menu

Monday 30 July 2012

UN ဝန်ထမ်းအချို့ကို ထိန်းသိမ်းထားဟု အစိုးရ တရားဝင် ပြောကြား

ရန်ကုန်၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါအဝင် INGO အဖွဲ့အစည်းများမှ ဝန်ထမ်း ခုနစ်ဦးကို ထိန်းသိမ်းထားကြောင်း နယ်စပ်ရေးရာနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။


“နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာလို့ ထိန်းသိမ်းထားတာပါ“ ဟု ဇူလိုင်လ ၃၀ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ထိန်းသိမ်းခံထားရသူများ စာရင်းတွင် UNHCR မှ ဝန်ထမ်း ငါးဦး၊ WFP မှ ဝန်ထမ်း တစ်ဦးနှင့် AZG မှ ဝန်ထမ်း တစ်ဦး ပါဝင်ကြောင်း၊ ယင်းတို့အနက် AZG ဝန်ထမ်း တစ်ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဦးသိန်းဌေးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကြောင့် လူ ၇၇ ဦး သေဆုံးခဲ့ပြီး ဒုက္ခသည် ဦးရေ စုစုပေါင်း ၆၁၂၄၂၁ ဦးအထိ ရှိကြောင်း အစိုးရက တရားဝင် စာရင်းထုတ်ပြန်သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့က ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား အပါအဝင် သံရုံး အသီးသီးမှ သံအမတ်များ တက်ရောက်ခဲ့သည်။
The  Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis