menu

Monday 30 July 2012

“ယောက်ဖရေ နေတောင်အတော်စောင်းပြီ”(စိုးမင်း)

          မြန်မာတွေဟာ ငယ်ပေါင်းရောင်းရင်း သူငယ်ချင်းတွေထဲက အရမ်းရင်းနှီးချစ်ခင် ကျွမ်းဝင်တဲ့သူတွေကို ယောက်ဖရေ၊ ယောင်းမရေ လို့ ခေါ်လေ့ရှိကြသဗျ။ အိမ်မှာရှိတဲ့ အမတွေ အကိုတွေကို မျက်စောင်းထိုးတဲ့ တင်တင်စီးစီး သဘောမျိုးမပါပဲ တမိတည်းဖွားသလို ဆိုရော့မယ်ကွယ်ဆိုတဲ့ အနက်သဘောကို ဆောင်ပါတယ်။ များသောအားဖြင့်တော့ ဆယ်ကျော်သက်ရွယ် လည်ပင်းဖက်ပေါင်းရင်း အတူလူလားမြောက်ကြတဲ့ အရွယ်တွေမှာတွေ့ရတဲ့ ရင်းနှီးမှုမျိုးဖြစ်ပါတယ်။ တော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ အသက်အရွယ်ရလာလို့ မိတ်ဆွေအပေါင်းအသင်းတွေ များလာပေမယ့်လည်း ငယ်ဘ၀က သူငယ်ချင်းကို မေ့သွားတဲ့သူရှိမယ် မထင်ပါဘူး။ အသီးတစ်ရာ အညှာတစ်ခုပဲ ကြားရ ကြားရ၊ သျှောင်ပေစူး ကိုပဲ ကြားရကြားရ၊ ကိုယ့်ရပ်ဌာနေကိုပဲ ကြားရကြားရ ငယ်ပေါင်းရောင်းရင်း သူငယ်ချင်းတွေကို ဆွတ်ကျင်နေအောင် လွမ်းမိမှာပါပဲ။
မမျှော်လင့်ပဲ အမှတ်မထင် ပြန်ဆုံရတဲ့အခါမတော့ ဘာပြောကောင်းမလဲ။ အခုတခေါက် ရန်ကုန်ကို ဗြုန်းစားကြီး ခနတဖြုတ် ပြန်ဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ ၂၄ နှစ်လောက် ကွဲကွာနေရတဲ့ ငယ်သူငယ်ချင်းတစ်ယောက် နဲ့ အဲသလိုမျိုး ပြန်လည်ဆုံကြတွေ့ကြဖို့လည်း ပါပါတယ်။ ပြန်ရောက်နေတယ် သတင်းကြားရုံနဲ့ကို မနေနိုင်မထိုင်နိုင် တွေ့ချင်မြင်ချင်သွားပေမယ့်လည်း မျက်စိထဲမှာတော့ သူ့ရုပ်ပုံလွှာကို စိတ်ကူးနဲ့တောင် မြင်ယောင်ကြည့်လို့ မရတော့ပါဘူး။ မမြင်ရတာ သည်လောက်တောင် ကြာမှပဲဟာ။ သိချင်တာတွေလည်း အများကြီး။ ပြောချင်တာတွေလည်း အများကြီး။ ဘယ်ကစလို့ ဘာကို ပြောရမှန်းတောင် မသိလောက်အောင်ပဲ။ တချို့တချို့တွေလို အရမ်းကြီး ၀နေပြီလား။ (ပိန်သွားတဲ့သူငယ်ချင်းတော့ မရှိသလောက်ပဲ။ ကိုယ်တောင် ကျောင်းကလူတွေနဲ့ ပြန်တွေ့ရင် ၀လာလိုက်တာ လို့ အပြောခံရတယ်) ခုလောက်ဆိုရင်တော့ သူ့အဖေနဲ့တူတဲ့ရုပ် ထွက်နေလောက်ပြီ ထင်ပါရဲ့။ သူ့ဆီမသွားခင် မှတ်မှတ်ရရ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး ငါလည်း သည်လောက်တောင် အိုစာသွားမှတော့ သူလည်း ငါမြင်နေကျပုံမျိုးတော့ ဟုတ်မယ် မထင်ဘူး လို့ စိတ်ကူးနဲ့ သေဖော်ညှိရပါသေးတယ်။
          တကယ်တမ်းလူချင်းတွေ့တဲ့အခါ ၀မ်းသာအားရ လူချင်းလှမ်းဖက်ပြီး ဘာစကားမှ မပြောနိုင်ပါဘူး။ ဘိုင်အိုဒေတာတွေတော့ အကြမ်းဖြင်း မေးမြန်းထားလို့ သိပြီးသားဖြစ်နေပြီ။ လူချင်းမျက်နှာချင်းဆိုင် ထိုင်ပြီးတော့ ရှေ့မှာဘာတွေမှာထားပြီး ဘာတွေ စားမိသောက်မိမှန်းတောင် မသိဘူး။ ဘာတစ်ခုမှလည်း အရသာမတွေ့တော့ဘူး။ နှစ်ယောက်လုံး စားမြုံ့ပြန်ဖြစ်တာက ငယ်ဘ၀အကြောင်းတွေကိုး။ အတူတူပေါင်းတဲ့ နောက်သူငယ်ချင်းတစ်ယောက်ကလည်း ပိုလို့တောင် အလွမ်းသယ်တတ်ပါသေးတယ်။ သူတို့ချင်းက တွေ့နှင့်ပြီးသားလေ။ ငယ်ငယ်ကသောက်တတ်တဲ့ သုခိတာ ဆေးပေါ့လိပ်ကလေးကို ဘယ်က ရှာလာမှန်းမသိဘူး။ အာမီရမ်တော့ ရှာမရလို့ မပါလာဘူး။ အရင်နေ့ကဆုံတဲ့သူငယ်ချင်းတွေကတော့ ဖဲရိုက်ချင်လို့ ချိန်းရအောင်တဲ့။ စိတ်ထဲမှာ သူနဲ့တွေ့တွေ့ချင်း ဖြစ်ပေါ်လာတဲ့ခံစားချက်ကတော့ အောင်မယ်မင်း မသေလို့တွေ့ရ မေ့နိုင်ပါရိုးလားပေါ့။ ခနကြာတော့ အတန်းထဲက မိန်းကလေး သူငယ်ချင်းတစ်ယောက်လည်း ဖုန်းဆက်ရင်း လူကိုယ်တိုင်ရောက်လာတယ်။ စကားတွေ လုလုပြောလိုက်ကြတာ ဘာမှတောင် မမှတ်မိတော့ဘူး။ သူတို့နဲ့လည်း ကျောင်းပြီးကတည်းက အခုမှ ပြန်တွေ့ရတာကိုး။ အိမ်ပြန်ရောက်တဲ့အခါ ဘယ်လိုမှ အိပ်လို့မရတော့ဘူး။ အတိတ်ရဲ့ အရိပ်ဆိုတာတွေက မျက်စိထဲမှာ မပြတ်တမ်းပေါ်လာပြန်ရော။ အခုမြင်သိကြား ခံစားနေတဲ့ အာရုံငါးပါးစလုံးဟာ ပေါ့ရွှတ်ရွှတ်နိုင်လိုက်တာ မပြောပါနဲ့။ စိတ်ရဲ့ခံစားမှုအရသာတွေအားလုံးက အတိတ်မှာချည့်ပဲ တ၀ဲဝဲလည်နေလို့ထင်ပါရဲ့။ စံပါယ်ဖူးက လက်ဘက်ရည်ကလေး၊ ဂျိုးသိန်းတို့ သုခိတာတို့၊ အရက်ဖြူကလေးလည်း တခါတခါပါတယ်။ ညကြီးသန်းခေါင် သူငယ်ချင်းတွေဆာရင် ကြက်ဥကလေးနဲ့ ထမင်းကျော်ကြွေးတာကလေး၊ ဘိုကလေးသားမို့လို့ သူချက်ကြွေးမှ စားဖူးတဲ့ ငပိလိမ်မာချက်ကလေး။ သြော် ဒါကိုမှ လွမ်းတယ် မခေါ်ရင် ဘာကိုခေါ်ရမလဲ မသိတော့ဘူး။ လွမ်းသလေ မောင်ကြီး ယိုလာယီး လို့သာ ဟစ်လိုက်ချင်တော့တယ်။
          ဒုတိယနှစ်ရောက်မှ ဆေး (၂) ကပြောင်းလာပေမယ့် ချက်ချင်းမဆိုင်း ကိုယ့်ကျောင်းကလူတွေနဲ့ အဖွဲ့ကျသွားတာ သူ့ရဲ့ဆက်ဆံရေး ဘယ်လောက်အထာညက်သလဲ သိသာပါတယ်။ နံမည်ချင်း အက္ခရာဝေးလို့ ကျောင်းမှာ လုံးလုံးထွေးထွေး မနေမိပေမယ့် အိမ်ချင်းနီးတဲ့အတွက် ညဘက်ကျရင် စာအတူကျက်တဲ့ သူငယ်ချင်း ဖြစ်လာပါတယ်။ အဓိကကတော့ စာကျက်တဲ့နှုန်းချင်း မတိမ်းမယိမ်းရှိလို့ ဖြစ်မယ်ထင်ပါတယ်။ ဆေးကျောင်းသက်တမ်းတောက်လျှောက်မှာ ဒုတိယနှစ်လောက် ဖိစီးနှိပ်စက် ခက်ခဲတာ မရှိဘူးထင်ပါတယ်။ ပထမနှစ်အထိ မြန်မာလို သင်နေရာကနေ ရုတ်ချဉ်းကြီး အင်္ဂလိပ်စာအုပ် အထူကြီးတွေ ပြောင်းဖတ်ရတာကိုး။ စာတွေက ခက်ပါတယ်ဆိုမှ လူတွေကလည်း မနူးမနပ် အပျံသင်စမို့လို့ ဂနာကို မငြိမ်ကြဘူး။ တစ်နှစ်ခွဲတက်ရတဲ့အတန်းတွေမို့ သုံးနှစ်မြောက်လာတဲ့အခါ ဆယ်တန်းက သူငယ်ချင်းတွေက ပင်မတက္ကသိုလ်ထဲကို ရောက်လာကြပါပြီ။ ဒီအခါမှာ ကျောင်းခေါ်ချိန်ပြည့်ရုံကလေးတက်ပြီး တချိန်လုံး မိန်းထဲမှာ တက္ကသိုလ်အရသာကို အပြည့်အ၀ ခံစားကြလေသတည်း။ တနေကုန် လည်ပတ်ပျော်ပါးတဲ့ စည်းစိမ်ကို ညဘက်ရောက်ရင်တော့ အသူရကယ်များလို ခါးစည်းပြီး ပေးဆပ်ကြရပါတယ်။ အထူးသဖြင့် စာမေးပွဲတွေ နီးလာတိုင်းပေါ့။ အခုမှ အဲဒီအချိန်တွေကို တစိမ့်စိမ့်ပြန်လွမ်းတာ။ အဲဒီတုန်းကတော့ သေချင်စော်ကို နံလို့။ စာတွေက များလှခက်လှပါတယ်ဆိုမှ သည်က ၀ါဆိုမောင်ကလည်း ပြာသိုကြောင်ရောဂါက ကပ်ရသေးတယ်။ ဒါပေမယ့် ခိုးချင်လိုက်တာလည်း ပြာလို့ လက်နှေးလိုက်တာလည်း ချာလို့။ ကိုယ်တွက်တဲ့စက်နဲ့ ဌာနမှူးတွက်တဲ့ ဂဏန်းတွက်စက်ချင်း မတူလို့လား မသိပါဘူး။ ခေါ်ချိန်မပြည့်လို့ တွေ့ရ။ ဒီဘားထိမှာ ကြောက်ရ၊ အဲလိုမျိုး ဒုက္ခတွေကို အတူရုန်းကန်ကျော်ဖြတ်ရတဲ့ ဒီသူငယ်ချင်းနဲ့မှ မခင်ရင် ခင်ရာမင်ကြောင်း မိတ်ကောင်းဆွေသဟာဆိုတာ ဘယ်မှာ မှ ရှိနိုင်တော့မှာ မဟုတ်ဘူး။
          တတိယနှစ်တ၀က်မကျိုးခင်မှာတော့ ဘ၀မှာ မြှော်လင့်မထားတာတွေကလည်း ဖြစ်တတ်တယ် လို့ သင်ခန်းစာရလာပါတယ်။ မနက်ပိုင်းက ဆေးရုံမှာဆင်းနေရပြီ။ ဖုန်းမော်ကို မမြင်လိုက်ရပေမယ့် သူနဲ့အတူ ကြို့ကုန်းထဲက ဒဏ်ရာရတဲ့ကျောင်းသားတွေ ဆေးရုံရောက်လာကြပြီ။ မိန်းထဲကသူငယ်ချင်းတွေ RC 2 ကိုအသွား တံတားဖြူမှာ အိမ်ပြန်မရောက်လို့ ကျောင်းထဲက အဆောင်တကာ့အဆောင် ဒေါင်းတောက်ခဲ့ရပြီ။ ဘော်ဒါတွေအားလုံး မိန်းထဲကို ရောက်ကုန်ပါလေရော။ စာကြည့်တိုက်ရှေ့မှာ အနုပညာအသင်းက ဗုံတိုတစ်လုံးနဲ့ တရားပွဲတွေလည်း နာတတ်ခဲ့ပြီ။ အိပ်ထဲပါသမျှပိုက်ဆံကလေးတွေ လမ်းစားရိတ်တောင် မချန်ပဲ အလှူငွေထည့်၊ လှည်းတန်းကနေ ရေကျော်ရောက်အောင် လမ်းလျှောက်ပြန်ရတာလည်း ကျင့်သားရလာပြီ။ စိတ်ထဲခံယူချက် ရှိလှလို့တော့ မဟုတ်ဘူး။ ဒါပေသိ ကိုယ်တိုင် မလုပ်ရဲရင်တောင် သူများလုပ်တာတော့ လက်ခုပ်တီးပြီး အားပေးရမှာပေါ့။ အိမ်ကလူကြီးတွေ စိတ်ပူမှာစိုးလို့ လုပ်ချင်တာလုပ်ပြီးရင် အိမ်ကိုတော့ အချိန်မီ ရောက်အောင် ပြန်တယ်။ တစ်ရက်မှာတော့ သူပြန်ရောက်မလာဘူး။ သူ့အိမ်ကလည်း စိတ်ပူ ကိုယ်လည်းစိတ်ပူ။ နောက်နေ့မှ ပြန်လာတယ်။ အဆောင်ထဲမှာ ပိတ်မိနေတုန်း အတန်းဖော်တစ်ယောက်ရဲ့ ဖေဖေကြီးစောင်မမှုကြောင့် အိမ်ပြန်လာနိုင်ခဲ့သတဲ့။ ကိုယ်ကတော့ ကံတရားလို့ပဲ ပြောရမှာပါပဲ။ နေ့တိုင်းသွားတယ်။ ပြန်လာတဲ့အချိန်နဲ့ မရှေးမနှောင်းဆို အထဲမှာ ပိတ်ဟယ်ဆို့ဟယ် ဖမ်းဟယ်ဆီးဟယ်။ တခါတလေ ထွက်ကိုပြေးယူရတယ်။ နာနတ်တောလမ်းထဲဝင်ပြေးတုန်း ကုန်တင်ရထားကြီးက အသာလေး အရှိန်လျှော့ပေးတော့ ရထားပေါ်ပြေးတက်ရတာ ကုလားကားထဲကအတိုင်းပဲ။ လမ်းမတော်ဘူတာကျမှ ခုန်ဆင်း၊ ဆေးကျောင်းထဲမှာလည်း မိန်းထဲက တရားပွဲတွေ ကူးနေပါပြီကော။ သိပ်မကြာပါဘူး။ ကျောင်းတွေ ပိတ်လေသတည်း။
          ရှစ်လေးလုံးနေ့မှာတော့ ဒီနေ့ ဆူးလေမှာ တရားပွဲရှိမယ် လို့ သတင်းတွေက ကြားနေပြီးသား။ ထိုင်နေကျ ရွှေကြည်အေးမှာ ကျောက်ချထားတုန်း လူကလေးတွေက ဟိုနားစုစု သည်နားစုစု ဖြစ်လာရော။ စကောတစ်ချပ်က တိုင်းပြည်ကြီး ပျက်တယ်ဆိုတာ ဟုတ်လောက်ပါတယ်။ အဲ့တုန်းကလည်း ကောင်လေးတစ်ယောက်က အရင်တုန်းက ကြယ်ငါးလုံးနဲ့ အလံကလေး ၀ါးလုံးတိုထိပ်ချည်ပြီး ထထွက်သွားတာ စပ်စုတဲ့လူတွေ ပါသွားပြီး လူအုပ်ကြီးဖြစ်လာ။ စီတန်းလှည့်လည်ကုန်ကြရော။ ဘယ်သွားရမှန်းလည်းမသိ။ ဘာအော်ရမှန်းလည်း မသိ။ “ဒီမိုကရေစီရရှိရေး” တစ်ခုလောက်ပဲ ရတယ်။ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ လူကတဖြေးဖြေး များလာ။ ရေဆာခြေညောင်းလာတော့မှ အိမ်ပြန်ပြီး ထူးခြားဖြစ်စဉ်တွေကို မသိချင်ယောင်ဆောင်ပြီ သူများပြောတာ နားစွင့်ရတယ်။ ဟိုလူအုပ်ကြီးကတော့ မပြန်လေကြဘူးတဲ့။ မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဆို လုပ်လိုက်ပြီး တရားပွဲများဆက်လေသတည်း။ ညဘက်တခေါက်သွားကြည့်ပါသေးတယ်။ ဘာတွေ ဟောမှန်းလည်းမသိဘူး။ ဟောတတ်တဲ့သူလည်း တစ်ယောက်မှ မပါဘူး။ သူပြောချင်တာပြော။ နားလည်လည် မလည်လည် ဆုံးရင်တော့ လက်ခုပ်တီးမှာပဲ။ လက်ဖ၀ါးတွေများ ရဲရဲကိုတွတ်လို့။ အင်းစိန်က သမိုင်းက ဥက္ကလာကဆိုတာတွေက ဆိုက်ကားကြီးတွေနဲ့ ရောက်ရောက်လာ၊ ဘာသမဂ္ဂ ညာသမဂ္ဂဆိုတာတွေက သ၀ဏ်လွှာပို့ပါတယ်ဆိုပြိး စာတွေ တက်တက်ဖတ်။ တကယ်တော့ သမ၀ါယမအသင်း အစည်းအဝေးလောက်တောင် အပြောကောင်းအဆိုကောင်း မဟုတ်ပါဘူး။ သို့သော်လည်း သူတို့ရတဲ့ထောက်ခံမှုတွေအားလုံးက ဟိုလူတွေကို အမြင်ကပ်လို့ ရကုန်တာတွေချည့်ပဲ။ သူများမှားရင်လည်း အလိုလိုကိုယ်က အမှတ်ရတတ်ပေသကိုး။ ကြာကြာ မရပ်နိုင်ပါဘူး။ ညောင်းလို့ အိမ်ပြန်ပြီး ခြေထောက်လက်ထောက်ကလေး ရေဆေးနေတုန်း သေနတ်သံဆိုတာတွေကို ကျယ်လောင်တပ်အပ် ကြးရလေတော့သတည်း။ စောစောကလူတွေလူတွေဆိုတာ ခြေဦးတည့်ရာ ပြေးကြပြန်တယ်ထင့်။ အုတ်အော်သောင်းနင်းပဲ။ သူတို့ဒေါသတွေက ဘာဖြစ်လို့ မီးပွိုင့်ကလေးတွေအပေါ် ရောက်သွားရသလဲတော့ နားမလည်နိုင်ပါဘူး။ အရေးအခင်းဆိုတာကတော့ အဲသည်က စတော့တာပါပဲ။ နောက်ရက်နောက်ရက်တွေမှာတော့ အများသိကြတဲ့အတိုင်း ပြောင်းကိုဆန်ကုန်တော့တာပါပဲ။ ဒီအခါမှာတော့ မောင်စံဖားလေးတစ်ယောက် ပေတစ်ရာဆီလျှောက်ပါလို့ မြင်သလောက်ပြလိုက်ချင်သော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။ အိမ်ကထမင်းအိုးက ၀မ်နင်ပေးပြီလေ။ တစ်လကိုးသီတင်း အလုပ်မလုပ်ပဲ ထိုင်စားနိုင်လောက်တဲ့ အခြေအနေမှ မဟုတ်ပဲနဲ့။ အဲ့ဒါကြီးက ဘယ်လောက်ကြာမယ်မှန်းမသိ။ စားရေးသောက်ရေး အပူက ငယ်ထိပ်တက်ကပ်နေတဲ့ အဖွားကို အိမ်မှာ လူမစုံတဲ့ အပူထပ်မပေးချင်တော့ဘူး။ သွားချင်ရာသွား။ အိမ်ကို အချိန်မီပြန်ရောက်မှ ဖြစ်မယ် ဆိုတဲ့အသိနဲ့ ခရီးဆက်ရတယ်။ သို့သော်လည်း ခြေဗွေပါတော့ မရောက်ပဲတော့ မရှိပါဘူး။ ဆေးရုံကြီးရှေ့ ပေါ်တီကိုပေါ်ကနေ ထွန်းဝေကြီးက မိတ်ဆက်ပေးပြီး ခင်သီတာထွန်းဘေးမှာ ရပ်နေတဲ့ တို့မေကြီးကိုလည်း စတွေ့ဖူးသွားတယ်။ အနောက်ဘက်မုခ်မှာ ဟောနေတဲ့တရားပွဲကို ဦးဝိစာရအ၀ိုင်းတောင် မရောက်လိုက်တဲ့ လူအုပ်ကြီးထဲကနေ မကြားလိုက်ရပဲ နာခဲ့ရတယ်။ သတ္တိဆိုတာ လုပ်ရဲမှ သတ္တိ မဟုတ်။ ခံရဲတာလည်း သတ္တိတဲ့။ ရက်ကကြာလာလေလေ အိမ်ကလည်း မျက်စိအောက်က အပျောက်မခံလေဖြစ်လာတဲ့အချိန်မှာ စစ်အုပ်ချုပ်ရေး စကြေငြာပါတယ်။ သမဂ္ဂတွေဖွဲ့၊ ခေါင်းဆောင်တက်လုပ်နေတဲ့သူတွေ အကုန် ပျားတုပ်ကုန်ရော။ အဲသည်ညကတော့ သူငယ်ချင်းက ကိုယ့်ကို လာခေါ်ပါတယ်။ အတင်းအကျပ်တော့ မဟုတ်ပါဘူး။ သူတော့ သွားတော့မယ်။ မတားဖြစ်ပါဘူး။ ကိုယ်တိုင်တောင် မလိုက်နိုင်တဲ့အတွက် ရှက်မိတာကိုး။
          အဲသည်ညက သူ့ကို နောက်ဆုံးတွေ့လိုက်ရပြီး သည်ဘ၀မှာတော့ ပြန်တွေ့ရလိမ့်ဦးမယ် လို့ လုံးဝထင်မထားခဲ့ပါဘူး။ သေသည်ရှင်သည်လည်း သတင်းအစအန မရတော့ပါဘူး။ သတိရလွန်းလို့ မျက်ရည်ကျမိတဲ့အချိန်ကတော့ တင်သန်းဦးကြီး ပါပီမ ရိုက်ပြတဲ့အချိန်မှာပါ။ ရက်စက်လိုက်တာ။ သူရိုက်ပြနေတာတွေ တကယ့်အဖြစ်မှန်ဆိုရင်တောင် မပြသင့်ပါဘူး။ သည်မှာ မိသားစုတွေ ကျန်ခဲ့တာ ဘယ်လောက် စိတ်ဆင်းရဲရှာကြမလဲ။ ဒီလူကြီးဟာ ကျေနေတဲ့ နှလုံးသားတွေကို မညှာမတာ အမှုန့်ချေလိုက်တာပဲ လို့ ခံစားမိလို့ နောက်ဆို သူ့ကားတွေ မကြည့်တော့ပါဘူး။ လှလေးစိန်တောင် မကြည့်ဘူး။ နောင်ကို သူ့ဖေဖေ မေမေတွေနဲ့တွေ့ရင် စကားကြောမရှည်ပဲ မျက်နှာလွှဲဖို့ ကြိုးစားပါတယ်။ သူတို့အိမ်ဘက် ခြေဦး မလှည့်ဖြစ်ပါဘူး။ ကိုယ့်ကိုမြင်ရင် သူတို့ သတိရပြီး စိတ်ဆင်းရဲမှာ စိုးလို့ပါ။ ညီလေး ညီမလေးတွေ ကို တွေ့ရင်တော့ ဘာကြားသေးလဲ အမြဲ မေးဖြစ်ပါတယ်။ ၂၄ နှစ်ဆိုတဲ့အချိန်ဟာ ဘ၀ကို အများကြိး ပြောင်းလဲသွားစေပါတယ်။ သုံးပုံတစ်ပုံလောက်ရှိတာကိုး။ နောက်ဆုံးတစ်ကြိမ် သူ့ကို အရမ်းသတိရခဲ့တာကတော့ ဘူတန်ကပြန်လာကာနီး ဒီမှာမဲဆွယ်နေကြတဲ့အချိန်မှာပါ။ ကျောင်းသားသမဂ္ဂခေါင်းဆောင်ပါတို့၊ အရေးအခင်းတုန်းက ထိန်းသိမ်းခံရပါတယ်တို့ ကိုယ်ရေးရာဇ၀င်ထဲမှာ သေသေချာချာ ထည့်ရေးထားတဲ့ အမတ်လောင်းကြီးတွေကို မြင်တဲ့အခါတိုင်း ဘယ်ရောက်နေမှန်းမသိတဲ့ သည်ကောင့်ကို အင်္ကျီင်္ီင်္ီင်္ီကော်လာက လက်နှစ်ဘက်နဲ့ ဆောင့်ဆွဲပြီး “မင်းဘ၀နဲ့ရင်းခဲ့တာ ဒီလူတွေ အတွက်လား” လို့ အော်အော်ပြီး မေးလိုက်ချင်ပါတယ်။
          အခုတော့ ပြန်တွေ့ကြတဲ့အခါ သူပျော်နေသလို ကိုယ်လည်း ပျော်လွန်းလို့ စကားတောင် မပြောနိုင်ပါဘူး။ နှစ်နာရီလောက် စကားတွေဖောင်ပြီးတာတောင် “ဟင် ဘာမှလည်း ပြောခဲ့ရသေးဘူး။” လို့ အောင့်မေ့မိတယ်။ သူ့မိဘများဆို ဘယ်လိုနေလေမလဲ။ တခြားဟာတွေ ဘာတွေဘယ်လို မပြောင်းလဲသေးဘူး လို့ ပြောချင်တိုင်းပြော။ သည်တစ်ချက်ကတော့ တကယ်ပြောင်းတယ်။ အရင်လိုပုံသာဆို သူဘယ်လိုလုပ်ပြန်လာလို့ရမှာလဲဗျာ။ မိုးနတ်မင်းကြီးများကို ကျေးဇူးများလည်း တင်ပါရဲ့။ လေဆိပ်မှာ တိုင်ကြီးကိုလည်း ဖက်နမ်းခဲ့သေးသတဲ့။ မြေကြီးတောင် ကောက်နမ်းချင်သေးတာ။ သံမန်တလင်းနဲ့မို့ ဆိုပဲ။ အချိန်အကြာကြီး အိပ်ပျော်ရာက ပြန်နိုးလာတဲ့သူလိုပါပဲတဲ့။ အရွယ်တွေလည်း တော်တော်ရခဲ့ပြီ မဟုတ်လား။ သူက သူငယ်ချင်းတွေဆီက ထင်မြင်ချက်တောင်းတာကတော့ ရှေ့ဆက်ပြီး ဘာလုပ်သင့်သလဲပေါ့။ သူ့ဘ၀ သုံးပုံတစ်ပုံဟာ အတွင်းမှာ ကုန်လွန်ခဲ့တယ်။ နောက်တစ်ပုံက အပြင်မှာ ကုန်လွန်ခဲ့ပြီ။ နောက်ထပ်သုံးပုံတစ်ပုံကို ဘယ်မှာ ကုန်လွန်ချင်သလဲပဲ စဉ်းစားပါ လို့ ပြောခဲ့တယ်။ ကောင်းတာ မကောင်းတာ၊ အဆင်ပြေတာ မပြေတာနဲ့ မစဉ်းစားနဲ့။ ဒီတစ်ကြိမ်မှာတော့ ဆန္ဒနဲ့ပဲ စဉ်းစားမှ စိတ်ချမ်းသာလိမ့်မယ် ထင်ပါတယ်။ ကောင်းကောင်းဆိုးဆိုး လူဆိုတာ ကိုယ်လုပ်ချင်တာ လုပ်လိုက်ရမှ ကြေနပ်မှုရတာ မဟုတ်လား။ သူကတော့ တိုင်းပြည်အတွက် တစ်ခုခုတော့ လုပ်ပေးချင်သေးတာဆိုပဲ။ ဗီဇဆိုတာက ခက်သားပဲလေ။ မင်းက မင်းအရင်ကစိတ်တွေ မပျောက်သေးသလို တို့တိုင်းပြည်ကလူတွေကလည်း အရင်ကစိတ်ဓါတ်တွေကို ဖျောက်ပစ်ဖို့ဆိုတာ လွယ်မယ်ထင်လို့လား လို့ စိတ်ထဲကပဲ မေးလိုက်မိပါတယ်။ မင်းကဂီတာကော့ဒ်တွေ မမေ့သေးရင် ငါကလည်း ပြန်ဆိုချင်ပါသေးတယ်။

“ငယ်စဉ်က ကလေးတို့ဘ၀မှာ ပျော်ပါးဖို့ရာ လွယ်ပါတယ်။ ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ၊ စားချိန်မှာ ၀င်စားမယ်။ အိပ်ချိန်မှာ ၀င်အိပ်မယ်။ အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ်။ အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်။”
From Soe Min Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis