံလောက်သာရွာတဲ့မိုးရေကိုတောင်မှ လက်ခံနိုင်ခြင်း စီးဆင်းခြင်းမတတ်နိုင်တော့ ရေဘေးဒဏ်တွေကို မြစ်ချောင်းနံဘေး နေပြည်သူတွေ အကြိမ်ကြိမ် ရင်ဆိုင်ကြရတယ်၊ မြစ်ချောင်းနံဘေး ကျေးလက်တောရွာ၊ လယ်ယာမြေက သီးနှံတွေ ရေလွှမ်းပျက်စီးဆုံးရှုံးကြရတယ်။ ပြီးခဲ့တဲ့နှစ်က ပခုက္ကူလိုအညာဒေသမှာ နာရီပိုင်းအတွင်း မိုးရေချိန် ၁၂ လက်မကျော် ရွာသွန်းလိုက်တော့ အသက်အိုးအိမ်စည်းစိမ်၊ ကျွဲနွားတိရစ္ဆာန် ထောင်ပေါင်းများစွာနဲ့ လယ်ယာသီးနှံစိုက်ဧကပေါင်းများစွာ သေကျေပျက်စီးဆုံးရှုံးခဲ့ရတယ်၊ သွေးနဲ့မျက်ရည်စီးခဲ့ကြရတယ်၊ ဒူးနဲ့မျက်ရည်  သုတ်ခဲ့ကြရတယ်၊ ကပ်ဆိုးကြီးတစ်ခုလို ဖြစ်လာတဲ့ မြစ်ချောင်းများ နှစ်စဉ်ရေလွှမ်းမိုးခြင်းက မြစ်ချောင်းနံဘေးနေ ပြည်သူတွေ၊ ကျေးလက်တော ရွာလယ်ယာလုပ်ငန်းခွင်နေပြည်သူတွေကို ဆင်းရဲခြင်းကြိုးတန်းပေါ် မျက်စိစုံမှိတ် လျောက်လှမ်းစေခဲ့ရတယ်။  မြန်မာမိန်းကလေးတွေက ဟိုတယ်မှာလုပ်ရတဲ့ တောသူမလေးလိုဘ၀တိုက်ပွဲဆင်နွှဲကြရတယ်။ ခေါင်းမမော့နိုင်တဲ့ဘ၀နဲ့ ကံကြမ္မာတွေကို အားငယ်စွာ လျှောက်လှမ်းကြရတယ်။

နှစ်စဉ်တိုင်းမှာ တစ္ဆေလိုခြောက်လှန့်နေတဲ့မြစ်ရေက နေရာတိုင်းမှာ အင်နဲ့အားနဲ့ ဖြစ်လာတယ် ကြိုကြားကြိုကြားရွာတဲ့မိုးတောင်မှ မြစ်ကြောင်းစီးဆင်းရာ မြို့နယ်တိုင်းမှာ စိုးရိမ်ရေအမှတ်အထက်ကို ကျော်လွန်ခဲ့ကြတယ်...ရေလွှမ်းခဲ့ကြတယ် ...ရေကြီးခဲ့ကြတယ်...ရေမြုပ်ခဲ့ ကြတယ်...
အခုတော့....
ခြေတံရှည်တဲ့ လယ်စောင့်တဲလေး ရေမြုပ်နေပြီ ...မိအေးရဲ့ လွယ်အိတ်ကလေးကို ၀ိုင်းလို့ မလွယ်နိုင်တော့ပြီ...။
ဟော့ဒီမြန်မာပြည် လယ်ယာတောတွေမှာတော့ နှစ်တိုင်းလိုလိုပဲ မြင်ကွင်းကျယ်ကျယ် ဖွေးနေတဲ့ ရေတွေဟာ မြစ်ချောင်းတွေက လက်မခံတော့တဲ့ ... မိုးရေတွေပဲပေါ့... မြစ်တွေ ... ချောင်းတွေ ... လက်မခံတော့တဲ့ ...။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis