menu

Wednesday 22 August 2012

မြန်မာ့စပါးကျီ ရေကြီးရေလျှံ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာပင် လယ်ဧက နှစ်သိန်းခန့် ရေနစ်ပြီး လူရှစ်သောင်းခွဲခန့် ရေဘေးသင့်နေ

 
ဧရာဝတီတိုင်းသားတစ်ယောက်ဖြစ်ပြီး လူမှန်းသိတတ်စ အရွယ်ကတည်းက ရေကူးကျွမ်းကျင်ခဲ့သော အသက် ၅၄ နှစ်အရွယ် ဦးလှကြိုင်သည် သြဂုတ်လ ၁၃ ရက်က ရေနစ်သေဆုံးသွားခဲ့သည်။ ပုံမှန်ထက် ၁၀ ပေကျော် မြင့်တက်လာသော ရေပြင်တွင် ၎င်း၏သစ်သားလှေကို လှော်ခတ်ခဲ့ပြီး မိတ်ဆွေတစ်ယောက် အိမ်မှအပြန် ဓာတ်ကြိုးနှင့် တိုက်မိကာ ရေထဲသို့ ပြုတ်ကျသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေများ တလိမ့်လိမ့် မြင့်တက်လာသောကြောင့်
ဦးလှကြိုင်တို့၏ ဘုရားကုန်းကျေးရွာအပါအ၀င် သာပေါင်းမြို့နယ်တွင် ကာလရှည်ကြာ ရေလွှမ်းမိုးမှုကို တွေ့ကြုံနေကြရသည်။


သာပေါင်းမြို့နယ် အပါအ၀င် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး တိုင်းဒေသကြီးရှိ မြို့နယ် ၂၆ ခုတွင် ၂၄ ခုမှာ ရေကြီးမှုနှင့် ကြုံတွေ့နေရသည်။ ရေကြီးရေလျှံမှုဒဏ်ကို ပုသိမ်ခရိုင်က အဓိကခံစားနေရပြီး လူဦးရေသုံးသောင်းကျော်သည် ယာယီကယ်ဆယ်ရေးစခန်းများ၌ နေထိုင်နေရကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ခရိုင်ကြီးကြပ်ရေးကော်မတီက ဆိုသည်။

ရေနက်ကွင်းဒေသဖြစ်သော သာပေါင်းမြို့နယ်သည် ရေလွှမ်းမိုးမှုဒဏ် အဆိုးဆုံးခံနေရပြီး လူဦးရေ ရှစ်သောင်းခွဲခန့် ရေဘေးသင့်ခဲ့ကာ ရေဘေးဒုက္ခသည် ၁၂,၀၀၀ ကျော်သည် ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်း ၅၀ ကျော်၌ ရောက်ရှိခိုလှုံနေရသည်။

ရေလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးရေးဒေသရှိ လယ်ယာမြေဧကပေါင်း တစ်သိန်းရှစ်သောင်းနီးပါးသည် ဆယ်ရက်အတွင်း ရေနစ်မြုပ်သွားခဲ့သည်။ ပုသိမ်ခရိုင်နှင့် ဖျာပုံခရိုင်တို့သည် လယ်ယာမြေဧက အများဆုံး ရေလွှမ်းခံရသော ဒေသများ ဖြစ်နေသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ င၀န်မြစ်ရေ တိုးခြင်းတို့ကြောင့် သြဂုတ်လ ပထမပတ်မှ စတင်၍ နေရာအနှံ့အပြားတွင် နေအိမ်များ ရေလွှမ်းခြင်း၊ လယ်မြေများ ရေနစ်မြုပ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သော ရှစ်နှစ်က ဧရာဝတီတိုင်းဒေသကြီးတွင် တစ်လခန့်ကြာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ပြည်သူများ ရေဘေးဒဏ်ခံစားခဲ့ရကာ လယ်ယာများ ထိခိုက်ပျက်စီးခဲ့ရသည်။ ယခုကဲ့သို့ လယ်ယာစိုက်ပျိုးမြေများ ကာလရှည်ကြာ ရေနစ်မြုပ်နေမှုကြောင့် စိုက်ပျိုးပြီး စပါးခင်းများ ဆုံးရှုံးပျက်စီးမှု မြင့်မားနိုင်ပြီး မိုးစပါးအထွက်နှုန်းကို သိသိသာသာ ထိခိုက်မှုရှိနိုင်ကြောင်း ရေနစ်မြုပ်ခံနေရသော လယ်သမားများကဆိုသည်။

ယခင်နှစ်က ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်ရှိပြီး မိုးစပါးထွက်ရှိမှုမှာ တင်းပေါင်း သိန်းနှစ်ထောင်ကျော်ရှိခဲ့ကာ ပြည်တွင်း မိုးစပါးထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်း ရှိခဲ့သည်။

ကျောင်းကုန်းမြို့မှ ဧက ၃၀ ပိုင် လယ်သမား ကိုလွင်မင်းထွန်းက “ရေမြုပ်တဲ့လယ်တွေက စိုက်ပြီးသားတွေချည်းပဲ။ ဆယ်ရက်ကျော်သွားတဲ့အတွက် စပါးပင်တွေကတော့ သေမှာပဲ”ဟု ဆိုသည်။ ရေပြန်ကျချိန်တွင် ရေနစ်မြုပ် လယ်ယာမြေများမှ စပါးခင်းများ၏ ပျက်စီးဆုံးရှုံးမှု အခြေအနေကို တွက်ချက်နိုင်မည်ဖြစ်ပြီး ဆုံးရှုံးနိုင်ခြေရှိနေသော စပါးခင်းများအတွက် မျိုးစပါးများရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူကဆိုသည်။

တစ်ချိန်တည်းတွင် ဘားအံခရိုင်၌ ရေလွှမ်း၍ စိုက်ဧကသုံးသောင်းနီးပါး၊ ပဲခူးတိုင်းဒေသကြီးတွင်လည်း ဧကထောင်ချီ ပျက်စီးဆုံးရှုံးခဲ့သည်။ တစ်နိုင်ငံလုံး ဧကသိန်းချီ ရေနစ်ပျက်စီးမှုက ပြည်တွင်းဆန်ဈေးကွက်အပေါ် သက်ရောက်မည်ဖြစ်သည်။

ယခုအခါ လယ်ပိုင်ရှင်များသည် ရေကျချိန်ကို မျှော်လင့်နေကြသည်။

“ရေကျလို့ ပြန်စိုက်မယ်ဆိုရင် တောင်သူလယ်သမားတွေမှာ ငွေမရှိဘူး။ မျိုးစပါးလိုတယ်”ဟု ရေကြည်မြို့နယ်ရှိ ဧရာတံခွန်ဆန်စပါး ရောင်းဝယ်ရေးအဖွဲ့မှ ဒါရိုက်တာဦးဇော်ဝင်းကဆိုသည်။

ရေကြီးမှုဖြစ်စဉ်တွင် ဒေသခံများသည် ယခင်နှစ်များအတိုင်း ပုံမှန်ရေ၀င်သကဲ့သို့ ထင်မှတ်နေကြသော်လည်း လက်တွေ့တွင် မိုးပိုများခြင်း၊ မြစ်ရေနှင့် ဒီရေတိုးခြင်းတို့ကြောင့် ရေပိုကြီးနေပြီး ရေကြီးချိန်ကြာမြင့်နေခြင်းကို ကြုံတွေ့နေရသည်။

ရေဘေးသင့် လယ်သမားအချို့သည် ၎င်းတို့၏ ခိုင်းနွားများ ပျက်စီးဆုံးရှုံးမည့် အခြေအနေကြောင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ မသွားရောက်နိုင်ဘဲ ရန်ကုန်-ပုသိမ် ကားလမ်းဘေးတစ်လျှောက်တွင် လေးတိုင်စင် မြေစိုက်တဲများထိုး၍ နေထိုင်နေကြသည်။

“ညဆို မအိပ်ရဘူး။ တစ်လှည့်စီ ကင်းစောင့်နေရတယ်။ ပိုးမွှား(မြွေ)အန္တရာယ် စိုးရိမ်ရတယ်”ဟု ကျောင်းကုန်းမြို့နယ်၊ ရင်ဆိုင်ဝကျေးရွာမှ ဦးစိုးမင်းကဆိုသည်။ ဧရာဝတီတိုင်းမှ ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာပြီး မြွေအန္တရာယ်မှာ လူအများ စိုးရိမ်နေသော အန္တရာယ်တစ်ခု ဖြစ်သည်။ ကျောင်းကုန်းမြို့နယ်မှ ကျေးရွာများတွင် ဘီပီအိုင်ဆေးဝါးစက်ရုံသို့ ရောင်းရန် မြွေလိုက်လံ ၀ယ်ယူသူများ အများဆုံး မြွေရသည့် အချိန်ဖြစ်နေသည်။ “တစ်နေ့ကို လိုက်ဝယ်တာ၊ အကောင် ၅၀၀ လောက်တောင် ရတယ်တဲ့”ဟု ကျေးရွာများသို့  အကူအညီသွားရောက်ပေးခဲ့သော ကံဦးပရဟိတမှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

ရေကြီးချိန် ကြာမြင့်လာသည်နှင့်အမျှ ရေဘေးဒုက္ခသည်များ ယာယီကယ်ဆယ်ရေး စခန်းများတွင် တိုးပွားလာခဲ့ပြီး စားသောက်ရေးနှင့် နေထိုင်ရေးတို့အတွက် အကူအညီများ လိုအပ်မှု မြင့်တက်နေသည်။

အချို့ ယာယီကယ်ဆယ်ရေး စခန်းများသည် ခရီးသွားလာရေး ခက်ခဲမှုကြောင့် ကူညီထောက်ပံ့မှုများ ရရှိရန် အားနည်းနေပြီး ဆန်၊ သောက်ရေ၊ ဆေးဝါးများ လိုအပ်ချက်ရှိနေသည်။

“စကားဝါရပ်ကွက်ကို ကျွန်တော်တို့ ရောက်သွားတော့ နှစ်နပ် ထမင်းမစားကြရသေးဘူး။ ကယ်ဆယ်ရေးစခန်းမရှိတော့ ခက်ခဲနေကြတယ်။ ကယ်ဆယ်ရေးစခန်း ရှိပေမယ့် သွားရခက်ခဲတဲ့ နေရာတွေကို ကယ်ဆယ်ရေး မရောက်ကြဘူး ဖြစ်နေတယ်”ဟု ပုသိမ်မြို့ရှိ မနောဖြူလူမှုရေးကူညီမှုအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ယာယီ ကယ်ဆယ်ရေးစခန်းများသည် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် ကျန်းမာရေးဆိုင်ရာ ဂရုပြုစောင့်ကြည့်မှုများ လိုအပ်နေသည်။

လက်ရှိအချိန်တွင် ဘုန်းတော်ကြီးများ၊ ပြင်ပစေတနာရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ရေဘေးဒုက္ခသည်များအတွက် ဆန်အိတ်များ လှူဒါန်းခြင်းနှင့် ထမင်းထုပ်များ ဝေငှခြင်းတို့ ပြုလုပ်လျက်ရှိသည်။ သို့သော် တိုင်းဒေသကြီး၏ နေရာအနှံ့အပြားတွင် ရေကြီးမှုဒဏ် ကြုံတွေ့နေရသော ဒုက္ခသည်များကို နေ့စဉ်ထောက်ပံ့မှုပေးရန် လိုအပ်ချက်များ ရှိနေသည်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ပါတီအဖွဲ့အစည်းများ၊ စေတနာရှင်များသည် မိမိတို့အစီအစဉ်ဖြင့် သီးခြားကူညီထောက်ပံ့မှုများ ဆောင်ရွက်နေသည်။

ထို့ကြောင့် အကူအညီများမှာ ပြန့်ကျဲနေပြီး အကူအညီမရဘဲ လစ်လပ်နေသူများရှိသည်။

“အကူအညီ လာတောင်းတဲ့သူတွေ များလာတယ်။ ၀န်ကြီးတစ်ယောက်ကိုလည်း လိုက်ပြဖူးတယ်။ လွှတ်တော်မှာ တင်ပြမယ်ဆိုပေမယ့် အကြောင်းတော့ မပြန်သေးဘူး။ ကျွန်တော်တို့က လှူချင်တဲ့ စေတနာရှင်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ကူညီပေးနေတာပါ”ဟု ရေဘေးသင့်ပြည်သူများကို ထမင်းထုပ်များ ဝေငှနေသော မနောဖြူအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ရေနစ်မြုပ်သော လယ်ယာစာရင်းနှင့် ရေဘေးသင့် လူဦးရေစာရင်းများမှာ သက်ဆိုင်ရာဌာနများအလိုက် ကွဲပြားမှုများ ရှိနေပြီး ကူညီကယ်ဆယ်ရေး လုပ်ကိုင်မည့်သူများအတွက် သတင်းအချက်အလက်များ စုဆောင်းရာ၌ အခက်အခဲများ ရှိနေသည်။

“ကိုယ်တိုင် သွားလှူရတာက စာရင်းတွေ ကွဲပြားနေတာကြောင့်ပါ။ ရေစတက်ချိန်က ကောက်ထားတဲ့စာရင်းနဲ့ ရေတကယ်မြုပ်တဲ့အခါမှာ ကောက်တဲ့စာရင်းက မတူတော့ ကိုယ်တိုင်ပဲ သွားလှူရတာ။ မြို့နယ်မှာက မိသားစု ၁၆၀ ပဲရှိတယ်။ သွားလှူတဲ့ အဲဒီ့ရွာမှာ မိသားစု ၁၇၀ ဖြစ်နေတယ်”ဟု ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူကပြောသည်။

ရေတက်ရက် ရှည်လာသည်နှင့်အမျှ ရေလွှမ်းမိုးခံနေရသော နေအိမ်များ၏ သန့်ရှင်းရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ စီးပွားရေး စသည့် အခက်အခဲများနှင့် ပိုမိုကြုံတွေ့လာနိုင်ဖွယ်ရှိကြောင်း ကျောင်းကုန်းမြို့မှ ကံဦးလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အကယ်၍ နောက်ထပ် လေး၊ ငါးရက် ဆက်တိုက် မိုးဆက်လက် ရွာသွန်းပါက ရေနစ်မြုပ်မှုများ ပိုမိုတိုးပွားလာ၍ ဒုက္ခသည်ဦးရေလည်း ယခု အခြေအနေထက် များပြားလာနိုင်ကြောင်း ကူညီကယ်ဆယ်သူများကပြောသည်။

“ဒီကို ရောက်တာတော့ ရက်နှစ်ဆယ်ရှိပြီ။ နောက်ထပ် ရက်နှစ်ဆယ်၊ အစိတ်လောက် နေရဦးမယ်ထင်တယ်။ ရေကျသွားရင်တောင် အိမ်ပေါ် ချက်ချင်းတက်မနေရဲဘူး။ ရေက အိမ်ခေါင် မတိုက်တတိုက် ဖြစ်နေတော့ အိမ်တိုင်တွေ ရေနူးနေလို့”ဟု သာပေါင်းမြို့နယ်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဥတိုချောင်းဝကျေးရွာမှ ရေဘေးဒုက္ခသည်    ဒေါ်အေးအေးမူက ပြောသည်။

ယခုနှစ် ဧရာဝတီတိုင်းဒေသကြီးတွင် ကြုံတွေ့ခဲ့ရသော ရေဘေးကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူများနည်းတူ သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာမှ ရေနစ်သေဆုံးသွားရရှာသော ဦးလှကြိုင်၏ဇနီးသည် ဒေါ်တင်အောင်ကတော့ မှတ်မှတ်ထင်ထင် ရှိနေရှာပေတော့မည်။

(ပြည်သိမ်း၊ နေလင်းထွန်း၊ သန်းဌေး၊ အောင်ခိုင်၊ မိုးညို ကွင်းဆင်း ရေးသားသည်)
 7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis