ပတ်ဝန်းကျင်ဟူသည် သက်ရှိတို့ မှီတင်းနေထိုင်ရာ လောကဖြစ်သည်။
လူသားတိုင်းသည် ပတ်ဝန်းကျင်နှင့် နှီးနွယ်ဆက်သွယ်နေသည်။
လူနှင့်ပတ်ဝန်းကျင်သည် ဒွန်တွဲယှဉ်တွဲနေသည်။ လူသည်
စိတ်ရွှင်လန်းချမ်းမြေ့မှုကို နှစ်သက်တောင့်တကြသည်။ ပတ်ဝန်းကျင်ကောင်းများသည်
လူတို့၏ စိတ်ရွှင်လန်းချမ်းမြေ့မှုကို ဖြည့်ဆည်းပေးနိုင်သည်။
ပတ်ဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူ့ပတ်ဝန်းကျင်ဟူ၍ နှစ်မျိုးရှိသည်။
သဘာဝပတ်ဝန်းကျင်သည် လူသားတို့၏ စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေသည်။
ကြည်နူးချမ်းမြေ့စေသည့် သဘာဝပတ်ဝန်းကျင်ကို လူသားတို့သည် ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ကြရမည် ဖြစ်သည်။ ထို့ကြောင့် ၀န်းကျင်အလှ ထိန်းသိမ်းကြဟူသော
ဆိုရိုးစကားသည် ပတ်ဝန်း ကျင် စိမ်းလန်းစိုပြည်ရေးနှင့်
သဘာဝပတ်ဝန်းကျင်အလှကို လူသားတိုင်း ထိန်းသိမ်းစောင့်ရှောက်ရန် အရေးပါပုံကို
ဖော်ကျူးမှုဖြစ်သည်။
ပတ်ဝန်းကျင်အလှတွင် သဘာဝ အလှတရားများဖြစ်သော ရေ၊ မြေ၊ ကောင်းကင်၊
သစ်ပင်၊ တောတောင်တို့၏ သာယာပုံအလှများသည် ပဓာနကျသည်။ မြန်မာနိုင်ငံ၏ ရေမြေ
သဘာဝပတ်ဝန်းကျင်သည် သစ်ပင်တောတောင်များ ထူထပ်၍ စိမ်းလန်းစိုပြည်နေသည်။
မြစ်ကြီးလေးသွယ် ဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊
သံလွင်နှင့်မြစ်ငယ် ချောင်းငယ်တို့ဖြင့် တသွင်သွင်စီးဆင်းနေသည်။
တောတောင်မြစ်ချောင်းများဖြင့် စိမ်းလန်းစိုပြည်လျက် မြေဆီသြဇာ
ကောင်းမွန်သောကြောင့် မြန်မာနိုင်ငံကို စိမ်းလန်းရွှေပြည်ဟူ၍
တင်စားခေါ်ဆိုခဲ့ကြသည်။
မြန်မာနိုင်ငံသည် သဘာဝက ဖန်တီးပေးထားသော အလှတရားများနှင့်
ပြည့်စုံနေသည်။ တော၊ တောင်ထူထပ်၍ စိမ်းညို့အုပ်ဆိုင်းနေသော သစ်တောများ
ဖုံးလွှမ်းနေခဲ့သည်။ အနောက်ရိုးမ(ရခိုင်ရိုးမ)၊ အလယ်ရိုးမ (ပဲခူးရိုးမ)၊
အရှေ့ရိုးမ (ရှမ်းရိုးမ)တောတန်းကြီးများသည် မြောက်ဘက်မှတောင်ဘက်သို့
တောင်တန်းကြီးသုံးသွယ်ဖြင့် အားပြိုင်နေသည်။ တစ်နှစ်ပတ်လုံး
ရေအယဉ်တသွင်သွင်ဖြင့် မြောက်မှ တောင်သို့ စီးဆင်းနေသော ဧရာဝတီ၊ ချင်းတွင်း၊
စစ်တောင်း၊ သံလွင်မြစ် ကြီးလေးသွယ်နှင့် မြစ်ငယ်၊ မြစ်လက်တက်များ၊
ချောင်းမြောင်းတို့ ဖြင့်လည်း သာယာတင့်တယ်လျက် ရှိခဲ့သည်။ အနောက်ဘက်နှင့်
တောင်ဘက်၏ နယ်နိမိတ် သတ်မှတ်ချက် တွင်လည်း ဘင်္ဂလားပင်လယ်အော်၊
မုတ္တမကွေ့တို့ဖြင့် သာယာကြည်နူးဖွယ်ဖြစ်သည်။ မြောက်ဘက်နှင့် အရှေ့ဘက်
နယ်နိမိတ် သတ်မှတ်ချက်များတွင်လည်း စိမ်းလန်းစိုပြည်၊
အုံ့မှိုင်းဝေစည်နေသော တောင်တန်းကြီးများ၊ သစ်တောကြီးများဖြင့်
တန်ဆာဆင်နေခဲ့သည်။ မြန်မာနိုင်ငံ၏ ပထ၀ီသွင်ပြင် အနေအထားအရ
အသွင်ပုံသဏ္ဌာန်သည် ကိန္နရီကသည့်နှယ် လှပတင့်တယ်နေလျက်ရှိသည်။ ထို့ကြောင့်
မြန်မာနိုင်ငံ၏ သဘ၀ပတ်ဝန်းကျင် သည် စိမ်းလန်းနေသည်။ ထိုသို့ စိမ်းလန်းနေသော
သဘာဝပတ်ဝန်းကျင်ကို ထာဝရစိုပြည်အောင် ဆောင်ရွက်ထိန်းသိမ်းရမည်မှာ
နိုင်ငံသားတို့၏ တာဝန်ကြီးပင်ဖြစ်သည်။
စိမ်းလန်းခြင်းနှင့် စိုပြည်ခြင်းဟူသည် ဆက်နွယ်နေသော်လည်း အနှစ်သာရသဘော
ခြားနားသည်။ စိမ်းလန်းခြင်းသည် သဘာဝအလှ၊ သဘာဝတရားဖြစ်သည်။ စိုပြည်ခြင်းသည်
လူသားတို့၏ ထိန်းသိမ်းပြုစု စောင့်ရှောက်ခြင်းသဘောဖြစ်သည်။
အကြောင်းနှင့်အကျိုး သဘောပင်ဖြစ် သည်။ ကျွန်ုပ်တို့၏
အမိမြန်မာနိုင်ငံတော်သည် ရေမြေသယံဇာတ ပြည့်စုံသော၊ စိမ်းလန်းသော သဘာဝရေခံ၊
မြေခံကောင်းတို့ကို ဆုလာဘ်သဖွယ် ရရှိခံစားရသော နိုင်ငံမျိုးဖြစ်သည်။
မြောက်ဘက်ဖျားတွင် ခါကာဘိုရာဇီ ရေခဲတောင်၏ သဘာဝအလှ၊ မေခ နှင့်မလိခ
မြစ်ဆုံဒေသ၏ သာယာပုံကို လည်းကောင်း၊ တောင်ဘက်ဖျားတွင် မောင်းမကန်၊
စက်စဲကမ်းခြေနှင့် တနင်္သာရီ မြိတ်ကျွန်းစု အလှအပများသည်လည်းကောင်း
အရှေ့ပိုင်းတွင် အင်းလေးကန်နှင့် ရှမ်းတောင်တန်းကြီးများ၏အလှ၊
တသွင်သွင်စီးကျနေသော ရေတံခွန်များ၏ သဘာဝများသည်လည်းကောင်း၊ အနောက်ဘက်တွင်
ငပလီကမ်းခြေနှင့် ရခိုင်ရိုးမ၏ အလှအပသဘာဝများသည်လည်းကောင်း
မြန်မာ့သဘာဝပတ်ဝန်းကျင်၏ အများနှင့်မတူ ထူးခြားစွာ ခံစားတွေ့ကြုံရသည့် သဘာဝ
အလှတရားများပင် ဖြစ်ကြသည်။
ထိုသို့ သဘာဝက ဆုလာဘ်ရတနာအဖြစ် ပေးအပ်ထားသော မြန်မာနိုင်ငံ၏
ရေမြေတောတောင်ဝန်းကျင်အလှများ၊ စိမ်းလန်းသာယာနေမှုများကို ပိုမို၍
သာယာလှပနေစေရန်၊ စိုပြည်နေစေရန် ထိန်းသိမ်းဆောင်ရွက် ရမည့်တာဝန်မှာ မျက်
မှောက်ကာလနိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏
စိမ်းလန်းစိုပြည်ရေး အားထုတ်ဆောင်ရွက်ခဲ့မှု ပြယုဂ်အဖြစ် ၁၉၆၀
ခုနှစ်ဝန်းကျင်တွင် ဆရာကြီးမင်းသုဝဏ်ရေးသားခဲ့သော တောင်တော်ရွှေ
ပုပ္ပားဆောင်းပါးတွင် မြန်မာ့အလှ ရတနာတစ်ပါးဖြစ်သော ပုပ္ပါးတောင်၏
တောင်ကတုံးဖြစ်နေခဲ့မှုကို စိမ်းလန်းစိုပြည်စေရေးအတွက် 'ပုပ္ပားမောင်
တောင်ကတုံးသျောင်ထုံး'ဟူသော ကြွေးကြော်သံနှင့်အတူ ကြိုးပမ်းခဲ့မှုကို
တွေ့ရသည်။
ပုပ္ပားမြို့သည် အနိမ့်ထဲကအမြင့်ဖြစ်သည်။ အခြောက်ထဲက အစိုဖြစ်သည်။ အ၀ါထဲက
အစိမ်းဖြစ်သည်။ အပူထဲက အအေးဖြစ်သည်။ ပုပ္ပားတောင်
ရေဝေရေလဲနယ်မြေပုံကိုကြည့်လျှင် ရေထွက်များ၊ ချောင်းများ၊ ဖုန်းဆိုးများ၊
တောင်ယာများ၊ တောစိုများ၊ တောခြောက်များ၊ ငှက်ပျောခြံများဟူ၍
အကွက်အကွက်ရောင်စုံခြယ်ကာ သတ်မှတ်ထားသည်ကို တွေ့ရပါမည်။ ထိုနယ်တစ်ဝိုက်တွင်
မကြာသေးမီကာလအတွင်းက သစ်ကြီး ၀ါးကြီးများပေါက်ရောက်တည်ရှိ သဖြင့်
နေပြောက်မထိုးအောင်ရှိသည် ဟုဆိုသည်။ သို့ပေမယ့် ကာလပျက်သောအခါ အတွင်းက
မင်းမဲ့စိုးမဲ့ သကဲ့သို့ဖြစ်ကာ သစ်ဝါးများကို စည်းမဲ့ကမ်းမဲ့
ခုတ်လှဲဖျက်ဆီးကြ၍ ယခုအခါ ပုပ္ပါးတောင်မှာ တောစိုက တောခြောက်ဖြစ်ကာ
ရေထွက်များသည် ရေအထွက်ဆဲခဲ့လေပြီ'ဟု မှတ်တမ်းတင်ခဲ့သည်။
သဘာဝက ဆုလာဘ်ရတနာအဖြစ် ပေးအပ်ထားသော မြန်မာနိုင်ငံ၏ ရေမြေတောတောင်
ဝန်းကျင်အလှများ၊ စိမ်းလန်းသာယာနေမှုများကို ပိုမို၍ သာယာလှပနေစေရန်၊
စိုပြည်နေစေရန် ထိန်းသိမ်းဆောင်ရွက်ရမည့် တာဝန်မှာ မျက်မှောက်ကာလ
နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည် . . .
|
သဘာဝပတ်ဝန်းကျင်သည် အလှအပကို ဖန်တီးပေးသည်သာမက လူသားတို့ကိုလည်း
အကျိုးပြုနေသည်။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုများသည် လူသားတို့၏
စိတ်နှလုံးကို ကြည်နူးရွှင်လန်းစေသည်။ လူသားတို့၏ စိတ်နှလုံးကြည်
နူးရွှင်လန်း တက်ကြွနိုးကြားမှုနှင့်အတူ သာယာစိုပြေသော လူလောကနှင့်
လူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့်
လူသားတို့ အချိုးညီညီ ပေါင်းစည်းနိုင်ရေး အတွက် သစ်တောများ
ပြုန်းတီးခြင်းမှ ကာကွယ်ရေး၊ ပတ်ဝန်းကျင် ရေမြေသဘာဝ သယံဇာတများ
ထိန်းသိမ်းစောင့်ရှောက်ရေး၊ သစ်ပင်သစ်တောများ ရှင်သန်စေရန်
ပြုစုပျိုးထောင်ရေး၊ မြေဆီသြဇာ ပျက်သုဉ်းမှု ကာကွယ်ရေး၊ ဆည်မြောင်းတာ
တမံရေလွှဲဆည် ရေကာတာများ လိုအပ်မှုနှင့်အညီ တည်ဆောက်ရေး အရိပ်ရအပင်များ
ပန်းအလှပင်များ စိုက်ပျိုးရေးစသည်တို့ကို စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်သည်။
'သဘာဝပတ်ဝန်းကျင် သာယာခြင်း၊ စိမ်းလန်းစိုပြည်ခြင်းသည်
စိမ်းလန်းမှစိုပြည်၊ စိုပြည်မှ စိတ်ရွှင်လန်း၊ စိတ်ရွှင်လန်းမှ လူကျန်းမာ၊
လူကျန်းမာမှ စိတ်ချမ်းသာ'ဟူသော အကျိုးတရားများကို ဆင့်ကဲဆင့်ကဲ
ရရှိခံစားစေနိုင်မည်ဖြစ်သည်။ ပတ်ဝန်းကျင် သဘာဝအလှကို ထိန်းသိမ်းစောင့်
ရှောက်ခြင်းသည် အကျိုးတရား ဖြစ်ထွန်းမှုနှင့်အတူ၊ ပတ်ဝန်းကျင် သဘာဝအလှကို
ဖျက်ဆီးခြင်းသည် ပျက်စီးအောင်ပြုလုပ်ခြင်းသည် အကျိုးမဲ့မှုနှင့်
အနိဋ္ဌာရုံများကို ပေါ်ပေါက်စေနိုင်သည်။ လူသားတို့သည် ထင်းနှင့်လောင်စာအတွက်
လည်းကောင်း၊ လူ့ အသုံးအဆောင် ပရိဘောဂပစ္စည်း များအတွက်လည်းကောင်း
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် လည်းကောင်း သစ်တော၊ သစ်ပင်၊ မြစ်ချောင်း
ရေတံခွန် စသည်တို့ကို စည်းမဲ့ကမ်းမဲ့ တရားလွန်လုပ်ကိုင်
ဆောင်ရွက်နေမှုများကြောင့် တောပြုန်းကာ တောင်ကတုံးများ လွင်တီး
ခေါင်းပြင်များ ဖြစ်သွားခြင်း၊ မြစ်ကြောင်းတစ်လျှောက် အနိဋ္ဌာရုံများဖြစ်ပေါ်
ကြုံတွေ့ရခြင်း၊ ပူပြင်းခြောက်သွေ့သော ရာသီဥတုဆိုးများ
ကြုံတွေ့ရခြင်းများကို ကြုံတွေ့ခံစားရစေသည်။ ရာသီဥတု
ဖောက်ပြန်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည်။
ယနေ့ကမ္ဘာတွင် နေရာဒေသ အတော်များများ၌ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေကြသော
စည်းမဲ့ကမ်းမဲ့ ပြုမှုနေကြသော လူသားတို့၏ လုပ်ရပ်များကြောင့် အေးမြသာယာသော
ကမ္ဘာမြေကြီးသည် ပူပြင်း ခြောက်သွေ့လောင်ကျွမ်းသော ကမ္ဘာ ကြီးအသွင်သို့
တစ်စတစ်စ ကူးပြောင်း ရောက်ရှိနေသည်။ ကမ္ဘာ့မြေပြင်တွင်သာမက ရေပြင်တွင်လည်း
ရေထုညစ်ညမ်းခြင်း၊ လေထုအတွင်း၌လည်း လေထုညစ်ညမ်းခြင်းများ၊ အိုဇုန်းလွှာ
ပေါက်ကွဲခြင်းများ၊ ကမ္ဘာ့ဝန်းကျင် ညစ်ညမ်းခြင်းဟူသော ဆိုကျိုးများကို
ကြုံတွေ့ခံစားနေကြရသည်။
သိပ္ပံပညာ၊ ခေတ်မီနည်းပညာ၊ နည်းစနစ်များ တိုးတက်မှုထွန်းကားလာသည်နှင့်အမျှ
သိပ္ပံပညာတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်အလှနှင့်
စိမ်းလန်းစိုပြည်မှုတို့သည် တဖြည်းဖြည်း ယုတ်လျော့လာခဲ့ရသည်။ တစ်ဖက်တွင်
သိပ္ပံ ပညာတိုးတက်မှု၏ အပေါင်းလက္ခဏာ ဖြစ်နေသော်လည်း ကျန်တစ်ဖက်တွင်မူ
တိုးတက်သောသိပ္ပံပညာကြောင့် ဆုတ်ယုတ်သွားသော၊ ဆုတ်ယုတ်နေသော
သဘာဝပတ်ဝန်းကျင်အလှနှင့် လူသားတို့၏ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှု
လျော့ကျစေသော အနုတ်လက္ခဏာဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့လူသားတိုင်းသည်
ပတ်ဝန်းကျင်အလှကို အသိစိတ်ဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်။
ယင်းသို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြင့် ရေမြေတော တောင်
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို
ဖန်တီးပြုစုပျိုးထောင်ခြင်းဖြစ်သည်။
ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်အောင် ဖန်တီးပြုစုပျိုးထောင်ခြင်း
ဝန်းကျင်အလှ ထိန်းသိမ်းခြင်းသည် လူသားတို့၏ ဘ၀နှင့်အနာဂတ် ကျန်းမာပျော်ရွှင်
သာယာချမ်းမြေ့စေရန် ဆောင်ရွက်ခြင်းပင် ဖြစ်ပေသည်။ ကမ္ဘာကြီးကို
လူသားအားလုံးတို့သည် သဘာဝပတ်ဝန်းကျင်၏ အလှ အပနှင့် သဘာဝတရားကို
ပင်ကိုယ်အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ်ခြင်းဖြင့်
စိမ်းလန်းစိုပြည်သာယာသော လူ့ဘောင်ကမ္ဘာကို ထူထောင်နိုင်မည်ဖြစ်သည်။
EMG |
No comments:
Post a Comment