ပြင်းထန် လွန်းလှသော ရင်တွင်း ဝေဒနာကြောင့် ထင်သည်။ အမေ လွန်စွာပင်ပန်း မောဟိုက်နေရှာသည်။
အမေ့ တစ်ကိုယ်လုံးလည်း ချွေးများ
ရွှဲနစ်လျက်။ အ၀တ်အစားများကို လဲပေးလိုပေမဲ့ အမေက အလှုပ်မခံနိုင်။
နည်းနည်းကလေး လှုပ်ရှား လိုက်သည်နှင့် အဆမတန် ပင်ပန်းတတ်လေရာ မကြီးမှာ
တဘက်ကလေးဖြင့် အသာအသာ သုတ်ပေး နေရသည်။
ထိုသို့ သုတ်ပေးရင်း အမေ့
နဖူးပေါ်သို့ လက်ဝါးအုပ်ကာ ဆုတောင်း မေတ္တာပို့သုတ်များ၊ အန္တရာယ်ကင်း ပရိတ်
တရားတော်များကို တီးတိုး ရွတ်ဆိုလျက် ရှိသော အဖေ့ကို မော်ကြည့်လိုက်မိ၏။အဖေ
ပကတိ တည်ငြိမ် လွန်းလှသည်။ အမေ့ ဝေဒနာကို ကူး စက်ခံစား တရား
မှတ်ရှုနေဘိသကဲ့သို့ နာရခြင်း ဆင်းရဲကို အဖေ သတိမပြတ်မလစ်လပ်စေဘဲ
ဘာဝနာပွားနေခြင်းလည်း ဖြစ်နိုင်ပေသည်။
တကယ်တော့ အဖေသည် သံသရာ၏
ဝဋ်ဆင်းရဲ ဖြစ်သော အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ကွေကွင်း
ခွဲခွာရခြင်းတည်း ဟူသော တရားများကို အသက်လေးဆယ် မပြည့်မီက တည်းက ကောင်းစွာ
သဘောပေါက နားလည်ခဲ့သူ မဟုတ်ပါလား။
ငြိမ်းချမ်းမှု သုခအစစ်သည်
အဘယ်တွင် တည်ရှိကြောင်း အဖေ လေ့လာ သိရှိခဲ့ပြီးပြီ။ ထို့ကြောင့် အိမ်ထောင်
အနှောင်အဖွဲ့၊ သံယောဇဉ် ကြိုးတို့ကို ဖြတ်တောက် ပယ်ရှင်းကာ အလုံးစုံသော
ဆင်းရဲခြင်းတို့ ကင်းရာကို ရည်သန်၍ လောကီလူ့ဘောင်ကို ဥပေက္ခာ ပြုနိုင်ရန်
ကြိုးစားခဲ့သူ မဟုတ်ပါလား။
အမေ လူးလွန့် လှုပ်ရှားလိုက်သည်။ အမေ့ထံ
အာရုံပြန် ရောက်သွား၏။ တစောင်းကွေးကလေး လှဲနေရာက နေရာ ပြောင်းလိုက်သော်လည်း
အမေ သတိကောင်းစွာ မရသေး။ အမေ့ လှုပ်ရှားမှုသည် သတိလက်လွတ် မိန်းမောလျက်
ရှိသော လှုပ်ရှားမှု၊ ဝေဒနာ၏ တစ်စိတ်တစ်ဒေသ ဖြစ်သော လှုပ်ရှားမှု မျှသာဖြစ်သည်။
လူးလွန့်ရင်း အမေ့နှုတ်မှ စကားကို တစ်စွန်းတစ်စ ကြား လိုက်ရသလိုလို
ဟိုတစ်နေ့ကလို အဖေ့ နာမည်ကို တလိုက် လေသလား။ အာရုံစူးစိုက်ထားလိုက်၏။
သို့သော် စကားသံ က ၀ိုးဝါးထွေးလျက်ရှိသဖြင့် မကြီး နားမလည်လိုက်။
သူ့နာမည်ကို သတိမရှိသည့်ကြားမှ အမေ ထုတ်ဖော်မြည်တမ်း လျက်ရှိကြောင်း
အဖေကိုယ်တိုင် နားဖြင့် ဆတ်ဆတ်ကြား လိုက်ရပါလျှင်...။
မကြီး ဆန္ဒ
မပြည့်ဝပါ။ မျက်လုံး မဖွင့်ဘဲ ညည်းတွားနေ သည့် အမေ့စကားသံကလေးမှာ
သဲ့သဲ့ကလေး။ စကားလုံးများ လုံးဝ မသဲကွဲ။ အမေ့ကို စိုးရိမ်စွာ ကြည့်နေမိရာက
အဖေ့ကို မော့ကြည့် လိုက်မိပြန်၏။ စောစောက တွေ့မြင်ခဲ့ရသည့် အဖေ့ထံမှ တည်
ငြိမ်မှုတို့ ပျက်ပြယ်သွားကြပြီကို ရုတ်ခြည်း မြင်သိလိုက်မိ၏။ အဖေသည်
နှစ်ပေါင်း သုံးဆယ်ကျော် သူ့ဘ၀အဖော်ဖြစ်ခဲ့သည့် အမေ့ကို စူးစူးစိုက်စိုက်
ကြည့်နေ၏။ အဖေ့ မျက်လုံးအကြည့် သည် ပူပန်ကြောင့်ကြမှုကို ထင်လင်းစွာ
ဖော်ပြနေလေသည်။ အဖေက အမေ့နဖူးဆံစပ်မှ ချွေးသီးချွေးပေါက်များကို မျက်နှာ
သုတ်ပ၀ါကလေးဖြင့် ညင်သာစွာ သုတ်ပေးနေသည်။ အဖေ့ လက်များ မသိမသာ
တုန်ယင်နေကြသည်။
အမေ့ ဝေဒနာ။ အဖေ့ အကြင်နာ အပြုအစု။ မကြီး ရင်ထဲဝယ် ထူးခြားသော ခံစားမှုများ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်လာသည်။
တရား ရိပ်သာဝယ် အေးချမ်းမှု သုခအစစ်ကို ခံစားနေရ ပြီဖြစ်သော အဖေ့ကို မကြီး
သွားရောက်တွေ့ဆုံခဲ့မိသည်။ အမေ့အဖြစ်ကို အလုံးစုံပြောပြခဲ့မိသည်။
အဖေ့ခြေကို ခေါင်း အပ်ကာ ဆောက်တည်ရာမရ ငိုကြွေးခဲ့မိသည်။ ဒါကလည်း
ဝေဒနာခံစားရင်း သတိကင်းလွတ်နေရှာသော အမေ့အတွက်၊ အဖေ့ နာမည်ကို ကယောင်ကတမ်း
တခဲ့ရှာသော အမေ့အတွက်၊ နောက်ဆုံးအချိန်သို့ ရောက်ရှိနေလေပြီလားဟု
စိတ်ထင့်ခဲ့ရ သော အမေ့ အခြေအနေ အတွက်။
အမေ့အတွက် မောင်နှမတစ်တွေ
စိတ်တူ သဘောတူ လုပ်ဆောင် ခဲ့ကြမိခြင်းသည် အဖေ့တရားကို ဖျက်ဆီးရာ
ကျနေလေပြီလား။ သောက ကမ္ဘာထဲသို့ အဖေ့ကို ပြန်လည် ခေါ်ငင်ခဲ့မိသလို
ဖြစ်နေပြီလား။ သို့ပေမဲ့ အဖေ ယခုလို ပူပန် စိတ်ကြီးစွာဖြင့် အမေ့ကို
ပြုစုနေသည်ကို မြင်ရပြန်တော့ မကြီးမှာ နှိုင်းယှဉ်ဖွယ်ရာ မရှိအောင်
ကြည်နူးမိပြန်သည်။
ခုနေများ အမေသတိ ကောင်းကောင်း ရလာရင် ဘယ်လောက်
အားရှိသွားမလဲ။ ကျေနပ် သွားမလဲ။ အားရှိ သွားရှာမှာ အမှန်ပါပဲ။ သူနှင့်တကွ
သားသမီးများကို လျစ်လျူရှု ထွက်ခွာ သွားပြီဟု အမေ ယူဆထားခဲ့သော အဖေ။ ယခု
မိသားစုထဲသို့ ပြန်လည်ရောက်ရှိနေကြောင်း အမေသာ သိလျှင် အလွန်တရာမှပင်
စိတ်ချမ်းသာရာရမည်မှာ အမှန်။
အမေရယ် သတိကောင်းကောင်း
ရလာပါတော့လား။ အမေ့မျက်လုံး တောက်တောက်ကလေးတွေကို ဖွင့်ကြည့်လိုက် စမ်းပါ။
အမေ့ဘေးမှာ အဖေ ပြန်ရောက်နေပြီ၊ အမေ့ကို ပြုစု နေပြီလေ။ အဖေ့မျက်လုံး
အကြည့်တွေကို အမေ မြင်စေချင် လိုက်တာ။ သမီး အဖေ့ကို အမေ့ဆီ
ပြန်ခေါ်ခဲ့ပြီလေ။
မျက်ရည်ပေါက်ကြီး နှစ်ပေါက်သည် မကြီး ပါးပြင်ပေါ် သို့ လိမ့်ကျစီးဆင်းသွားသည်။
သန်မာသော လက်နှစ်ဖက်က မကြီး၏ ပခုံးများကို ဆုပ်ကိုင်လိုက်၏။နွေးထွေးသော
လက်များ၊ အားပေးသော လက်များ၊ မေတ္တာပြည့်သော လက်များ၊အဖေ့လက်များ။ “သမီးကြီး”
မျက်ရည်စက်လက်နှင့်ပင် မကြီး အဖေ့ကို မော့ကြည့် လိုက်မိ၏။ အဖေက
အသက်ရှူမှန်သွားပြန်သော အမေ့ကို တစ်လှည့် မကြီးကို တစ်လှည့်ကြည့်ပြီးမှ- “လူ့လောကဆိုတာ ဒီလိုပဲပေါ့ သမီးကြီးရယ်။ လူရယ်လို့ ဖြစ်လာရင် ဒီတရားတွေဟာ ရှောင်လွဲလို့ မရနိုင်ပါဘူး”
မကြီးကို နှစ်သိမ့်မှုပေးနိုင်စွမ်းရှိသော အင်အားဖြည့် အပြုံးတစ်ခုကို
ဖန်တီးထားရင်း အဖေ သူ့စကားကို ဆက်၏။ ကလေးငယ်တစ်ယောက်ကို သဘောပေါက်
နားလည်အောင် ရှင်းပြနေသကဲ့သို့။
“တကယ်တော့ ကြုံကြိုက်လာတဲ့
ပြဿနာကို စိတ်ခိုင် ခိုင်နဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားဖို့ဟာ အဓိကပဲ
သမီးရဲ့။ တချို့ပြဿနာကျတော့ ဖြေရှင်းလို့ရနိုင်တယ်။ တချို့ကျတော့
ဘယ်သူဝင်ဖြေရှင်းလို့မှ မရနိုင်တဲ့ ပြဿနာမျိုး။ အဲဒါမျိုးကြုံ ရင်
စိတ်ဓာတ်မကျရဘူး သမီးကြီး။ ဥပမာ အခု မေမေ့အဖြစ် မျိုးမှာ သမီးတို့
မောင်နှမတွေ ဒီက ဆရာဝန်၊ ဆရာမတွေ အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
ဆောင်ရွက်ပေးကြတယ်။ ဒါပေမဲ့ ခုချိန်ထိ သိသိသာသာ တိုးတက်မှု မရှိလာသေးဘူး။
ဒါကို မျှော်လင့်ချက် ကုန်ပြီလို့ မမှတ်ရဘူး သမီး။ သမီး မေမေအသက်နဲ့
ခန္ဓာမြဲနေသေးတယ်ဆိုတာကိုက အားတက် စရာပါ။ စိတ်ကိုလွှတ်မထားနဲ့ကွယ်။ သမီး မေမေ
ပြန်ကျန်းမာ လာမှာပါ။ ဖေဖေ သစ္စာပြုထားပါတယ်။ သမီးကြီး စိတ်ငြိမ်
ငြိမ်ထားပြီး နားနားနေနေ နေပါ။ ကဲ ပြန်နားချေဦး၊ တစ်ည လုံးလည်း အိပ်ရေး
ပျက်ထားတာ။ ခဏနေ ကိုဖြိုးနဲ့ ကိုတိုး တို့လည်း ရောက်လာကြမှာပဲ။ အိမ်ပြန်
အိပ်ချေ။ ဟုတ်လား”
အဖေ ချစ်သော သမီးမို့လား မပြောတတ်။ အဖေ့ စကား ကြားရသည်နှင့် မကြီး အားတွေ ပြန်တက်လာသည်။ “ဖေဖေ သစ္စာပြုထားပါတယ်”
“ဖေဖေ သစ္စာပြုထားပါတယ်” တဲ့။ အဖေ့ သစ္စာပြုချက်ကို မကြီး သိလိုလှပါသည်။ အဖေ ဘယ်လိုများ သစ္စာပြုထားပါသနည်း။
မည်သို့သော သစ္စာကိုပင် ပြုပြု၊ အဖေ့လို စိတ်ဓာတ် ပြတ်သားသော၊
စကားတည်ကြည်သော၊ တရားကို လက်တွေ့ ကျင့်သုံးနိုင်ရန် အားထုတ်လျက်ရှိသော
ပုဂိ္ဂုလ်မျိုး၏ သစ္စာ သည် စူးရှထက်မြက် လိမ့်မည်ဟု မကြီး သံသယမဲ့စွာ
ယုံကြည်နေပါ၏။
မကြီးသည် အဖေ့ကို အလွန်ချစ်သော သမီးကြီး မဟုတ်ပါလား။
သူ့ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားသည့် အဖေ့လက်များ ကို မကြီးအားကိုးလှစွာ
ဖက်တွယ် ထားလိုက်မိ၏။ သည်မှာ တင် စိတ်ဓာတ်အင်အား လျော့ပါးလျက်ရှိသော
သမီးအတွက် “ဖခင်” ဆိုသော အသိသည် တန်ဖိုး ကြီးလှကြောင်း မကြီး ခံစားလာမိ၏။
အထက်တန်း အဆင့်ပြ ကျောင်းဆရာမကြီး “မကြီး”သည် အဖေ့
ရှေ့ဝယ်ပျောက်ကွယ်သွားပြီ။
“အင်း ငါ့သမီးလည်း လူကြီး ဖြစ်နေပေမဲ့ ကလေးပဲ ရှိပါသေးလားကွယ်”
ညင်သာ ပျော့ပျောင်းကြင်နာမှု လောင်းသော အဖေ့ စကားသည် ထိလွယ်၊ ခိုက်လွယ်
ဖြစ်နေသည့် မကြီး၏ ပုံရိပ်ကို ကြည်လင် ပြတ်သားစွာ ထင်ဟပ်ပြလိုက်သည့်နှယ်။
ထူးခြားသည်ကတော့ အမှန်။ အဖေရောက်ပြီး နောက် တစ်နေ့မှာပင် အမေ သတိ ကောင်းစွာ ပြန်ရလာခဲ့၏။ မကြီးကတော့ အဖေ့ သစ်္စာ၏တန်ခိုးကြောင့်ဟု တထစ်ချမှတ်ယူလိုက်၏။
အမေ သတိရလာချိန် က အရုဏ်ကျင်းစ အလင်း ရောင်ပျပျကလေး ၀င်လာချိန်၊ တစ်ညလုံး
အမေ့အနားမှာ ပက်လက် ကုလားထိုင်တစ် လုံးဖြင့် တငုတ်တုတ်တုတ် စောင့်နေခဲ့သော
မကြီးသည် အမေ့လှုပ်ရှားမှုတိုင်းကို အရိပ် ကြည့်နေခဲ့သဖြင့် အမေ သတိ
ရလာကြောင်းကို ချက် ချင်း သိသည်။ အမေ လှုပ် လိုက်သည်ဟုထင်၍ ဂရုစိုက်
ကြည့်လိုက်သည့် အခါ မျက်လုံးကလေး မှေးစင်းစင်းဖြင့် ဗိုက်ပေါ်မှ စောင်ကို
ရင်ညွန့် အထိ ဆွဲတင်ရန် ကြိုးစားနေသော အဖြစ်ကို သတိထား လိုက်မိ၏။
“အမေ” ဟု ၀မ်းသာ လှိုက်လှဲစွာ ခေါ်ကြည့်လိုက်မိ သောအခါ “သမီးလား”ဟု
ချက်ချင်းလိုလို တုံ့ပြန်လိုက်၏။ ပြီး ဆက်တိုက်လိုပင် နံရံမှမီးချောင်းကို
လှမ်းကြည့် ကာ “သမီးကလည်း အိပ်ရင် မီးပိတ်ထားမှပေါ့။ ဘာလဲ စာဖတ်ရင်း
အိပ်ပျော် သွားလို့ လား”
မကြီး အမေ့ မေးပုံကို ရုတ်တရက် နားမလည်။
စောင်ကိုဆွဲပြီး အမေ့ကို လုံခြုံစွာခြုံပေးနေရင်း အပြေး အလွှား
စဉ်းစားလိုက်ရ၏။ ခဏကြာမှ စည်းကမ်းကြီး သောအမေတစ်ယောက် သူနှင့် မကြီးတို့
အိပ်ခန်းထဲ တွင် မီးချောင်း ထွန်းထားသည်ဟု ယူဆနေခြင်း ဖြစ်ကြောင်း၊
ထို့ကြောင့် မကြီးကို စာဖတ်ရင်း အိပ်ပျော်သွားလို့လားဟု မေးနေခြင်း
ဖြစ်ကြောင်း နားလည် လာတော့သည်။ သြော်- အမေ။ ဝေဒနာ သည်းစွာ ခံစားရင်း
ဆေးရုံပေါ် ရောက်ရှိနေသည်ကို မသိရှာသေးပါလား။
“အမေ၊ ဒါ မကြီးတို့ အိပ်ခန်း မဟုတ်ဘူးလေ အမေရဲ့။ အမေ အရမ်းမောပြီး သတိလစ်သွားလို့ ဆေးရုံ တင်ထားရတာ အမေရဲ့”
အမေ စူးစမ်းသော အကြည့်ဖြင့် မကြီးကို စောင်းငဲ့ကြည့် လိုက်သည်။ ပြီး
သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေပြန် သည်။ အားနည်းဖျော့တော့သောအကြည့်၊
အသိစိတ်ေ၀၀ါး မှုန်ရီသော အကြည့်။ အာဟာရ ဖြည့်သွင်းရန် နှာခေါင်းပေါက်
အတွင်းမှ ထည့် ထားရသော ပိုက်ကလေးကို သူစမ်းမိသွားသည့်အခါမှ မျက်မှောင်ကြီး
ကုတ်ကာ- “ဘယ်နှရက် ရှိသွားပြီလဲ”
“ဆေးရုံရောက်တာ သုံးရက်ရှိသွားပြီ အမေ”
“အမေ လုံးဝ မသိဘူး သမီး။ ကိုတိုးတို့ဆီ သမီး အကြောင်းကြားသေးသလား”
အမေက သူ အချစ်ဆုံး သားငယ်ကို အဦးဆုံး မေးလိုက် ပါပြီ။ သြော် အမေရဲ့ဇော။
“တယ်လီဖုန်း ဆက်ခေါ်ရတာပေါ့ အမေရယ်။ သမီး တစ်ယောက်တည်းဆိုတော့ ဘာလုပ်ရမှန်း မသိအောင် စိတ်ပူ သွားတာကိုး”
“သမီး တစ်ယောက်တည်း ဆိုတော့” ဟု ထည့်ပြောလိုက် မိပြီးမှ ပြောရန်မသင့်သော စကားဟု အမှတ်ရလိုက်မိ၏။
“အခု ကိုတိုးရော၊ ကိုဖြိုးပါ ရောက်နေကြပြီ အမေ။ ခဏနေ လာကြလိမ့်မယ် အမေ့သားတွေ။ ပြီးတော့လည်းလေ”
အဖေ့အကြောင်း ပြောမည် ကြံပြီးမှ ပြန်ထိန်းချုပ်ထား လိုက်၏။ သတိပြန်လည်လာစ
အမေ့ကို စိတ်လှုပ်ရှားစရာတွေ သိပ်ပြောလို့ မဖြစ်သေးဘူးဟု မကြီး
ကိုယ့်ကိုယ်ကို သတိပေး လိုက်ရ၏။ အမေ မကျန်းမာသည့် ရက်များအတွင်း မကြီး
စိတ်တွေ ယောက်ယက် ခတ်လွန်းလှသည်။ ယခုလည်း ပြော ပြလိုက်ချင်သည့်
အဖေ့အကြောင်း ရင်ထဲတွင် တလိပ်လိပ်။
သူတို့ကို ဥပေက္ခာ ပြုသွားပြီဟု
အမေ ယူဆခဲ့သည့် အဖေ။ စိတ်မြန် လက်မြန်ရှိလှသည့် အမေ့ကို သိမ်မွေ့ပျော့
ပျောင်းစွာ ထိန်းသိမ်း ပေးတတ်သော အဖေ။ အမေ့ ဝေဒနာကို ပြောပြရင်း
ဆောက်တည်ရာမရ ငိုကြွေး ခဲ့မိတော့ သမီးကို နှစ်သိမ့်ကာ သမီးခေါ်ရာသို့
လိုက်ခဲ့ရှာသော အဖေ။ ချစ်ခင် နှစ်သက်သူကို ခွဲခွာ၍ မိဘ သဘောတူသည့် သူ့ကို
လက်ထပ်ခဲ့ရသည့် အကြောင်းကို စိတ်အခန့်မသင့်တိုင်း အမေက ထုတ်ဖော်
ကြေညာခဲ့ခြင်းကို ခံပြင်းခဲ့ရှာသော အဖေ။
အိမ်ထောင်သက်
အနှစ်သုံးဆယ်ကျော်လာသည့်တိုင် သူ့ ကို မြတ်မြတ်နိုးနိုးနှင့် နားလည်မှု
မရှိလှဟု အမေ့ကို မှတ်ချက် ချခဲ့သော အဖေ။ ထိုအဖေက ယခုတော့ ဝေဒနာရှင်
အမေ့ကို စိုးရိမ်ကြောင့်ကြမှု အပြည့်နှင့် ကြင်နာစွာ ပြုစုနေကြောင်း အမေ
သိစေချင်လှသည်။ အဖေ့ကို အမေ နားလည်စေချင်လှသည်။
“သမီး ဘာဆက်ပြောမလို့လဲ။ သမီး စကားမဆုံးသေး ပါဘူး”
“မဟုတ်ပါဘူး အမေ၊ အမေ သက်သာလာတာ သမီး သိပ်ဝမ်းသာတာပဲဆိုတာ ပြောမလို့ပါ”
အမေက ပါးနပ် ထက်မြက်သူပီပီ သမီးမျက်နှာကို အကဲ ခတ်လေ့လာနေသည်။
အမေ့အကြည့်မှာ စွမ်းအင်အပြည့် ရှိသည်။ အမေ့ကို ဆက်ညာရန် လွယ်ကူလိမ့်မည်
မဟုတ်ပေ။ မကြီး စကားလုံး ရွေးချယ်နေမိသည်။
သို့ပေမဲ့ အမေ ထပ်မမေးတော့။
မကြီး တစ်ခုခုကို လျှို့ဝှက်ထားမှန်း အမေသိသည်။ အမေ သိကြောင်းကို
မကြီးရိပ်မိသည်ကလည်း အမှန်။ သူသိ ကြောင်းကို မကြီးရိပ်မိသည့်အဖြစ်ကိုလည်း
အမေက သိပြန် သည်ပင်။ အမေပဲလေ၊ သားသမီးတွေကို ရင်၌လွယ်ပြီး နှလုံး သွေးကို
မျှတခွဲဝေပေးကာ လူ့လောကသို့ ခေါ်ဆောင်ပေးခဲ့ သူပေပဲ။
မကြီးမှာ
အမေ့မျက်လုံး အကြည့်ကို ရင်မဆိုင်ရဲ။ အမေ မျက်စိစုံမှိတ်ကာ
ပြန်မှိန်းသွားမှ အသက်ရဲရဲ ရှူနိုင်ပါတော့ သည်။ အမေ့ ခြေဖျားကလေးများကို
စောင်တစ်ထည်ဖြင့် ထပ်၍ ထွေးပေးလိုက်ဆဲ၊ အမေ့ခေါ်သံကို ကြားလိုက်ရ၏။
“သမီးကြီး” ထူးခြားစွာ သိမ်မွေ့လွန်းသော အမေ့ခေါ်သံ။ အမေ့ကို နီးကပ်စွာငုံ့၍ကြည့်လိုက်၏။ အမေ့ နှုတ်ခမ်းပါးကလေးများ တရွရွ လှုပ်ရှားလာပြီး။
“ညည်း အဖေ နေကောင်းရဲ့လား။ အမေ့ကို အမှန်အတိုင်း ပြောစမ်းပါ” မကြီး ရင်ထဲ လှုပ်ခတ်သွားသည်။ မထင်မှတ်သည့် မေး ခွန်းကို ရင်ဆိုင်လိုက်ရသဖြင့် မကြီး ချက်ချင်းမဖြေနိုင်။
“ခုနလေးက ညည်းအဖေကို အမေ အိပ်မက်ထဲမှာ...”
အသံကလေး တိုးဝင်သွားသည်။ မကြီးကို ကြည့်လိုက် သောအမေ့မျက်လုံးတို့သည် ဖျော့တော့နေပြန်သည်။ “အ၀တ်သစ် အစားသစ်တွေနဲ့ သူ့ဘေးပတ်ပတ်လည်မှာ မီးတွေ ၀ိုင်းလို့၊ ညည်းအဖေ ဘာဖြစ်နေလဲ။ အမေ အမှန်ကို သိပါရစေ သမီးရယ်”
အသံကလေးမှာ တိုးရုံမျှသာမက တုန်ယင်၍လည်း နေ ပေသည်။ အမေ သတိရလာပုံ၊
သည်လိုမေးပုံများကို အဖေ မြင်စေချင်လှသည်။ ထိုအခါ အမေ သူ့ကို
တွယ်ငြိမှုမရှိဟု ယူဆသော အဖေ့စိတ်တို့ အမှန်ကို သိမြင်လာနိုင်ပေမည်။
မကြီးကို ကြည့်နေသော အမေ့အကြည့်သည် မကြီးကို ကျော်လွန်သွားသည်။
တစ်စုံတစ်ဦးကို မမျှော်လင့်ဘဲ တွေ့ လိုက်ရသလို အမေ့ မျက်လုံးများတဖျတ်ဖျတ်
လှုပ်ရှားသွားရာ မှ လက်ခနဲ အရောင်တောက်ကာ တစ်နေရာတည်းသို့ စူးစိုက်
ကြည့်နေသည်။
မကြီး လှည့်ကြည့်လိုက်တော့ အဖေ။ ခြေလှမ်းမှန်မှန်
လျှောက်လာသော အဖေနှင့် ကတိုက် ကရိုက် ထသွားကြိုဆိုလိုက်မိသည့် မကြီးတို့
လမ်းခုလတ်မှာ ပင် ဆုံမိကြပါသည်။ “အစောကြီး ဘာဖြစ်လို့ လာရသလဲ အဖေရယ်။
အပြင်မှာ အေးကအေးပါဘိသနဲ့။ ဟိုမှာ အမေရယ် သတိကောင်း ကောင်းရနေပြီ အဖေရဲ့။
ခုလေးတင် အဖေ့အကြောင်း မေးနေတာ၊ အိပ်မက်မက်လို့တဲ့”
ကြည်နူးဝမ်းသာစိတ်ကြောင့် မကြီးအသံမှာ လှိုင်းထနေ သည်။ တိုက်ဆိုင်လိုက်တာ။ “အဖေ သိတယ် သမီးကြီး”
အံ့အားအသင့်ကြီး သင့်ကာ အဖေ့ကိုမော့ကြည့်လိုက်မိ၏။
“လေးနာရီလောက်က အဖေ တရားထိုင် မှတ်နေတုန်း အာရုံထဲမှာ သမီး မေမေ ပေါ်လာတယ်။
ဒါနဲ့ အဖေ တရားထိုင် ပြီးပြီးချင်း ဒီကို ထွက်လာခဲ့တာပဲ သမီးရဲ့”
အဖေ့မျက်လုံးသည် ကြည်လင်လျက်။ အမေ့ကို စီးကြည့်လိုက်သော အဖေ့မျက်လုံးတို့သည် အကြင်နာ မေတ္တာကဲလျက်။
ဘာ့ကြောင့်မှန်း မသိ။
အဖေနှင့် အမေတို့ ယခုလို ပြန်လည်တွေ့ဆုံကြမည့် အချိန်ကို မကြီး စောင့်စား
နေခဲ့မိသည်မှာ ကာလ ကြာညောင်းလှပြီဟု မကြီး ထင်မှတ်မိသည်။ ယခု အဖေနှင့်
အမေတို့ တွေ့ဆုံကြ သည်ကိုကြည့်ရင်း မကြီးရင်တွေ တလှိုက်လှိုက် ခုန်လာသည်။
မျက်ရည်တွေ ၀ဲရစ်လာသည်။
“မင်းပြန်နေကောင်းလာတော့မှာပါ။ ကိုယ် မင်းအတွက် ရည်စူးပြီး အမြဲမေတ္တာ ပို့ခဲ့တယ်။ သစ္စာ ပြုခဲ့တယ်”
အမေက မယုံကြည်နိုင်သော အကြည့်ဖြင့် အဖေ့ကို ငေးမောကြည့်ရှုနေဆဲဖြစ်သည်။
အဖေက အမေ့ ခုတင်ဘေးတွင် ရပ်ကာ အမေ့ နဖူးပေါ်သို့ လက်ဖ၀ါး အုပ်ကာ မျက်လွှာချ
ထားလိုက်၏။ မကြီးသည် အဖေ တတွတ်တွတ် ရွတ်ဆို နေပုံကို တစ်လှည့်၊
အမေ့မျက်လုံး ကလေးများကို တစ်လှည့်ကြည့်ကာ ရင်ထဲဝယ် တသိမ့်သိမ့်။
အဖေ့ကို မှုန်ရီစွာ ကြည့်နေသော အမေ့မျက်လုံး ကလေး များသည် တဖြည်းဖြည်း
ကြည်လင်လာသည်။ တည်ငြိမ်လာ သည်။ ဝေဒနာ အရိပ်အငွေ့တွေ တစ်စ တစ်စနှင့်
လွင့်ပါး ပျောက်ကွယ်ကုန်သည်။ ချမ်းမြေ့မှုကို အမေ့မျက်လုံးထဲတွင်
တွေ့ရှိလာရသည်။ အမေ့ မျက်လုံးကလေးများသည် ညင်သာ စွာ မှေးစင်းသွားသည်။
မကြီးကောင်းစွာ သိလိုက်မိပါပြီ။
အမေ သည်တောင်က ကျော်ခဲ့ပြီ။ တစ်ခုပဲ အဖေ့ကို မေးကြည့်ချင်လှပါသည်။ ဘယ်လို သစ္စာတွေများ ပြုခဲ့လို့ပါလဲ အဖေဟု။
ကြူကြူသင်း (ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
|
No comments:
Post a Comment