menu

Wednesday 22 August 2012

ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားများ တွဲဖက်ငါးဖမ်းသည့် အလေ့အထကို ရိုက်ကူးထားသည့် မှတ်တမ်းဇာတ်ကားကို ရုပ်သံလိုင်းများတွင် ပြသရန်စီစဉ်




e7462
ဧရာဝတီလင်းပိုင် မှတ်တမ်းကားရိုက်ကွင်း တစ်နေရာ

ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားများ တွဲဖက်ငါးဖမ်းသည့် အလေ့အထကို ရိုက်ကူးထားသည့် မှတ်တမ်းဇာတ်ကားကို ပြည်တွင်းရှိ ရုပ်သံလိုင်းများတွင် ပြသရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။
“ကျွန်တော်ဧရာဝတီလင်းပိုင် နဲ့ ရေလုပ်သားတွေတွဲပြီး ငါးဖမ်းတဲ့ လုပ်ငန်းစဉ်အကြောင်းကို မှတ်တမ်းဇာတ်ကား ရိုက်ကူးထားတာ အားလုံးပြီးစီးသွားပါပြီ။ အချိန်နှစ်နှစ်နီးပါးလောက် ယူခဲ့ပါတယ်။ အဓိကကတော့ ဧရာဝတီလင်းပိုင်ဆိုတာ  ကမ္ဘာမှာရှားပါးငါးမျိုးဖြစ်တဲ့အပြင် ရေလုပ်သားတွေနဲ့တွဲပြီးငါးဖမ်းတဲ့ အလေ့အထကတော့ ကျွန်တော်တို့ နိုင်ငံမှာပဲရှိတာပါ။ ဒီလို အလေ့အထ မျိုးကိုအများသိစေဖို့၊ အကောင်ရေ အနည်းငယ်သာ ကျန်တော့တဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ရိုက်ကူးဖြစ်တာပါ။ ပြည်တွင်းက ရုပ်သံလိုင်းတွေမှာပြသသွား ဖို့စီစဉ်ညှိနှိုင်းနေပါပြီ”ဟုရိုက်ကူး သည့်ဒါရိုက်တာဝီရကရှင်းပြခဲ့သည်။
“ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တော်တော်လေး လိုအပ်တယ်။
အထူးသဖြင့်တော့ ရှော့ခ်တိုက်ပြီးငါးဖမ်းတာကြောင့် ဧရာဝတီလင်းပိုင်တွေကို ထိတာ၊ ရွှေတူးတဲ့နေရာတွေက ထွက်လာတဲ့ ပြဒါးရည်တွေက ဧရာဝတီမြစ်ထဲမှာ ပါလာပြီး ဧရာဝတီလင်းပိုင်တွေကို ထိတာ၊ ဧရာဝတီမြစ်ရဲ့ မြစ်ကြောင်းပြောင်းလဲမှုကြောင့် ဧရာဝတီလင်းပိုင်တွေရဲ့ စားကျက်တွေ ရွှေ့လာတာစတာတွေ သိခွင့်ရပါတယ်။ ဒါကြောင့် ဒီမှတ်တမ်းဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေကို ပေးပို့ယှဉ်ပြိုင်သွားမှာ ဖြစ်သလို ပြည်တွင်း ရုပ်သံဌာနတွေမှာ ပြသဖို့လည်း စီစဉ်ထားပါတယ်”ဟု ဒါရိုက်တာဝီရက ဆက်လက်ရှင်းပြခဲ့သည်။
ဧရာဝတီလင်းပိုင်များသည် သြစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီနှင့် ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ဒေသ၊ အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်နှင့် မြန်မာနိုင်ငံ ဧရာဝတီမြစ်၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရှိရပြီး ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့ အကျိုးတူပူးပေါင်း ငါးဖမ်းသည့် ရိုးရာအလေ့အထမှာ မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည်ဟု သိရသည်။ မှတ်တမ်းဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ၀ီရသည် ဂျပန်-မဲခေါင် လူငယ်ဒါရိုက်တာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis